Monday, December 25, 2023

ဒေသခံပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးနေသည့် ကျောက်ဆည်မြို့နယ် တောင်နံ့သာကျေးရွာမှ နီစိမ်းဝါ ယိုမျိုးစုံလုပ်ငန်း

 

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်အတွင်း အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ကျောက်ဆည်မြို့နယ်တွင် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း ၃၈ ခု၊ စဉ့်ကိုင်မြို့နယ်တွင် လုပ်ငန်းအခု ၂၀၊ တံတားဦးမြို့နယ်တွင် လုပ်ငန်း ၃၉ ခု ၊ မြစ်သားမြို့နယ်တွင် လုပ်ငန်းခြောက်ခု စုစုပေါင်းလုပ်ငန်း ၁၀၃ ခု လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်။


အဆိုပါ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများအနက် ဒေသခံပြည်သူများအား အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးနေသည့် ကျောက်ဆည်မြို့နယ် တောင်နံ့သာကျေးရွာမှ နီစိမ်းဝါ ယိုမျိုးစုံလုပ်ငန်း၏ ထုတ်လုပ်ဖြန့်ဖြူးနေမှုအခြေအနေများကို ပြည်သူများသိရှိစေရန် နီစိမ်းဝါယိုမျိုးစုံလုပ်ငန်းမှ ဦးဇော်လင်းအောင်အား တွေ့ဆုံမေးမြန်းထားမှုကို တင်ပြလိုက်ပါသည်။

မေး      ။ ။ နီစိမ်းဝါ ယိုမျိုးစုံလုပ်ငန်း စတင်တည်ထောင် ဆောင်ရွက်ခဲ့ပုံ ကို သိပါရစေ။

ဖြေ       ။ ။ ကျောက်ဆည်မြို့နယ်အတွင်းမှာ ဒေသထွက်ကုန်တွေ ဖြစ်တဲ့ သံပရာသီး၊ ရှောက်သီး၊ သရက်သီး၊ ဆီးသီးစတဲ့ဒေသထွက် သီးနှံတွေပေါများတာကြောင့် နီစိမ်းဝါ ယိုမျိုးစုံအမည်နဲ့ မိဘများလက်ထက် ၂၀၀၃ ခုနှစ်ကနေစပြီး လုပ်ကိုင်ဆောင်ရွက်ခဲ့ တာဖြစ်ပါတယ်။ ကျွန်တော်က ၂၀၁၁ ခုနှစ်မှာ ဆက်လက်လုပ်ကိုင် ဆောင်ရွက်ခဲ့တာ ယနေ့အချိန်အထိ ဖြစ်ပါတယ်။

မေး ။ ။ နီစိမ်းဝါ ယိုမျိုးစုံလုပ်ငန်းအနေနဲ့ ကုန်ကြမ်းတွေကို ဘယ်လို ရရှိပါသလဲ။

ဖြေ ။ ။  ကုန်ကြမ်းတွေကို ကျောက်ဆည်မြို့နယ်နဲ့ စဉ့်ကိုင်မြို့နယ် ကနေ သံပရာသီး၊ ရှောက်သီး၊ ဆီးသီး၊ သင်္ဘောသီးတွေ ဝယ်ယူရရှိပါတယ်။ မန်ကျည်းသီးကိုတော့ ပခုက္ကူမြို့နယ်ကနေ ဝယ်ယူရရှိပြီး လုပ်ငန်းများ လည်ပတ်ဆောင်ရွက်ပါတယ်။

မေး ။ ။ ပစ္စည်းဘယ်နှမျိုးကို ထုတ်လုပ်ဖြန့်ဖြူးနေပါသလဲ။

ဖြေ ။    ။ ၂၀၀၃ ခုနှစ်က စတင်လုပ်ကိုင်စဉ်ကတည်းက နီစိမ်းဝါ တံဆိပ်နဲ့ဆီးယို၊ မန်ကျည်းယို၊ ရှောက်ယိုဆိုပြီး ယိုသုံးမျိုးကို စတင်ထုတ်လုပ်ခဲ့ပြီး ကျွန်တော့်လက်ထက်၂၀၁၁ ခုနှစ်မှာတော့ ဆီးယို၊ မန်ကျည်းယို၊ ရှောက်ယိုအပြင် သင်္ဘောယို၊ သရက်ယိုနှစ်မျိုးကို တိုးမြှင့်ထုတ်လုပ်နေပါတယ်။

