Tuesday, December 5, 2023

အလုံးစုံပျက်သုဉ်းရေးကို လုပ်ဆောင်နေသော အကြမ်းဖက်အဖွဲ့များ၏အကြမ်းဖက်လုပ်ရပ်များအား ဆန့်ကျင်ရှုတ်ချပွဲ ရန်ကုန်မြို့၌ ကျင်းပ



 

ရန်ကုန် ဒီဇင်ဘာ ၅

မြန်မာ့အမျိုးသားရေးကွန်ရက်အဖွဲ့မှဦးဆောင်ပြီး "အလုံးစုံပျက်သုဉ်းရေးကို လုပ်ဆောင်နေသော အကြမ်းဖက်အဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များအား ဆန့်ကျင်ရှုတ်ချပွဲ" ကို ယနေ့နံနက် ၉ နာရီခွဲက ရန်ကုန်မြို့၊ မြို့တော်ခန်းမအရှေ့၊ မဟာဗန္ဓုလပန်းခြံဘေး၊ ယာဉ်ရပ်နားကွင်း၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ အကြမ်းဖက်လုပ်ရပ်များအား ဆန့်ကျင်ရှုတ်ချပွဲကို တက်ရောက်လာကြသူများက နိုင်ငံတော်အလံအား အလေးပြုခြင်း၊ နိုင်ငံတော်သီချင်းအား သံပြိုင်သီဆိုခြင်းများဆောင်ရွက်ခဲ့ကြပြီး နိုင်ငံတော်ကာကွယ်ရေးတာဝန်များ ထမ်းဆောင်ရင်းကျဆုံးခဲ့သည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပြည်သူများအား ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် (၁)မိနစ်ငြိမ်သက်စွာ ဂါဝရပြုခဲ့ကြသည်။

ထို့နောက် အမျိုးသားရေးတက်ကြွလှုပ်ရှားသူများအဖွဲ့(ဗဟို)မှ အတွင်းရေးမှူးဦးစည်သူမင်းက အလုံးစုံပျက်သုဉ်းရေးကို လုပ်ဆောင်နေသော အကြမ်းဖက်အဖွဲ့များ၏အကြမ်းဖက်လုပ်ရပ်များအား ဆန့်ကျင်ရှုတ်ချပွဲ ကျင်းပရခြင်းအကြောင်းပြောကြားပြီး တက်ရောက်လာကြသူများက "မြန်မာပြည်တွင်းရေးကို နောက်ကွယ်မှ ဝင်ရောက်စွက်ဖက်နေသည့်နိုင်ငံများအား" (ဆန့်ကျင်ကြ)၊ နောက်ကွယ်ကနေ အကြမ်းဖက်အားပေးလုပ်ရပ်များ(ချက်ချင်းရပ်)၊ ဒို့နိုင်ငံပျက်စီးအောင် အဖျက်သမားအားပေးနိုင်ငံများ(အလိုမရှိ)၊ နိုင်ငံတော်အားကာကွယ်ရေး (ဒို့ပြည်သူအားလုံးပါဝင်ပေး)၊ အလုံးစုံပျက်သုဉ်းရေးလုပ်ဆောင်နေသည့် အကြမ်းဖက်လုပ်ရပ်များ (အလိုမရှိ)အစရှိသည့် ကြွေးကြော်သံကို ကြွေးကြော်ခဲ့ကြသည်။

အဆိုပါအကြမ်းဖက်လုပ်ရပ်များအား ဆန့်ကျင်ရှုတ်ချပွဲကို မြန်မာ့အမျိုးသားရေးကွန်ရက်အဖွဲ့မှဦးဆောင်ပြီး အမျိုးသားရေးတက်ကြွလှုပ်ရှားသူများအဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီဝင်များ၊ အကြမ်းဖက်လုပ်ရပ်များအားဆန့်ကျင်သည့် ပြည်သူများပူးပေါင်းပါဝင် ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

ကျော်ဆန်းမြင့်

No comments:

Post a Comment