Monday, December 25, 2023

ပညာရေးဝန်ကြီးဌာန ဆရာအတတ်ပညာဦးစီးဌာန ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲ တတိယနေ့ပွဲစဉ်များ ဆက်လက်ကျင်းပ


 

နေပြည်တော် ဒီဇင်ဘာ ၂၄

ပညာရေးဝန်ကြီးဌာန ဆရာအတတ်ပညာဦးစီးဌာန ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေး ဒီဂရီကောလိပ်ပေါင်းစုံအားကစားပြိုင်ပွဲကို ဒီဇင်ဘာ ၂၂ ရက်မှ ၂၆ ရက်အထိ နေပြည်တော်ရှိ ဝဏ္ဏ သိဒ္ဓိအားကစားကွင်း၊ အားကစား ရုံတို့၌ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းမှစတင်ပြီး တတိယနေ့ ပွဲစဉ်များအဖြစ် သက်ဆိုင်ရာ အားကစားနည်းများ အလိုက်ယှဉ်ပြိုင်ကစားကြသည်။

အဆိုပါ အားကစားနည်းအလိုက် ယှဉ်ပြိုင်ကစားနေမှုများကို ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဒေါက်တာမိုးဇော်ထွန်း၊ ပညာရေး သုတေသန စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းသန်းမြင့်၊ ဆရာအတတ်ပညာ ဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဒေါ်နှင်းကြည်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်ပညာရေးဒီဂရီ ကောလိပ်အသင်းများ၊ အုပ်ချုပ်သူ၊ နည်းပြများနှင့် ကျောင်းသားကျောင်းသူများ လာရောက်ကြည့်ရှု အားပေးကြသည်။

ယနေ့နံနက် ၇ နာရီတွင် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၌ ပြေးခုန်ပစ် ပြိုင်ပွဲ၏ ဒုတိယနေ့ပွဲစဉ်အဖြစ် အမျိုးသား မီတာ ၂၀၀ အပြေးပြိုင်ပွဲ၊ အမျိုးသမီး မီတာ ၂၀၀ အပြေးပြိုင်ပွဲ၊ အမျိုးသား မီတာ ၈၀၀ အပြေးပြိုင်ပွဲ၊ အမျိုးသမီး မီတာ ၈၀၀ အပြေးပြိုင်ပွဲ၊ အမျိုးသားအမြင့်ခုန်ပြိုင်ပွဲ၊ အမျိုးသမီး အမြင့်ခုန်ပြိုင်ပွဲ၊ အမျိုးသားလှံတံပစ်ပြိုင်ပွဲ၊ အမျိုးသမီးလှံတံ ပစ်ပြိုင်ပွဲများကိုကျင်းပကြရာ အမျိုးသား မီတာ ၂၀၀ အပြေးပြိုင်ပွဲတွင် မောင်စိုင်းခန့်သူ (မန္တလေး)က ပထမ၊ မောင်စော တူးတူးဘီ(ဘားအံ)က ဒုတိယ၊ မောင်ပြည့်စုံအောင်(ဘိုကလေး)က တတိယရရှိကြသည်။ အမျိုး သမီး မီတာ ၂၀၀ အပြေးပြိုင်ပွဲတွင် မဆုနံ့သာအောင် (ဘားအံ)က ပထမ၊ မရွှေအိမ်ဆူး(ထားဝယ်)က ဒုတိယ၊ မခိုင်ရွှေဝင်း(မြစ်ကြီးနား)က တတိယရရှိကြပြီး အမျိုးသား မီတာ ၈၀၀ အပြေးပြိုင်ပွဲတွင် စောအောင်အောင်ချင်း(ဘားအံ)က ပထမ၊ မောင်ချစ်မင်းဦး(မကွေး)က ဒုတိယ၊ မောင်သူရအောင် (ထားဝယ်)က တတိယရရှိကြပြီး အမျိုးသမီး မီတာ ၈၀၀ အပြေး ပြိုင်ပွဲတွင် မဝိုင်းချစ်(စစ်ကိုင်း)က ပထမ၊ မဝင်းနေခြည် (ဘားအံ)က ဒုတိယ၊ မသန္တာလင်း(ထားဝယ်)က တတိယ ရရှိကြသည်။ အမျိုးသား အမြင့်ခုန်ပြိုင်ပွဲတွင် မောင်မင်းထက်အောင်(စစ်ကိုင်း)က ပထမ၊ မောင်အောင်ကီး (တောင်ကြီး)ကဒုတိယ၊ မောင်ဂျွန် စော(မိတ္ထီလာ) က တတိယရရှိကြ ပြီး အမျိုးသမီး အမြင့်ခုန်ပြိုင်ပွဲတွင် မသန္တာလင်း(ထားဝယ်)က ပထမ၊ နန်းအေးအေးမိုး (ဘားအံ)က ဒုတိယ၊ မဆုပိုပိုအောင်(တောင်ကြီး) က တတိယရရှိကြသည်။

အမျိုးသား လှံတံပစ်ပြိုင်ပွဲ တွင် မောင်ငြိမ်းချမ်းမိုး(ပြည်)က ပထမ၊ မောင်ရှိုင်းဇော် (မိတ္ထီလာ)က ဒုတိယ၊ မောင်စိုးမိုးအောင် (သင်္ဃန်းကျွန်း)က တတိယရရှိ ကြပြီး အမျိုးသမီး လှံတံပစ်ပြိုင်ပွဲ တွင် နန်းတိုးခါးလှိုင်(စစ်ကိုင်း) က ပထမ၊ နန်းစိမ်းမြသွေး (တောင်ကြီး) က ဒုတိယ၊ နန်းတိုး ဝေလွင်(ရန်ကင်း)က တတိယဆု များကို ရရှိကြရာ ပြိုင်ပွဲများအပြီး တွင် ဆုရရှိသူများကို ဒုတိယ ဝန်ကြီးများနှင့် တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးကြသည်။

ပညာရေး ဒီဂရီကောလိပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲ၏ တတိယ နေရာလုပွဲစဉ်များကို ယနေ့နံနက်ပိုင်းတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း (A) ရုံ၌ ယှဉ်ပြိုင်ကစားကြရာ အမျိုးသမီးဘော်လီဘောပြိုင်ပွဲတွင် မန္တလေးဇုန်(ခ)အသင်းက ရန်ကုန်ဇုန်(ခ) အသင်းကိုသုံးပွဲ တစ်ပွဲဖြင့်လည်းကောင်း၊ အမျိုးသား ဘော်လီဘောပြိုင်ပွဲတွင် မန္တလေးဇုန်(ခ)အသင်းက ရန်ကုန် ဇုန် (ခ) အသင်းကို သုံးပွဲ-တစ်ပွဲ ဖြင့်လည်းကောင်း အနိုင်ရရှိခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment