Sunday, December 31, 2023

မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)၏ (၁၃) ကြိမ်မြောက် သက်ကြီးဂီတပညာရှင်များ ကန်တော့ပွဲအခမ်းအနား ကျင်းပ

 

ရန်ကုန် ဒီဇင်ဘာ ၃၀

မြန်မာနိုင်ငံ ဂီတအစည်းအရုံး(ဗဟို)၏ (၁၃) ကြိမ်မြောက် သက်ကြီးဂီတပညာရှင်များ ကန်တော့ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ Sky Star Hotel ၌ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်း တက်ရောက်သည်။

တက်ရောက်

အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးရဲတင့်နှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံးဥက္ကဋ္ဌဦးကြည်စိုးထွန်း၊ မြန်မာနိုင်ငံဂီတအစည်း အရုံး(ဗဟို)ဥက္ကဋ္ဌ ဦးလွင်မြင့်၊ မြန်မာနိုင်ငံသဘင် အစည်းအရုံး(ဗဟို) တွဲဖက်အတွင်းရေးမှူး (၂) ဦးသီရိ မောင်မောင်နှင့်ကန်တော့ခံ သက်ကြီးဂီတပညာရှင်များ၊ စာပေပညာရှင်များ တက်ရောက်ကြသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးရဲတင့်တို့က မုဒိတာစကား‌ပြောကြားသည်။ ထို့နောက် မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို) ဥက္ကဋ္ဌ ဦးလွင်မြင့်က ကျေးဇူးတင်စကားပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက သက်ကြီးဂီတပညာရှင်များ ပူဇော်ကန်တော့ပွဲအတွက် လှူဒါန်းငွေကျပ်သိန်း ၁၀၀ နှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လှူဒါန်းငွေတို့ကို တိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်းကောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနမှ လှူဒါန်းငွေကျပ် သိန်း ၃၀ ကို ဒုတိယဝန်ကြီး ဦးရဲတင့်ကလည်းကောင်း ပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို)ဥက္ကဋ္ဌ ဦးလွင်မြင့်က လက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

ထို့နောက် မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို) သို့ အလှူရှင်များက လှူဒါန်းငွေများပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို)တွဲဖက် အတွင်းရေးမှူး(၁) ဦးမြတ်မင်းနှင့်တွဲဖက်အတွင်း ရေးမှူး(၂) ဓညဝတီဦးကျော်ဝင်းတို့က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။

ယင်းနောက် တက်ရောက်လာကြသူများက သက်ကြီးဂီတပညာရှင်များအား မြန်မာနိုင်ငံဂီတ အစည်းအရုံး(ဗဟို) အမှုဆောင်အဖွဲ့ဝင်တက္ကသိုလ် လဲ့လဲ့ကဦးဆောင်၍ ကန်တော့ချိုးဖြင့် ပူဇော်ကန်တော့ကြပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ဒုတိယဝန်ကြီးဦးရဲတင့်၊ မြန်မာနိုင်ငံဂီတအစည်း အရုံး(ဗဟို)မှ အမှုဆောင်များက ကန်တော့ခံဂီတ သက်ကြီးပညာရှင်များအား လှူဖွယ်ပစ္စည်းများကို ဂါရဝပြုပေးအပ်၍ ကန်တော့ခံဂီတသက်ကြီး ပညာရှင်များကိုယ်စား သက်ကြီးဂီတပညာရှင်တစ်ဦးက သြဝါဒစကားပြောကြားသည်။

(၁၃) ကြိမ်မြောက် သက်ကြီးဂီတပညာရှင်များ ပူဇော်ကန်တော့ပွဲတွင် အသက် (၈၀) နှင့် အထက်သက်ကြီးဂီတပညာရှင်တစ်ဦးလျှင် ငွေကျပ်နှစ်သိန်းခွဲနှုန်း၊ အသက် (၈၀) အောက် သက်ကြီးဂီတပညာရှင် တစ်ဦးလျှင်ငွေကျပ်နှစ်သိန်းနှုန်း၊ တစ်သိန်းခွဲနှုန်း ဖြင့်လှူဒါန်းကြပြီး (၁၃) ကြိမ်မြောက် သက်ကြီးဂီတ ပညာရှင်များပူဇော်ပွဲတွင် ဂီတသက်ကြီးပညာရှင် ၁၆၀ တက်ရောက်ကန်တော့ခံခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)

No comments:

Post a Comment