Monday, December 25, 2023

ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်နှင့် ကိုက်ညီသော ကျွမ်းကျင်နည်းပညာရှင်များဖြစ်စေရေး ပျိုးထောင်ဆောင်ရွက်

 

ကျောက်ပန်းတောင်း ဒီဇင်ဘာ ၂၄

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ယမန်နေ့ မွန်းလွဲပိုင်းတွင် အစိုးရနည်းပညာအထက်တန်းကျောင်း (ကျောက်ပန်းတောင်း) ၌ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ဒေသတွင်း MSMEs လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ နည်းပညာလိုအပ်ချက်နှင့် ကိုက်ညီသော ကျွမ်းကျင်ပညာရှင်များ မွေးထုတ်နိုင်ရန်၊ ပုဂံနှင့် ပုပ္ပါးတို့ရှိ သဘာဝခရီးသွား လုပ်ငန်းများတွင် လျှပ်စစ်သုံးယာဉ်များ တွင်ကျယ်စွာအသုံးပြုရန်၊ ပြည်သူများအလုပ်အကိုင် အခွင့်အလမ်းရရှိရေးကာလတို သင်တန်းများဖွင့်လှစ်ရန် တိုက်တွန်းမှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ကျောင်းသားဟောင်းများက ဤကျောင်းတက်ရောက်ခဲ့ပြီး အလုပ်အကိုင်များရရှိကာ ဘဝအဆင့်မြင့်မားလာမှုများ အတွေ့အကြုံရှင်းလင်းပွဲသို့ တက်ရောက်ပြီး ကျောင်းသားများအနေဖြင့် လေ့လာရရှိသော နည်းပညာများဖြင့် ဘဝမြင့်မားအောင် တည်ဆောက်နိုင်သလို နိုင်ငံ့ဖွံ့ဖြိုးတိုးတက်ရေး တည်ဆောက်ရာတွင် အုတ်တစ်ချပ်၊ သဲတစ်ပွင့် ပါဝင်နိုင်ရေး၊ လက်တွေ့လုပ်ငန်း ခွင် အတွေ့အကြုံ ပြည့်ဝရေး၊ ပြည်တွင်း/ပြည်ပ ပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်ရေး ဆောင် ရွက်ရန်မှာကြားကာ တာဝန်ရှိသူ များ၊ ကျောင်းသားကျောင်းသူများအား ဂုဏ်ပြုပစ္စည်းနှင့် စာအုပ်များကို ပေးအပ်သည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် အင်ဂျင်နီယာဌာနရှိ အလုပ်ရုံများကို ကြည့်ရှုစစ်ဆေးကာ ပြည်သူ့အကျိုးစီးပွားကို လက်တွေ့ကျကျ ဖော်ဆောင်နိုင်သော သင်တန်းများဖြင့် ရှင်သန်သက်ဝင် နေသော အလုပ်ရုံများဖြစ်စေရေး အလေးထား ဆောင်ရွက်ရန်မှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ကျောင်းတွင်းအဆောင်နေ ကျောင်းသား ကျောင်းသူများအားတွေ့ဆုံပြီး အချိန်၏တန်ဖိုးကို နားလည်ရန်၊ စာကောင်းပေမွန်များ ဖတ်ရှုရန်နှင့် အားကစား လှုပ်ရှားမှုများ ဆောင်ရွက်ရန်၊ ကျင့်ဝတ်၊ စည်းကမ်းများကို လေးစားလိုက်နာသော တိုင်းကျိုး ပြည်ပြုပညာရှင်များ၊ ဗလငါးတန် နှင့်ပြည့်စုံသော နိုင်ငံ့သားကောင်း ရတနာများဖြစ်စေရေး ကြိုးပမ်း စွမ်းဆောင်ကြရန် တိုက်တွန်း မှာကြားပြီး ကျောင်းသား ကျောင်း သူများ၏ တင်ပြချက်များအပေါ် ဖြည့်ဆည်း ဆောင်ရွက်ပေး သည်။

သတင်းစဉ်


No comments:

Post a Comment