Monday, December 25, 2023

ကမ္ဘာတစ်ဝန်း မေတ္တာလွှမ်းခြုံ၍ငြိမ်းချမ်း

 


ယနေ့သည် ကမ္ဘာတစ်ဝန်း ငြိမ်းချမ်းသာယာဝပြောစေကြောင်းနှင့် ပျော်ရွှင်ချမ်းမြေ့မှုအပေါင်းပြည့်စုံသည့် မေတ္တာဓာတ်များ လွှမ်းခြုံနေကြောင်းတောင်းဆုခြွေကြသည့် ခရစ္စမတ်ပွဲတော်အခါသမယဖြစ်သည်။ ခရစ်ယာန်ဘာသာဝင်များအနေဖြင့် ယေရှုခရစ်တော်ဖွားမြင်သည့်နေ့ကို အထိမ်းအမှတ်ပြု၍ နှစ်စဉ် ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် ကမ္ဘာတစ်ဝန်း၌ ခရစ္စမတ်ပွဲတော်များကို ပျော်ရွှင်ချမ်းမြေ့စွာ ကျင်းပ ကြသည်။

ခရစ္စမတ်ပွဲတော်ဓလေ့ထုံးစံများသည် ဘာသာရေးပွဲတော်သက်သက်မှ တဖြည်းဖြည်းပြောင်းလဲလာကာ မိရိုးဖလာအယူအဆ၊ အမျိုးသားရေးစသော လောကီဓလေ့များပါဝင်သည့် ပွဲတော်ဖြစ်လာသည်။ နိုင်ငံအသီးသီး၌ ခရစ္စမတ်ပွဲတော်များကျင်းပရာတွင် မိမိနိုင်ငံ၊ မိမိလူမျိုးဆိုင်ရာ ဓလေ့ထုံးစံများနှင့်အညီ ကျင်းပကြသည်။ ပွဲတော်နေ့တွင် ကျား၊ မကြီးငယ်မရွေး ပျော်ပွဲရွှင်ပွဲများ၊ စားသောက်ပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပကြသည်။ မီးရောင်စုံထွန်း၍ ခရစ္စမတ်သီချင်းများဆိုကြသည်။ မိတ်ဆွေအချင်းချင်း လက်ဆောင်ပစ္စည်းများ ဖလှယ်ကြသည်။

ခရစ္စမတ်ပွဲတော်သည် အေးမြသည့်ဆောင်းကာလတွင် ပျော်ရွှင်ချမ်းမြေ့မှုအပေါင်းကို ဆောင်ကြဉ်းပေးသဖြင့် ကမ္ဘာတစ်ဝန်းမေတ္တာအအေးဓာတ်များလွှမ်းခြုံပြီး ငြိမ်းချမ်းသာယာဝပြောသည့် ကမ္ဘာကြီးသဖွယ်ဖြစ်နေသည်။ မေတ္တာဓာတ်များ လွှမ်းခြုံနိုင်သဖြင့် ငြိမ်းချမ်းသာယာပျော်ရွှင်မှုအပေါင်းကို ကမ္ဘာ့ပြည်သူများရရှိကြသဖြင့် မေတ္တာဓာတ်၏ဆန့်ကျင်ဘက် ရန်လိုမုန်းဖက်အပြုအမူများကို ရှောင်ရှားကြရမည်ဖြစ်သည်။ ဘာသာအသီးသီးတို့၏ အဆုံးအမတိုင်းတွင် မေတ္တာတရားကို အလေးအနက်ဖော်ကျူးထားသဖြင့် ဆိုင်ရာဆိုင်ရာဘာသာတရားအဆုံးအမအတိုင်း တစ်ဦးနှင့်တစ်ဦး မေတ္တာထားကာ ပျော်ရွှင်ချမ်းမြေ့စွာ နေထိုင်နိုင်အောင် ပြုလုပ်ကြရမည်ဖြစ်သည်။

မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓသာသနာကို အဓိကအလေးထားယုံကြည် ကိုးကွယ် ဆည်းကပ်သည့်နိုင်ငံဖြစ်သော်လည်း ဘာသာရေးနှင့်ပတ်သက်လျှင် လွတ်လပ်စွာကိုးကွယ်ဆည်းကပ်ခွင့်ရှိသည်။ ဘာသာရေးလွတ်လပ်သောနိုင်ငံ ဖြစ်သည်။ သမိုင်းစဉ်တစ်လျှောက် ခေတ်အဆက်ဆက်တွင် ကိုးကွယ်ယုံကြည်မှုဆိုင်ရာ ဘာသာတရားနှင့်ပတ်သက်၍ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်များကို အုပ်ချုပ်သူမင်းအစိုးရများက ခွင့်ပြုပေးထားရာ မြန်မာနိုင်ငံ၏ လွတ်လပ်သောစိတ်ထားနှင့် လူသားအချင်းချင်းအလေးထားမှုကို တွေ့မြင်နိုင်သည်။