မေး ။    ။ ကုန်ချောအထုပ်ရေ ဘယ်လောက် ထုတ်လုပ်ရောင်းချ နေပါသလဲ။

ဖြေ ။    ။ ဆီးယိုကိုတော့ အထုပ်ငယ်ပေါင်း ၇၅၀၊ သရက်ယိုကတော့ အထုပ်ငယ်ပေါင်း ၁၅၀၀၊ မန်ကျည်းယိုကိုတော့ အထုပ်ငယ်ပေါင်း ၁၅၀၀ ၊ သင်္ဘောယိုကိုတော့ အထုပ်ငယ်ပေါင်း ၃၀၀၀၊ ရှောက်ယိုကိုတော့ အထုပ်ငယ်ပေါင်း ၇၅၀ ကို နေ့စဉ်ကုန်ချောအဖြစ် ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေပါတယ်။

မေး ။    ။ လုပ်ငန်းတွေကို အလုပ်သမားဘယ်နှဦးနဲ့ လည်ပတ် လုပ်ကိုင်နေပါသလဲ။

ဖြေ ။    ။ စတင်လုပ်ကိုင်စဉ်ကတော့ အလုပ်သမား ၃၀ ကျော်နဲ့ လည်ပတ်လုပ်ကိုင် ဆောင်ရွက်ပါတယ်။ အခုအခါမှာတော့ ဒေသခံအလုပ်သမား ၁၀၀ ကျော်နဲ့ လုပ်ငန်းတွေ လည်ပတ်လုပ်ကိုင်ဆောင်ရွက်နေပါတယ်။ ဒေသခံပြည်သူတွေလည်း နေ့စဉ်ဝင်ငွေရရှိပြီး အလုပ်အကိုင်အခွင့်အလမ်းတွေ ဖော်ဆောင်ပေးရာရောက်တာမို့ လုပ်ငန်းတွေ ပိုမိုတိုးချဲ့လုပ်ကိုင်နိုင်အောင်လည်း ကြိုးစားဆောင်ရွက်လျက် ရှိပါတယ်။

မေး ။    ။ အလုပ်သမားတွေရဲ့ လုပ်ခလစာကို ဘယ်လိုသတ်မှတ် ထားပါသလဲ။ အလုပ်သမားတွေက ကျောက်ဆည်မြို့နယ် ကလား၊ တခြားနယ်တွေက လာရောက်လုပ်ကိုင်တာရော ရှိပါသလား။

ဖြေ ။ ။ ကျွန်တော်တို့အလုပ်သမားတွေ တစ်ဦးကို တစ်နေ့ ငွေကျပ် ၇၀၀၀ ကနေ ၁၂၀၀၀ အထိ ရရှိကြပါတယ်။ နီစိမ်းဝါယိုစုံမျိုးစုံလုပ်ငန်းအနေနဲ့ ကျောက်ဆည်မြို့နယ်က ဒေသခံလူငယ်တွေကို ဦးစားပေး ရွေးချယ်ခေါ်ယူပါတယ်။ စဉ့်ကိုင်မြို့နယ်နဲ့ နွားထိုးကြီးမြို့နယ်တွေကလည်း လာရောက်လုပ်ကိုင်ကြတာတွေ ရှိပါတယ်။ ရိုးသားကြိုးစားပြီး အလုပ်လုပ်ချင်တဲ့ လူငယ်တွေကို အလုပ်ခန့်ပေးပါတယ်။ အဓိကကတော့ ပညာရေးဆုံးခန်းတိုင်အောင် မသင်ကြားနိုင်တဲ့ ကလေးတွေကို ဦးစားပေးခန့်ထားပါတယ်။ကျွန်တော့်ဆီမှာ အလုပ်လုပ်ခွင့်ရနေတာမို့ မိသားစုစားဝတ်နေရေးအဆင်ပြေစေဖို့ အထောက်အကူဖြစ်စေပါတယ်။

မေး ။    ။ MSME လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့ နီစိမ်းဝါယိုမျိုးစုံ လုပ်ငန်းအနေနဲ့ သက်ဆိုင်ရာဌာနတွေနဲ့ ပေါင်းစပ်ဆောင်ရွက်မှုအခြေအနေကိုလည်း သိပါရစေ။

