Tuesday, December 5, 2023

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ သန်လျင်မင်းကျောင်း ပထမပြန်စာသင်တိုက်၊ ပဓာနနာယက ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသ မဟာထေရ်၏ အစည်းအဝေးဖွင့် သာရဏီယ သြဝါဒကထာ

 


၁၉၈၀ ပြည့်နှစ်တွင် သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေးကို ဦးတည်၍ အယူသီလတူမျှ ကြသော သုဓမ္မာ၊ ဒွါရ၊ ရွှေကျင်စသည့် ဂိုဏ်းကြီး ကိုးဂိုဏ်းကို အတည်ပြု၍ ဂိုဏ်းပေါင်းစုံ သံဃာ့ အစည်းအဝေးကြီးကျင်းပကာ သံဃာ့အဖွဲ့အစည်းအခြေခံစည်းမျဉ်းနှင့် လုပ်ထုံးလုပ်နည်းများကို ပြဋ္ဌာန်းတော်မူနိုင်ခဲ့ကြပါသည်။ ယင်းအခြေခံစည်းမျဉ်းနှင့် လုပ်ထုံးလုပ်နည်းများအရ သံဃာ့အဖွဲ့ အစည်းအဆင့်ဆင့်ကို ဖွဲ့စည်းလျက် သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေးကို ဆောင်ရွက်လာ ခဲ့ရာ ထိုအဖွဲ့အစည်းကြီး၏ သက်တမ်းသည်ပင် ပထမအကြိမ်မှစ၍ အဋ္ဌမအကြိမ်တိုင် ရောက်ရှိ လာကာ နှစ်ပရိစ္ဆေဒအားဖြင့် ၄၃ နှစ်တိုင် ကြာညောင်းခဲ့ပြီး မယိမ်းမယိုင် ရပ်တည်လာနိုင်ခဲ့ကြပါ သည်။ ယင်းသို့ ဆောင်ရွက်နိုင်ခဲ့ကြခြင်းမှာလည်း ကျေးဇူးတော်ရှင် ရှေးရှေး ဒီဃဒဿီဆရာအဆက် ဆက်၏ ဒက္ခ , အနလသ, ဝီမံသ အရည်အသွေးတို့ကြောင့် ဖြစ်ပါသည်ဘုရား။

ဆရာတော်အရှင်မြတ်တို့ဘုရား-

သမ္ပဒါလေးပါးတို့တွင် ဥဋ္ဌာနသမ္ပဒါကို “ တထ္ထ ဒက္ခော ဟောတိ အနလသော၊ တတြုပါယာယ ဝီမံ သာယ သမန္နာဂတော အလံ ကာတုံ အလံ သံဝိ ဓာတုံ” ထို မိမိတို့လုပ်ငန်းကိစ္စအဝဝ၌ ကျွမ်းကျင်၏။ မပျင်းမရိ လုံ့လရှိ၏။ လုပ်ငန်းကိစ္စတိုင်းတွင် စူးစမ်းနှိုင်းချိန်တတ်သော ပညာနှင့်ပြည့်စုံ၏။ ပြုလုပ်နိုင်စွမ်းရှိ၏။ စီမံနိုင်စွမ်းရှိ၏ဟု အင်္ဂုတ္တိုရ်ပါဠိတော် အံ၊စတုက္ကနိပါတ။၃၄၄) တွင် မြတ်ဗုဒ္ဓမိန့်ကြားတော်မူခဲ့ပါသည်ဘုရား။

ထိုမြတ်ဗုဒ္ဓ၏ ဒေသနာတော်ကို ဦးထိပ်ပန်ဆင်ကြ၍ သံဃာ့အဖွဲ့အစည်းကြီးကို တည်ထောင် ဖွဲ့စည်း၍ တာဝန်ကျေကျေထမ်းဆောင်တော်မူခဲ့ ကြသည့် ဆရာ့ဆရာမထေရ်တို့သည် မိမိတို့ဆောင် ရွက်ရမည့် ဝိနိစ္ဆယရေးရာ၊ သာသနာရေးရာ၊ ပညာရေးရာဟူသော သာသနာတော်ကိစ္စဟူသမျှတို့၌ ကျွမ်းကျင်သော၊ စူးစမ်းနှိုင်းချိန်နိုင်သည့်ပညာနှင့် ပြည့်စုံသော၊ ပြုလုပ်ရန် စီမံခန့်ခွဲရန်လည်း စွမ်းနိုင် သော အရည်အချင်းပြည့်ဝသည့် မထေရ်မြတ်များ ဖြစ်ကြသည်ကို ယုံမှားဖွယ်မရှိပါဘုရား။ အဘယ် ကြောင့်ဆိုသော် ယနေ့တိုင် သံဃာ့အဖွဲ့အစည်းကြီး၏ လုပ်ငန်းများ အစဉ်မပျက် အရှိန်အဟုန်မပျက် သာသနာသန့်ရှင်း တည်တံ့ပြန့်ပွားရေးကိစ္စရပ်များ ဆောင်ရွက်နိုင်လျက်ရှိခြင်းကပင် သက်သေဖြစ်နေ ပါသည်ဘုရား။ ထိုသို့ ဝိနိစ္ဆယရေးရာ၊ သာသနာရေးရာ၊ ပညာရေးရာတို့၌ ဆောင်ရွက်ရန် စည်းမျဉ်းစည်းကမ်းများကို အားနည်းချက်လစ်ဟာချက်များ နည်းသည်ထက်နည်းအောင် ရေးဆွဲပြဋ္ဌာန်းရာတွင်လည်း ဘုရားရှင်၏ ဓမ္မဝိနယနှင့်လျော်ညီစွာ ရေးဆွဲခဲ့၍လည်းဖြစ်ပါသည်ဘုရား။

ဝိနိစ္ဆယရေးရာနှင့်ပတ်သက်၍ အဓိကရုဏ်းမှုခင်းတစ်ခုစတင်ဖြစ်ပွားသည်မှစ၍ အေးငြိမ်းသည့် တိုင်အောင် လုပ်ငန်းစဉ်များကို အသေးစိတ်ပြည့်စုံစွာ ပြဋ္ဌာန်းသတ်မှတ်ခဲ့သည့်အပြင် အကောင် အထည်ဖော်ဆောင်ရွက်ရာတွင်လည်း အာဏာစက် ဓမ္မစက်၊ ပဂ္ဂဟ နိဂ္ဂဟလမ်းစဉ်ဖြင့် ပြီးပြတ်သည် အထိ ပြဋ္ဌာန်းဆောင်ရွက်နိုင်ခဲ့ပါသည် ဘုရား။ သာသနာရေးရာနှင့်ပတ်သက်၍ နိုင်ငံတော် သြဝါဒါ စရိယ၊ နိုင်ငံတော်သံဃမဟာနာယက၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန် ဆောင်၊ နိုင်ငံတော်ဝိနည်းဓိုရ် ဟူသော နိုင်ငံတော်အဆင့်အဖွဲ့အစည်းများ၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့်နာယက၊ ဝန်ဆောင်၊ ဝိနည်းဓိုရ်စသည်ဖြင့် ရပ်/ကျေးအဆင့်အထိ တိုင်းဒေသကြီး/ပြည်နယ်အလိုက်၊ ဂိုဏ်းအသီးသီးအလိုက် အဖွဲ့အစည်းအဆင့်ဆင့်ကိုလည်း တိကျခိုင်မာသည့် အဖွဲ့အစည်းတစ်ရပ်ဖြစ်အောင် ဖွဲ့စည်းနိုင်ခဲ့ပြီးဖြစ်ပါသည်ဘုရား။ ထို့အပြင် သံဃာ့အဖွဲ့အစည်းများ သာမက သီလရှင်အမှုဆောင်အဖွဲ့အစည်းအဆင့်ဆင့်ကိုလည်း ဖွဲ့စည်းနိုင်ခဲ့ပြီဖြစ်ပါသည်ဘုရား။

ပညာရေးရာနှင့်ပတ်သက်၍လည်း အဆင့်အမြင့်ဆုံး တိပိဋကဓရ တိပိဋက ကောဝိဒ ရွေးချယ် ရေးစာမေးပွဲကြီးကို စည်းမျဉ်းစည်းကမ်းအလိုက် ကျင်းပနိုင်ခဲ့သည်မှာ စိန်ရတုနှစ်ပင်တိုင်ခဲ့ပြီးဖြစ် ပါသည်ဘုရား။ အလားတူပင် အစိုးရဓမ္မာစရိယ၊ ပါဠိပထမပြန်၊ အစိုးရနိကာယ်၊ အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ်စသော စာမေးပွဲအသီးသီးကိုလည်း သက်ဆိုင်ရာစာမေးပွဲများ၏ စည်းမျဉ်းစည်းကမ်းများအတိုင်း နှစ်စဉ်ကျင်းပနိုင်ခဲ့ပါသည်ဘုရား။ ထို့အပြင် နိုင်ငံ တော်သံဃမဟာနာယကအဖွဲ့ကြီး၏ စီမံတည်ထောင်မှုဖြင့် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်ကြီးများကိုလည်း ၁၃၄၈ (၁၉၈၆-၈၇) ခုနှစ်ကပင် စတင် ဖွင့်လှစ်လာခဲ့ရာ ယခုအချိန်အထိ အရှိန်အဟုန်မပျက် ဖွင့်လှစ်သင်ကြားနေဆဲပင် ဖြစ်ပါသည်ဘုရား။ နိုင်ငံတကာအဆင့်နှင့်ယှဉ်၍ ပရိယတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဓ သာသနာသုံးရပ် ကမ္ဘာအနှံ့ ပြန့်ပွားစေရန် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်ကြီးကိုလည်း ၁၉၉၈ ခုနှစ်တွင် တည်ထောင်ဖွင့်လှစ်၍ ယနေ့တိုင် နိုင်ငံသား ရဟန်းတော် သီလရှင်ယောဂီများသာမက ကမ္ဘာ့ နိုင်ငံပေါင်းများစွာမှ ရဟန်း၊ သီလရှင်၊ ယောဂီ ကျောင်းသား ကျောင်းသူပေါင်း များစွာတို့ကို သင်ကြားပို့ချပေးနိုင်ခဲ့ပါသည်ဘုရား။

