Sunday, December 31, 2023

မဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားတိုင်းနိုင်ငံသားကတ်ပြား ကိုင်ဆောင်မဲပေးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်


 

နေပြည်တော် ဒီဇင်ဘာ ၃၀

လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပနိုင်ရေး ဆောင်ရွက်ရာတွင် အဓိကကျသည့် မဲစာရင်းမှန်ကန်ရေးနှင့် မဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားတိုင်း နိုင်ငံသားကတ်ပြား ကိုင်ဆောင်မဲပေးနိုင်ရေးအတွက် မိမိတို့ဌာနက ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းလုပ်ငန်းစဉ်များ မှန်ကန်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရေးအတွက် မိမိတို့ဝန်ကြီးဌာနက မြေပြင်ကွင်းဆင်း စာရင်းကောက်ယူခြင်းလုပ်ငန်း၊ ပန်းခင်းစီမံချက်လုပ်ငန်းများ၊ e-ID စနစ်လုပ်ငန်းနှင့် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းများကို တစ်ပြိုင်တည်း ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း ယနေ့နံနက် ၉ နာရီခွဲက အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ပြောကြားသည်။

အိမ်ထောင်စု ၁၅ သန်းကောက်ယူပြီးစီး

ဆက်လက်၍ပြည်ထောင်စုဝန်ကြီးက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလအတွင်းကကောက်ယူခဲ့ရာ ဒီဇင်ဘာ ၂၄ ရက်အထိ e-ID Software ဖြင့် ထုတ်ယူထားသည့် အိမ်ထောင်စုစာရင်း ဖြင့် အိမ်ထောင်စု ၁၂ သန်းကျော်၊ အလွတ်ပုံစံများဖြင့် ကောက်ယူခဲ့သည့် အိမ်ထောင်စု ၂ ဒသမ ၈ သန်းကျော် စုစုပေါင်းအိမ်ထောင်စု ၁၅ သန်းခန့် ကောက်ယူပြီးစီးခဲ့ပါကြောင်း၊ နယ်မြေဒေသလုံခြုံရေး အခြေအနေအရ အချို့ဒေသအနည်းငယ်သာ ကောက်ယူရန်ကျန်ရှိပါကြောင်း၊ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခြင်းမှရရှိသည့် အိမ်ထောင်စုလူဦးရေ စာရင်းအချက်အလက်များကို သက်ဆိုင်ရာမြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး/ပြည်နယ် ကော်မတီအဆင့်ဆင့်က စိစစ်အတည်ပြုကြပြီး ဗဟိုကော်မတီသို့ သတ်မှတ်ကာလအတွင်း ပြုစုတင်ပြကြရမည်ဖြစ်ပြီး ဗဟိုကော်မတီမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့ ဆက်လက်တင်ပြ၍ အတည်ပြုစာရင်းများအား ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ လွှဲပြောင်းပေးပို့ကြရမည်ဖြစ်ရာ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရန်နှင့် စာရင်းဇယားမှန်ကန်စွာ ပြုစုနိုင်ရန်အရေးကြီးပြီး တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်နှင့့် ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း။

ယင်းစာရင်းများအရ ကိုင်ဆောင်ကတ်ပြားမရှိသေးသည့် မဲပေးပိုင်ခွင့်ရှိသူများကိုလည်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားကတ်ထုတ်ပေးရေးလုပ်ငန်းကိုလည်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ပန်းခင်း စီမံချက်အဆင့်(၁)ဖြင့် လူဦးရေ ၃ ဒသမ ၄ သန်းကျော်၊ ပန်းခင်းစီမံချက်အဆင့် (၂) ဖြင့် လူဦးရေ ၁ ဒသမ ၄ သန်းကျော်ကို ထုတ်ပေး ဆောင်ရွက်ပြီးဖြစ်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ထုတ်ပေးရန် အနည်းငယ်ကျန်ရှိနေသေးပါကြောင်း၊ ယခုအခါ မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရာ၌ တွေ့ရှိချက်များအရ ရွှေ့ပြောင်းနေထိုင်သူများတွင် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားကတ်ပြားများ မရရှိသေးသူများ ရှိနေသည့်အတွက် ၎င်းတို့အား အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသား ကတ်ပြားထုတ်ပေးနိုင်ရေးနှင့်လာမည့် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အတွင်း အသက် ၁၈ နှစ် ပြည့်လာမည့်သူများကို နိုင်ငံသားကတ်ထုတ်ပေးနိုင်ရေးတို့အတွက် ပန်းခင်းစီမံချက် အဆင့် (၃) ကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ ကိုးလတာကာလအတွင်း လူဦးရေ ၂ ဒသမ ၁ သန်းကျော်ကို နိုင်ငံသားကတ်ပြား ထုတ်ပေးရန် လျာထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးများက တိုင်းဒေသကြီး/ ပြည်နယ်အလိုက် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူခြင်း၊ ပန်းခင်းစီမံချက်နှင့် e-ID စနစ်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ မဲစာရင်း မှန်ကန်ရေးအတွက် ဆက်စပ်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်နေမှု၊ သန်းခေါင်စာရင်း ကောက်ယူရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုနှင့် လုပ်ငန်းဆိုင်ရာအခက်အခဲများ၊ ဖြည့်ဆည်းပေးရန်လိုအပ်ချက် များကို ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် အမြဲတမ်းအတွင်းဝန်နှင့် ဦးစီးဌာနများမှညွှန်ကြား ရေးမှူးချုပ်များက အုပ်ချုပ်မှုဆိုင်ရာ အားနည်းချက် အားသာချက်များ၊ ဦးစီးဌာနအလိုက် လုပ်ငန်းများဆောင်ရွက်နေမှုအပေါ် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်ပေးရမည့်အခြေ အနေများ၊ လုပ်ငန်းလိုအပ်ချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက် ပေးမည့်အစီအစဉ်များကို ရှင်းလင်းတင်ပြ ဆွေးနွေးကြရာ ဒုတိယဝန်ကြီး ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်တို့က လိုအပ်ချက်များကို ဖြည့်စွက်ဆွေးနွေးတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment