Sunday, December 31, 2023

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ MSME လုပ်ငန်းများ ကြည့်ရှုစစ်ဆေး

 

နေပြည်တော် ဒီဇင်ဘာ ၃၀

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းနှင့် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းတို့သည် ယမန်နေ့နံနက် ပိုင်းက ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့ရှိ ယူကေစိန်သင်ဖြူးဖျာလုပ်ငန်းသို့ ရောက်ရှိပြီး သင်ဖြူးဖျာများ ရက်လုပ်နေသည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို လှည့်လည်အားပေးကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် သင်ဖြူးဖျာ လုပ်ငန်းရှင်များနှင့် ကျင်းပပြုလုပ်သည့် စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်၍ ပြည်ထောင်စုဝန်ကြီးက ထုတ်ကုန်ပစ္စည်းများအား သုံးစွဲသူပြည်သူများ သိရှိနိုင်ရေးအတွက် ပြည်တွင်း ပြည်ပ၌ ကျင်းပလျက်ရှိသည့် ပြပွဲများ၊ ဈေးရောင်းပွဲတော်များတွင် ဝင်ရောက်ပြသ ရောင်းချရမည်ဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်းရှိ MSME ထုတ်ကုန်များအား တစုတစည်းတည်း ပြသနိုင်ရေးအတွက် ပြခန်းဖွင့်လှစ်ရန် စီမံဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

ယင်းနောက် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်က MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ရှစ်ဘီလီယံကို ထုတ်ချေးပေးထားပြီးဖြစ်ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ MSME လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ လုပ်ငန်းရှင်များက လုပ်ငန်းများ ဆောင်ရွက်စဉ် ကြုံတွေ့နေရသည့်အခက်အခဲများ၊ ဖြည့်ဆည်းပေးရမည့် အချက်များကိုရှင်းလင်းတင်ပြရာ တက်ရောက်လာသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က တင်ပြချက်များနှင့်ပတ်သက်၍ ညှိနှိုင်းပေါင်းစပ် ဖြေရှင်းဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် Globel Earth Agro & Aqua Industry Public Company Limited သို့ရောက်ရှိပြီး စပါးခွံလောင်စာသုံး လျှပ်စစ် ဓာတ်အားပေးအလုပ်ရုံ တည်ဆောက်နေမှုအခြေ အနေ၊ အအေးခန်းစက်ရုံ တည်ဆောက်နေမှု အခြေအနေတို့ကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်တို့သည် ညောင်တုန်းမြို့ရှိ ရွှေဝါနဒီဆန်စက်သို့ရောက်ရှိပြီး စက်ရုံအတွင်း စပါးများကြိတ်ခွဲနေမှု လုပ်ငန်းစဉ်အဆင့်ဆင့်တို့ကို လှည့်လည်အားပေးကြည့်ရှုခဲ့ကြောင်း သိရသည်။

သတင်းစဉ်


No comments:

Post a Comment