ဆရာတော်အရှင်မြတ်တို့ဘုရား-

ရှေးရှေးဆရာ့ဆရာ ဒီဃဒဿီမထေရ်တို့၏ တာဝန်များကို လက်ဆင့်ကမ်းတာဝန်ထမ်းဆောင် ကြသည့် တပည့်တော်တို့ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ဆရာတော်များသည်လည်း ရှေးဆရာ ထေရ်တို့၏ထုံးကို နှလုံးမူ၍ ဝိနိစ္ဆယရေးရာ၊ သာသနာရေးရာ၊ ပညာရေးရာကိစ္စရပ်များ၌ ကျွမ်းကျင်သော၊ စူးစမ်းနှိုင်းချိန်နိုင်သည့် ပညာနှင့်ပြည့်စုံသော၊ ပြုလုပ်ရန် စီမံခန့်ခွဲရန်လည်း စွမ်းနိုင်သော အရည်အချင်းပြည့်ဝသည့် အရှင်မြတ်များဖြစ်လာစေရန် ပိဋကတ်တော် ပါဠိ၊ အဋ္ဌကထာ၊ ဋီကာ၊ ဂဏ္ဌိ စသည်များ၊ သံဃာ့အဖွဲ့အစည်းအခြေခံစည်းမျဉ်းလုပ်ထုံးလုပ်နည်း၊ ဝိနည်း ဓမ္မကံ အဓိကရုဏ်းမှုခင်းများဖြေရှင်းဆုံးဖြတ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ ဝိနိစ္ဆယလက်စွဲ၊ သံဃနာယကလက်စွဲ၊ ညွှန်ကြားလွှာစသည်များကို ကျေညက်အောင် လေ့လာထားရမည်ဖြစ်ပါသည်ဘုရား။

ဆရာတော်အရှင်မြတ်တို့ဘုရား-

အထူးသတိပေးလျှောက်ထားလိုသည်မှာ-

ဆန္ဒာ ဒေါသာ ဘယာ မောဟာ၊

ယော ဓမ္မံ အတိဝတ္တတိ။

နိဟီယတိ တဿ ယသော၊

ကာဠပက္ခေဝ စန္ဒိမာ (ဝိ/၅၊ ၂၉၄)

အဂတိ လေးပါး လိုက်သောပုဂ္ဂိုလ်၏ ဂုဏ်သတင်းကျော်စောခြင်းစသည်သည် လဆုတ်ပက္ခ၌ လကဲ့သို့ တစ်နေ့တခြား ဆုတ်ယုတ်၏ဟူသော ဗုဒ္ဓမြတ်စွာ၏ဒေသနာတော်ကို ဦးထိပ်ပန်ဆင်၍ အဂတိလေးပါးကင်းစင်အောင် အမြဲမပြတ် နှလုံးသွင်းဆင်ခြင်သင့်ပါသည်ဘုရား။ ထိုလေးပါးတို့တွင် ဆန္ဒာဂတိ၊ ဒေါသာဂတိ၊ ဘယာဂတိတို့မှ ကင်းစင်ရန် သတိသမ္ပဇဉ် အမြဲယှဉ်ပါက လွယ်ကူသော်လည်း မောဟာဂတိကင်းစင်ရန် မလွယ်ကူပါ။ “ လောက မဖျင်းစေနှင့် ဓမ္မမယွင်းစေနှင့်” ဟူသော ရှေးပညာရှိတို့၏ အဆိုအမိန့်နှင့်အညီ လောကဘက် ၊ ဓမ္မဘက် နှစ်ဖက်လုံးကျွမ်းကျင်နေမှသာ မောဟာဂတိမှ ကင်းစင်နိုင်ပါသည်။ သို့ဖြစ်၍ မိမိတို့လုပ်ငန်းကိစ္စ အဝဝ၌ ကျွမ်းကျင်နှံ့စပ်သည့် ဆရာတော်များအဖြစ် ကျရောက်လာသည့် တာဝန်ဝတ္တရားများကို အဂတိကင်းစွာ ဆောင်ရွက်နိုင်ကြပါစေကြောင်း တိုက်တွန်းရင်း ဘုရားတပည့်တော်၏သြဝါဒကထာကို နိဂုံးကမ္ပတ်အဆုံးသတ်အပ်ပါသည် ဆရာတော်အရှင် သူမြတ်တို့ဘုရား။

No comments:

Post a Comment