မျက်မှောက်ကာလ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂၀၀၈ ခုနှစ်) အခန်း (၈)၊ ပုဒ်မ(၃၅၄)(ဃ)အရ တိုင်းရင်းသားလူမျိုးတစ်မျိုးနှင့်တစ်မျိုး သို့မဟုတ် တိုင်းရင်းသားအချင်းချင်းကိုလည်းကောင်း၊ အခြားသောဘာသာသာသနာကိုလည်းကောင်း ထိခိုက်နစ်နာမှုမရှိစေဘဲ မိမိချစ်ခင်မြတ်နိုးသည့် စကား၊ စာပေ၊ ယဉ်ကျေးမှု၊ ကိုးကွယ်သည့် ဘာသာသာသနာနှင့် ဓလေ့ထုံးတမ်း များကို လွတ်လပ်စွာဆောင်ရွက်ပိုင်ခွင့်၊ ပုဒ်မ (၃၆၂) အရ နိုင်ငံတော်သည် ခရစ်ယာန်ဘာသာသာသနာ၊ အစ္စလာမ်ဘာသာသာသနာ၊ ဟိန္ဒူဘာသာသာသနာနှင့် နတ်ကိုးကွယ်သည့်ဘာသာတို့ကို ကိုးကွယ်ယုံကြည်ဆည်းကပ်ခွင့် ရှိသည်။

ဤဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာတည်သောနေ့၌ နိုင်ငံတော်တွင်ရှိနေကြသည့် ကိုးကွယ်ရာဘာသာများဟူ၍ အသိအမှတ်ပြုကြောင်း ဖော်ပြထားချက်များသည် ဘာသာဝင်တစ်ဦးချင်းအနေဖြင့်လည်းကောင်း၊ ဘာသာဝင်အားလုံးအနေဖြင့် လည်းကောင်း မိမိတို့၏ယုံကြည်ချက်ခံယူချက်ကို သတ်မှတ်ထားသည့် စည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေဘောင်အတွင်းမှ ဆောင်ရွက်နိုင်မှုအခွင့်အရေးကို ပွင့်လင်းမြင်သာစွာ အသိအမှတ်ပြုဖော်ပြထားပြီးဖြစ်သည်။ ယခုခရစ်ယာန်ဘာသာဝင်များ၏ဓလေ့ ထုံးစံအစဉ်အလာကာလတွင် သာသနာပြုပုဂ္ဂိုလ်များကလည်း ဘုရားသခင်မှ လူသားတစ်ဦးချင်းစီကို မေတ္တာကရုဏာများပေးနိုင်အောင်၊ ကမ္ဘာကြီး ငြိမ်းချမ်းခြင်းဖြစ်စေအောင် သာမန်လူသားများထက်ပို၍ ကိုးကွယ်ယုံကြည်ရာ ဘာသာဝင် များကိုယ်စား ဆုတောင်းမေတ္တာများ ပို့သပေးနိုင်လိမ့်မည်ဟုယုံကြည်သည်။

ဘာသာတရားတိုင်းတွင် မေတ္တာ၊ ကရုဏာအခြေခံသဘောတရားများ မပါ မဖြစ်ပါရှိကြသဖြင့် မေတ္တာသည် အရာရာတိုင်းကို ကျော်လွှားနိုင်သော၊ ထိုးဖောက်နိုင်သော အင်အားကြီးမားသောစွမ်းအားတစ်ခုဖြစ်သည်။ အလားတူပင် ငြိမ်းချမ်းခြင်းကို မေတ္တာဖြင့်သာ အနိုင်ယူနိုင်သည်။ မေတ္တာတရားခေါင်းပါးနေသော ယနေ့ကာလတွင် လူသားအချင်းချင်း မေတ္တာထားရှိကြရေး၊ ကရုဏာထားရှိကြရေးအတွက် အားလုံးက ကိုယ်တိုင်လိုက်နာကျင့်သုံးကြသလို အခြားဘာသာဝင်နှင့်ဘာသာဝင် မဟုတ်သူများကိုလည်း လိုက်နာကျင့်သုံးကြရေး စည်းရုံးကြရမည်ဖြစ်သည်။ မေတ္တာခြုံမှလုံ၊ မေတ္တာလွှမ်းမှ ငြိမ်းချမ်းဆိုသကဲ့သို့ လူသားတစ်ဦးချင်းမှ လူ့အသိုင်းအဝိုင်းတစ်ခုလုံး၊ နိုင်ငံတော်တစ်ခုလုံး၊ ကမ္ဘာကြီးတစ်ခုလုံး ငြိမ်းချမ်းသာယာဝပြော စေကြောင်း မေတ္တာပို့သကြရမည်ဖြစ်သည်။

သို့ဖြစ်ရာ မြန်မာပြည်သူပြည်သားအားလုံး စစ်မှန်သည့် ငြိမ်းချမ်းရေးရရှိပြီး နှလုံးစိတ်ဝမ်းအေးချမ်းပျော်ရွှင်ကြပါစေကြောင်း၊ ဘာသာ၊ သာသနာ၊ စီးပွားရေး၊ လူမှုရေးမှအစ အစစအရာရာတွင် အဆင်ပြေချောမွေ့ကြပါစေကြောင်း၊ ငြိမ်းချမ်းသာယာဝပြောပြီး ဝမ်းမြောက်ပျော်ရွှင်နိုင်ကြပါစေကြောင်း ခရစ္စမတ်နေ့တွင် ဆုတောင်းမေတ္တာပို့သအပ်ပါကြောင်း။

No comments:

Post a Comment