မြန်မာနိုင်ငံသည် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြဋ္ဌာန်းချက်နှင့်အညီ လူ့အခွင့်အရေးကို လေးစားလိုက်နာသောနိုင်ငံဖြစ်သည်။ အထူးသဖြင့် ကလေးသူငယ်အခွင့်အရေးများကို ဥပဒေပါပြဋ္ဌာန်းချက်များအတိုင်း လိုက်နာကာကွယ်စောင့်ရှောက်ပေးလျက်ရှိသည်။ တပ်မတော်တွင် စည်းကမ်းဥပဒေများကို တိကျစွာ ပြဋ္ဌာန်းထားသည့်အတိုင်း လိုက်နာပြီး ပြည်သူများအား ကာကွယ်စောင့်ရှောက်ပေးလျက်ရှိသည်။
အရွယ်မရောက်သေးသူကလေးသူငယ်များနှင့်ပတ်သက်၍
မြန်မာနိုင်ငံတစ်ဝန်းတွင် အရွယ်မရောက် သေးသူ ကလေးသူငယ်များ စစ်မှုထမ်းခြင်းမှ
ကာကွယ်တားဆီးရေးဆိုင်ရာများကို အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန်
ရည်ရွယ်၍ မြို့နယ်အသီးသီးရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်များရှေ့နှင့်
လူစည်ကားသည့်နေရာများတွင် မြေစိုက်နံရံဘုတ်များဖြင့် အရွယ်မရောက်သေးသူ
ကလေးသူငယ်များ စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးခြင်းဆိုင်ရာ အသိပညာပေးထားသည်ကို
တွေ့မြင်နိုင်သည်။
အသိပညာပေးစာစောင်တွင် အသက် (၁၈) နှစ် မပြည့်သေးသော ကလေးသူငယ်များအား စစ်ထွက်တိုက်ခိုင်းမလား၊ ကျောင်းတက်ခိုင်းမလား
ဘာကို ရွေးချယ်ပေးမှာလဲ စာသားအပါအဝင် ဓာတ်ပုံများ၊ အသက် (၁၈) နှစ်မပြည့်သော
ကလေးသူငယ်များကို တပ်မတော်မှ လက်မခံပါ ဓာတ်ပုံမှတ်တမ်းများ၊ ကမ္ဘာပေါ်မှ မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းမျှ ကလေးစစ်သားအသုံးမပြုရ၊ ကလေးစစ်သားအသုံးပြုခြင်းကို
တားမြစ်သည့်
နိုင်ငံတကာသဘောတူညီချက်များနှင့် အသက် (၁၈) နှစ်အောက်
ကလေးသူငယ်များကို စစ်မှုထမ်းအဖြစ်မှ နုတ်ထွက်ခွင့်ပြုပြီး ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ
ပြန်လည်ထူထောင်ရေးနှင့် လူမှုဘဝပြန်လည်ပေါင်းစည်းရေးလုပ်ငန်းများ လုပ်ဆောင်ပေးရေးအကြံပြုချက်များကို
အသိပေးထားသည်။
မြန်မာနိုင်ငံတွင် ၂၀၀၆ ခုနှစ်၌
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အစီရင်ခံစာတွင် တပ်မတော် (ကြည်း)အား ကလေးသူငယ်စစ်သားစုဆောင်ခြင်းနှင့်
ပတ်သက်၍ ပထမဦးစားပေးစာရင်း၌ ပါဝင်လာခဲ့သဖြင့် အဆိုပါစာရင်းမှ ပယ်ဖျက်ပေးနိုင်ရန်အတွက်
နိုင်ငံတော်အစိုးရနှင့် ကုလသမဂ္ဂ မြန်မာနိုင်ငံ စစ်သားစုဆောင်းခြင်းဆိုင်ရာ
စောင့်ကြည့်လေ့လာရေးနှင့် အစီရင်ခံစာတင်ပြရေး လုပ်ငန်းအဖွဲ့ (CTFMR) တို့အကြား
အရွယ်မရောက်သေးသူကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးဆိုင်ရာလုပ်ငန်းစီမံချက်ကို
၂၀၁၂ ခုနှစ် ဇွန်လ ၂၇ ရက်နေ့တွင်
လက်မှတ်ရေးထိုးပြီး ပူးပေါင်းဆောင်ရွက်ခဲ့သည်။
အဆိုပါစီမံချက်အရ CTFMR အဖွဲ့နှင့်ပူးပေါင်းပြီး ၂၀၁၂ ခုနှစ်မှ ယနေ့အချိန်အထိ
မှားယွင်းစုဆောင်းမိခဲ့သည့် အသက်မပြည့်စစ်သည် ၁၀၅၇ ဦးကို တပ်မတော်မှ
နုတ်ထွက်ခွင့်ပြုကာ မိဘအုပ်ထိန်းသူများထံသို့ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်သည်။
အရွယ်မရောက်သေးသူ ကလေးသူငယ်များနှင့် ဆန္ဒမပါသူများကို မှားယွင်းစုဆောင်းမိခဲ့သော တာဝန်ရှိသည့်အရာရှိနှင့်
စစ်သည်များကိုလည်း အရေးယူဆောင်ရွက်ခဲ့ပြီးဖြစ်သည်။ ကာယကံရှင်၏ ဆန္ဒအရလည်းကောင်း၊ တာဝန်ရှိသူများ၏ မှားယွင်းဆောင်ရွက်မှုများကြောင့်လည်းကောင်း
အရွယ်မရောက်သေးသည့် စစ်သည်များရှိခဲ့သဖြင့် ၂၀၀၄ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့တွင်
အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးကော်မတီကို
ဖွဲ့စည်းဆောင်ရွက်ခဲ့သည်။
ကော်မတီစတင်ဖွဲ့စည်းချိန်မှစ၍ ကော်မတီအစည်းအဝေး
ခြောက်လတစ်ကြိမ် ပုံမှန်ပြုလုပ်ဆောင်ရွက်လျက်ရှိသည်။ ကော်မတီသည် အဓိကတာဝန်အဖြစ်
တပ်မတော်အတွင်း အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်သည်အဖြစ် စုဆောင်းခြင်းနှင့်
အသုံးပြုမှုမရှိစေရေးနှင့် တပ်မတော်သို့ တာဝန်ထမ်းဆောင်ရန် ဝင်ရောက်လာသော
သံသယဖြစ်ဖွယ်လူငယ်များကို လက်ခံမှုမရှိစေရေးအပြင် အသက်မပြည့်ကြောင်း
စိစစ်တွေ့ရှိသည့် စစ်သည်များကို မိဘအုပ်ထိန်းသူများထံသို့
ပြန်လည်လွှဲပြောင်းပေးရေး ဆောင်ရွက်လျက်ရှိသည်။ ယခုအခါ တပ်မတော်သို့
တာဝန်ထမ်းဆောင်ရန် ဝင်ရောက်လာသော လူငယ်များအား အရိုးဓာတ်မှန်ရိုက်၍ စိစစ်ခဲ့ရာ
အသက်မပြည့်သည့် သံသယရှိသူလူငယ်များအား လက်ခံခြင်းမပြုဘဲ
သက်ဆိုင်ရာနေရပ်အသီးသီးသို့ ပြန်လည်စေလွှတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။
ထို့အပြင် CTFMR က ပေးပို့လာသည့် သံသယဖြစ်ဖွယ်စစ်သည်များကိုလည်း
ဆက်လက်စိစစ်ဆောင်ရွက်လျက်ရှိပြီး မှန်ကန်ပါက နုတ်ထွက်ခွင့်ပြုနိုင်ရေး
ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် တပ်မတော်အနေဖြင့်
တပ်သားသစ်စုဆောင်းရေးကဏ္ဍတွင် အရွယ်မရောက်သေးသူ ကလေးသူငယ်များအား
စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးကော်မတီနှင့် CTFMR တို့
သဘောတူသတ်မှတ်ပြဋ္ဌာန်းချက်များနှင့်အညီ ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများအတိုင်း
စုဆောင်းလျက်ရှိသည်။ တပ်မတော်သို့ ဝင်ရောက်တာဝန်ထမ်းဆောင်လိုသူများအနေဖြင့်
အသက်မပြည့်သည့်ကိစ္စနှင့်ပတ်သက်ပြီး အမှားအယွင်းမဖြစ်စေရန်
အသိပညာပေးလုပ်ငန်းများကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ရာ တပ်မတော်အတွင်း အသက် (၁၈) နှစ်မပြည့်သည့်
စစ်သည်များ မရှိစေရေးအတွက် အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ
ကာကွယ်တားဆီးထိန်းသိမ်းရေးကော်မတီနှင့် ကုလသမဂ္ဂ CTFMR တို့ သဘောတူထားသည့်အတိုင်း စနစ်တကျ
ဆောင်ရွက်လျက်ရှိပါကြောင်း။ ။

No comments:
Post a Comment