ဖြေ ။    ။ ဒေသတွင်း MSME လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့ နီစိမ်းဝါ ယိုမျိုးစုံလုပ်ငန်းအနေနဲ့ စတင်လုပ်ကိုင်ခဲ့စဉ်က မန္တလေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနဲ့ ချိတ်ဆက်ပြီး၂၀၁၅ ခုနှစ်မှာ စတင်ကာ မှတ်ပုံတင်ခြင်းလုပ်ငန်းတွေကို ဆောင်ရွက်ခဲ့ပါတယ်။ နိုင်ငံတော်က ဆောင်ရွက်ပေးတဲ့ MSME ချေးငွေနဲ့ကျွန်တော်တို့လုပ်ငန်းကို တိုးချဲ့ဆောင်ရွက်နိုင်ခဲ့ပါတယ်။ အခုအခါမှာတော့ ကျောက်ဆည်ခရိုင်မှာလည်း အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဖွဲ့စည်းထားရှိပြီးဖြစ်လို့ လိုအပ်တဲ့ နည်းပညာတွေ၊ ငွေကြေးကူညီပံ့ပိုးမှုတွေ ဆောင်ရွက်ပေးတာမို့ လုပ်ငန်းဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။

မေး ။    ။ ယိုမျိုးစုံငါးမျိုးထုတ်လုပ်ပြီး ဘယ်ဒေသတွေကို ဖြန့်ချိ ရောင်းချပါသလဲ။

ဖြေ ။    ။ လက်ရှိဖြန့်ချိတာကတော့ မန္တလေး(ဈေးချို)ကို နေ့စဉ် သွားရောက်ဖြန့်ချိပေးပို့ပါတယ်။ မန္တလေးဈေးချိုကနေတစ်ဆင့် နေ့စဉ် ဆီးယို၊ရှောက်ယို၊သရက်ယို၊ သင်္ဘောယို၊ မန်ကျည်းယို ယိုမျိုးစုံငါးမျိုး အထုပ်ငယ်ပေါင်း ၇၅၀၀ ကျော်ကို မြန်မာနိုင်ငံနေရာအနှံ့အပြား နေ့စဉ်ဆက်လက်ဖြန့်ချိပေးပို့ ရောင်းချလျက်ရှိပါတယ်။ အိမ်တိုင်ရာရောက် လာရောက်ဝယ်ယူသူတွေ၊ ဖုန်းနဲ့ ဆက်သွယ်မှာယူကြသူတွေကိုလည်း ဖြန့်ဖြူးရောင်းချပေးလျက် ရှိပါတယ်။

မေး ။    ။ စီးပွားရေးလုပ်ငန်း စတင်တည်ထောင်မယ့်လူငယ်တွေအတွက် ဘာများပြောချင်ပါသလဲ။

ဖြေ ။               ကျွန်တော်တို့ မိမိဒေသမှာ အဓိကထွက်ရှိတဲ့ သီးနှံတွေနဲ့ အသေးစားစက်မှုလက်မှုလုပ်ငန်းတွေ တည်ထောင်ပြီးလုပ်ကိုင်ဆောင်ရွက်မယ်ဆိုရင် MSME လုပ်ငန်းတွေဖွံ့ဖြိုးတိုးတက် လာမှာဖြစ်ပါတယ်။ ကိုယ့်ဒေသကထွက်ရှိတဲ့ သီးနှံတွေဖြစ်တာကြောင့် သယ်ယူစရိတ်တွေလည်း သက်သာပါတယ်။ ဒေသထွက်ကုန်ဖြစ်တဲ့အတွက် ဈေးကြီးကြီးလည်း ပေးဝယ်စရာမလိုဘူး။ MSME လုပ်ငန်းအနေနဲ့ လုပ်ကိုင်နိုင်ပြီး မိသားစုစားဝတ်နေရေးအပြင် မိမိဘဝတက်လမ်းကိုလည်း အများကြီး အထောက်အကူ ဖြစ်စေပါတယ်။ ဒါကြောင့် ဒေသမှာထွက်ရှိတဲ့သီးနှံတွေကို ကုန်ကြမ်းကနေ ကုန်ချော အဖြစ် နည်းပညာကို အသုံးပြုပြီး ထုတ်လုပ်ရောင်းချနိုင်မယ်ဆိုရင်  ကိုယ့်ဘဝရပ်တည်ဖို့သာ မကပါဘူး။ မိသားစုစီးပွားရေး ဖွံ့ဖြိုးတိုးတက်တဲ့အပြင် စားဝတ်နေရေးအဆင်ပြေမှာဖြစ်သလို ဒေသခံလူငယ်တွေ အလုပ်အကိုင်အခွင့်အလမ်းတွေ ရရှိနိုင်မှာဖြစ်လို့ ယနေ့လူငယ်တွေ ကြိုးစားလုပ်ကိုင်ကြဖို့ တိုက်တွန်းပြောကြားလိုပါတယ်။ ။

တွေ့ဆုံမေးမြန်း - တင်တင်ထွေး(ပြန်/ဆက်)၊ ဓာတ်ပုံ - အောင်ပိုင်ပိုင်ကျော်


No comments:

Post a Comment