၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ နံနက် ၄ နာရီ မိနစ် ၂၀ အချိန်တွင် မြန်မာနိုင်ငံသည် လွတ်လပ်သော အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံအဖြစ် ပြန်လည်မွေးဖွားလာခဲ့သည်။ သူတစ်ပါးကျွန်ဘဝမှ ပြန်လည်လွတ်မြောက်လာခဲ့ရသည့်အတွေ့အကြုံကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရ သည့် ထိုခေတ်မြန်မာပြည်သူလူထုတစ်ရပ်လုံးက လွတ်လပ်သောနိုင်ငံအဖြစ် ကမ္ဘာ့နိုင်ငံများနှင့် ရင်ပေါင်တန်းရပ်တည်ကာ ဖွံ့ဖြိုးတိုးတက်လာမည့် ပြည်ထောင်စုနိုင်ငံတော်ကြီးအဖြစ်ကို စိတ်အားထက်သန်စွာ မျှော်လင့်ခဲ့ကြကြောင်း ထိုခေတ်ကို သိမီခဲ့သူတို့ ရေးသားခဲ့ကြသည့် စာပေမှတ်တမ်းများတွင် တွေ့ရသည်။
သို့ရာတွင် နယ်ချဲ့တို့က မြန်မာ့မြေပေါ်တွင်
အချိန်ယူ၍ စိုက်ပျိုးခဲ့သည့် သွေးခွဲသပ်လျှိုမှု မျိုးစေ့တို့မှာ ကောင်းစွာရှင်သန်
ခဲ့သည့်အလျောက် မိမိတို့နိုင်ငံမှာ လွတ်လပ်ပင် လွတ်လပ်ခဲ့သော်ငြား ပြည်သူလူထု မျှော်လင့်မျှော်မှန်းခဲ့ကြသည့်
နိုင်ငံမျိုးဖြစ်မလာ။ လွတ်လပ်ပြီးနောက် ၇၆ နှစ်တာ ကာလသည် အကယ်၍သာ
စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်၊ တက်တက်ကြွကြွ အားသွန်ခွန်စိုက် ကြိုးပမ်းလုပ်ကိုင်ခဲ့ကြမည်ဆိုပါက
ခေတ်မီဖွံ့ဖြိုးတိုးတက်သော ပြည်ထောင်စုနိုင်ငံတော်ကြီးအဖြစ် ရပ်တည်လာနိုင်စေရန်
လုံလောက်သော အချိန်ကာလတစ်ရပ်ပင်ဖြစ်သော်လည်း သံသယစိတ်တို့ ကြီးထွားကာ တစ်ခုပြီးတစ်ခု
ပေါ်ပေါက်လာသည့် လက်နက်ကိုင်ပဋိပက္ခများနှင့်အတူ ဖွံ့ဖြိုး တိုးတက်မှုတို့လည်း
နောက်အကျကြီးကျခဲ့ရသည်။
မျက်မှောက်ကာလတွင်မူ တစ်ခေတ်တစ်ခါက
တစ်ကမ္ဘာလုံးကို ခွဲဝေနယ်ချဲ့ကာ ကိုလိုနီအင်ပါယာများ တည်ထောင်၍ ကျွန်ပြုအမြတ်ထုတ်ခဲ့ကြသည့်နိုင်ငံတို့က
ဒီမိုကရေစီ၊ လူ့အခွင့်အရေးစသည့်အကြောင်းပြချက်များကို စွဲကိုင်ကာ ဖွံ့ဖြိုးဆဲနိုင်ငံများ၊
အင်အားနည်းသည့် နိုင်ငံငယ်များကို ကြိုးကိုင်ခြယ်လှယ်နိုင်ရန်၊
ဩဇာလွှမ်းမိုးချုပ်ကိုင်နိုင်ရန် ကြိုးပမ်းနေကြသည်ကို တွေ့ရမည်ဖြစ်သည်။
နိုင်ငံတကာရေးရာကိစ္စရပ်များတွင် အုပ်စုများဖွဲ့၍ လိုလျှင်လိုသလို၊ မလိုလျှင်မလိုသလို
ဖိအားပေး၊ အကျပ်ကိုင်၊ ခြိမ်းခြောက်၊ ပြည်တွင်းရေး ဝင်ရောက်စွက်ဖက် နှောင့်ယှက်စသည်ဖြင့်
ဗိုလ်ကျစိုးမိုးရေးဝါဒ ကျင့်သုံးနေကြသည်ကိုလည်း တွေ့ရှိနိုင်သည်။
မိမိတို့နိုင်ငံသည် ပထဝီနိုင်ငံရေးအရ
အချက်အချာကျသောနေရာတွင် တည်ရှိနေပြီး ကမ္ဘာ့အင်အားကြီးများ အားပြိုင်ရာ မဟာဗျူဟာရပ်ဝန်း၌ရှိနေခြင်း၊
ကိုလိုနီဘဝ ကျရောက်ခဲ့ဖူးပြီး တိုင်းရင်းသားလူမျိုးအများအပြား စုစည်းနေထိုင်ခြင်းစသည့်
ပကတိအရှိတရားတို့အရ ဒို့တာဝန်အရေးသုံးပါးဟု အများသိကြသော ပြည်ထောင်စုမပြိုကွဲရေး၊
တိုင်းရင်းသားစည်းလုံး ညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို
အမျိုးသားအကျိုးစီးပွား (National
Interest) အဖြစ် ထာဝရဦးထိပ်ထား ရည်မှန်းဖော်ဆောင်နေကြရမည်ဖြစ်သည်။
အထူး သဖြင့် လာမည့်ဆယ်စုနှစ်အနည်းငယ်မျှအတွင်း နိုင်ငံတော်ကို ဆက်လက်တာဝန်ယူ
ထမ်းဆောင်သွားကြရတော့မည့် ယနေ့လူငယ်မျိုးဆက်များကို မိမိနိုင်ငံ၏ အတိတ်သမိုင်းကို
လည်း ကောင်း၊ အမျိုးသားအကျိုးစီးပွားကိုလည်းကောင်း မှန်ကန်စွာ နားလည်သိမြင်စေရန်၊
ပခုံးပြောင်းတာဝန်များကို ကောင်းမွန်ကျေပွန်စွာ ထမ်းဆောင်နိုင်စေရန် လေ့ကျင့်ပျိုးထောင်မှုများ
ပြုလုပ်ပေးရမည်ဖြစ်သည်။ အနာဂတ်၏အင်အား လူငယ်မျိုးဆက်သစ်များကြားတွင်
ချစ်ခင်ရင်းနှီးမှု၊ စည်းလုံးညီညွတ်မှုစိတ်ဓာတ်များ ရှင်သန်ထွန်းကား၍ ပြည်ထောင်စုချစ်စိတ်၊
မျိုးချစ်စိတ်တို့ မြင့်မားစေရန်လည်း မဖြစ်မနေ သင်ကြားပေးသွားရမည်ဖြစ်သည်။
(၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် လူငယ်နှင့်
စာပေအနုပညာပွဲတော်သည် လွတ်လပ်ရေး၏တန်ဖိုးနှင့် လွတ်လပ်ရေးရရှိအောင် အသက်၊ သွေး၊
ချွေးတို့ ပေးဆပ်ကြိုးပမ်း ခဲ့ရသည့် ဘိုးဘွားတို့၏ ကြီးမားသည့်ဂုဏ်ရည်တို့အား
လူငယ်မျိုးဆက်သစ်တို့ အလေးအနက်ဂရုပြုစေကာ မိမိတို့ခေတ်တွင် ဆက်လက်ဆောင်ရွက်ကြရမည့်
နိုင်ငံတစ်ဝန်း ငြိမ်းချမ်းရေး၊ သာယာဝပြောရေး၊ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးနှင့်
အရေး (၃) ပါးတာဝန်များတို့ကို ကျေပွန်စွာထမ်းရွက်နိုင်ရန် တွန်းအားများ
ဖြစ်ပေါ်စေမည်ဟု ယုံကြည်ပါကြောင်း။ ။

No comments:
Post a Comment