Tuesday, December 5, 2023

ရန်ကုန်တိုင်းဒေသကြီးနယ်မြေ မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့ စမ်းသပ်မဲပေးလေ့လာခြင်း ဆောင်ရွက်

 


ရန်ကုန် ဒီဇင်ဘာ ၄

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် မဲပေးခြင်း အသိပညာပေးလုပ်ငန်းအား ဆောင်ရွက်လျက်ရှိရာ ယနေ့မှစ၍ ရန်ကုန်တိုင်းဒေသကြီး နယ်မြေ ခရိုင် လေးခုရှိ မြို့နယ် လေးမြို့နယ်တို့တွင် မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်းအစီအစဉ်ကို တစ်ပြိုင်တည်း ဆောင်ရွက်ခဲ့သည်။

မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့မဲပေးလေ့လာခြင်းကို သက်ဆိုင်ရာနယ်မြေအလိုက် နံနက် ၉ နာရီမှ မွန်းလွဲ ၃ နာရီအထိ ဆောင်ရွက်ခဲ့ရာ မြောက်ပိုင်း ခရိုင် အင်းစိန်မြို့နယ်တွင် ရပ်ကွက် ၁၁ ခုတို့မှ ၄၀၁ ဦး၊ အရှေ့ပိုင်းခရိုင် တောင်ဥက္ကလာပ မြို့နယ်တွင် ရပ်ကွက် ခုနစ်ခုတို့မှ ၂၄၃ ဦး၊ တောင်ပိုင်းခရိုင် သန်လျင်မြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု ၄၅ ခုတို့မှ ၄၅၃ ဦး၊ အနောက်ပိုင်းခရိုင် ကျောက်တံတားမြို့နယ်တွင် ရပ်ကွက်ငါးခုတို့မှ ၃၅၅ ဦး၊ စုစုပေါင်း ရပ်ကွက်/ကျေးရွာအုပ်စု ၆၈ ခုတို့မှ ၁၄၅၂ ဦး လာရောက်လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်းနှင့် သက်ဆိုင်ရာ နယ်မြေအလိုက် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများနှင့် ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ကြီးကြပ်ဆောင်ရွက်ခဲ့ကြပြီး နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုထားပြီးဖြစ်သည့် နိုင်ငံရေးပါတီများမှ ပါတီကိုယ်စား လှယ်များလည်း တက်ရောက်၍ လက်တွေ့စမ်းသပ်မဲပေးလေ့လာအကြံပြုခြင်းများ ဆောင်ရွက် ခဲ့ကြသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် အဆိုပါမြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေး လေ့လာခြင်း အစီအစဉ်အား ရန်ကုန်တိုင်းဒေသကြီးနယ်မြေရှိ မြို့နယ် ၄၅ မြို့နယ်တို့၌ ရပ်ကွက်/ ကျေးရွာအုပ်စုအဆင့်ထိ မဲဆန္ဒရှင် ပြည်သူအားလုံး ပါဝင်ဆောင်ရွက်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment