Sunday, December 31, 2023

ယဉ်ကျေးမှုအမွေ ထိန်းစို့လေ

ခိုင်မာသောမျိုးချစ်စိတ်သည် အကောင်းဆုံးအထောက်အပံ့ဖြစ် ယဉ်ကျေးမှုဆိုရာ၌ ဒြပ်ရှိယဉ်ကျေးမှုနှင့် ဒြပ်မဲ့ယဉ်ကျေးမှုဟူ၍ နှစ်မျိုးရှိပါသည်။ ထိုဒြပ်ရှိ၊ ဒြပ်မဲ့ယဉ်ကျေးမှုများ အရှည်တည်တံ့ ခိုင်မြဲစွာတည်ရှိနေစေရန်အတွက် ခိုင်မာသောမျိုးချစ်စိတ်ဓာတ်သည် အကောင်းဆုံးသော အထောက်အပံ့ပင်ဖြစ်လေသည်။

ဘုရား၊ ကျောင်း၊ ဇရပ်၊ သိမ်၊ စေတီ၊ ခေါင်းလောင်း၊ ဘာသာရေး အဆောက်အအုံ၊ ရေတွင်း၊ ရေကန်၊ မျှော်စင်၊ မြို့ဟောင်းများစသည်တို့သည် ဒြပ်ရှိယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်များဖြစ်ကြသည်။ တစ်နှစ်ထက်တစ်နှစ် အပူချိန်မြင့်မားလာသောကမ္ဘာကြီးတွင် ဆိုးရွားသောရာသီဥတုဖြစ်စဉ်များကို ကမ္ဘာတစ်ဝန်း ရင်ဆိုင်နေကြရသည်။ ထိုကဲ့သို့ရာသီဥတုဖောက်ပြန်မှုများကြောင့် ဒြပ်ရှိယဉ်ကျေးမှုအမွေ အနှစ်များ ပျက်စီးဆုံးရှုံးမှုဖြစ်စဉ်များ ဖြစ်ခဲ့ကြသည်။ ထို့ကြောင့် ဒြပ်ရှိယဉ်ကျေးမှုများသည် ရာသီဥတုဒဏ်ကြောင့် ပျက်စီးစေနိုင်လေသည်။

 ဆယ့်နှစ်လရာသီပွဲတော်များ၊ အလှူမင်္ဂလာဘိသိက်အခမ်း အနားများ၊ ရှင်ပြုနားသအလှည့်ပွဲများ၊ ဘုရားထီးတင်ပွဲ၊ ပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ၊ ဆိုကရေးတီးပြိုင်ပွဲ၊ ငါးလွှတ်ပွဲ၊ ဆင်ပွဲတော်အစရှိသည်တို့သည် ဒြပ်မဲ့ယဉ်ကျေးမှုများဖြစ်ကြသည်။ လူတို့ပြုလုပ်စီမံမှသာ ဖြစ်ထွန်းရသောပွဲတော်များသည် ဒြပ်မဲ့ယဉ်ကျေးမှုပွဲတော်များ ဖြစ်ကြသည်။ ရာသီဥတုဖောက်ပြန်မှုများကြောင့် ကမ္ဘာကြီးဇောက်ထိုး ဖြစ်သွားပါစေ မိမိတို့၏ရင်ထဲတွင် ခိုင်မာသောမျိုးချစ်စိတ်ဓာတ် နိုးကြားရှင်သန်နေလျှင် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များသည် ဘယ်သောအခါမှ ပျောက်ပျက်မသွားနိုင်ပေ။ ဘယ်သူဖျက်ဖျက် မပျက်စီးနိုင်ပေ။

ယဉ်ကျေးမှုပွဲတော်များကို ဖျက်ဆီးခြင်းသည် တိုင်းပြည်ကို ဖျက်ဆီးခြင်းဖြစ်

မြန်မာတို့သည် ရှေးပဝေသဏီဘိုးဘေးဘီဘင်လက်ထက် ကတည်းက ကိုယ့်ထီး၊ ကိုယ့်နန်း၊ ကိုယ့်ကြငှန်း၊ ကိုယ့်အမျိုး၊ ကိုယ့်ဘာသာ၊ ကိုယ့်စာပေ၊ ကိုယ့်ယဉ်ကျေးမှု၊ ကိုယ့်အနုပညာနှင့် အမှီအခိုကင်းစွာ ရပ်တည်လာနိုင်ခဲ့ကြလေသည်။ ဘိုးတော်ဘုရားတောင်းဆိုမှုကြောင့် မြဝတီမင်းကြီးဦးစက စောင်းကြိုးကို ခုနစ်ကြိုးမှ ၁၃ ကြိုးအထိ တီထွင်နိုင်ခဲ့သည်။ ဗုံ ၂၁ လုံးကို ကြီးစဉ်ငယ်လိုက်စီကာ ပတ်စာဖြင့်အသံညှိ၍တီးရသော မြန်မာ့ဆိုင်းဝိုင်းသည် မြဝတီမင်းကြီး ဦးစလက်ထက်မှ အစပြုခဲ့သည်ဟု ရှေးပညာရှိများက ယူဆခဲ့ကြလေသည်။ ထိုကဲ့သို့ ဘိုးဘေးများ ခက်ခက်ခဲခဲတီထွင်ဖန်တီးခဲ့ရသော ရိုးရာယဉ်ကျေးမှုအနုပညာအမွေများကို ထာဝစဉ်ထိန်းသိမ်း စောင့်ရှောက်သွားကြရန် နိုင်ငံသားတိုင်းတွင် တာဝန်ရှိပါသည်။

ခေတ်မီနည်းပညာများ တိုးတက်နေသောကမ္ဘာကြီးတွင် တိုးတက်မှုမြန်သကဲ့သို့ ဆုတ်ယုတ်မှုလည်း မြန်ဆန်လွန်းလှပါသည်။ နိုင်ငံတော်၏ သယံဇာတနှင့် ပထဝီအနေအထားကို မျက်စိကျနေသော အနောက်နိုင်ငံများ၏ သွေးထိုးလှုံ့ဆော်မှုများကြောင့် ဒေါ်လာကိုသာ ချစ်သော ပြည်ဖျက်မီဒီယာများသည် နိုင်ငံ၏စည်းလုံးညီညွတ်မှု ပြိုကွဲစေရန် နည်းမျိုးစုံသုံးပြီး လုပ်ကြံဖန်တီးနေသည်ကို အများသိရှိပြီးဖြစ်ပါသည်။ ဆူလွယ်နပ်လွယ် ယုံလွယ်သော ဆယ်ကျော်သက် လူငယ်လေးများကို နိုင်ငံရေးလုပ်ဇာတ်ခင်းကာ PDF (ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့) ဟူ၍ အမည်နာမပေးပြီး ဗီလိန်ဇာတ်ရုပ်မှ ကခိုင်းနေကြသည်။ ဗီလိန်ဇာတ်ကောင်များကလည်း တည်ငြိမ်အေးချမ်းမှုပြိုကွဲစေရန် ဖျက်ဆီးမှုနည်းမျိုးစုံကို ပြုလုပ်ကြလေသည်။ ယဉ်ကျေးမှုပွဲတော်များ မဖြစ်မြောက်စေရန် အွန်လိုင်းပေါ်မှ ခြောက်လှန့်ကြသည်။ ဘုရားပွဲတော်များသို့ လူအများ စည်စည်ကားကားမသွားနိုင်ရန် အနှောင့်အယှက်ပြုကြလေသည်။ ယဉ်ကျေးမှုပွဲတော်များကို မကျင်းပနိုင်ရန် တားဆီးခြင်းသည် ယဉ်ကျေးမှုအမွေ အနှစ်၏တန်ဖိုးကို မသိခြင်းကြောင့်ပင်ဖြစ်ပေသည်။ ကိုယ့်ယဉ်ကျေးမှုကို လေးစားတန်ဖိုးထားခြင်းမရှိဘဲ ဖျက်ဆီးနေသောသူများသည် တိုင်းပြည်ကိုဖျက်ဆီးနေခြင်းနှင့် အတူတူပင်ဖြစ်ပါသည်။

တန်ဖိုးသိမှ တန်ဖိုးရှိမည်ဖြစ်သည်။ သီတင်းကျွတ်မီးထွန်းပွဲတော်သို့ သွားသောသူသည် သီတင်းကျွတ်မီးထွန်းပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကိုသိရန်လိုအပ်ပါသည်။ ကထိန်ပွဲဆင်နွှဲသောသူသည် ကထိန်ခင်းရခြင်း၏ရည်ရွယ်ချက်ကို သိရန်လိုပါသည်။ ရရှိနိုင်သော ကောင်းကျိုးချမ်းသာများကိုလည်း သိရန်လိုပါသည်။ ထိုသို့သိမြင် တန်ဖိုးထားတတ်စေရန် မိဘနှင့် ဆရာသမားများက သွန်သင်ဆုံးမ ပြောပြရန်လိုအပ်ပါသည်။ အခြေခံအုတ်မြစ် ကောင်းကောင်းချနိုင်မှသာ ရာသီဥတုဒဏ်ခံနိုင်သော အဆောက်အအုံကောင်းဖြစ်နိုင်သလို မိမိတို့ရင်သွေးငယ်များ၏ နှလုံးသားထဲတွင် ဘာသာတရားနှင့် အမျိုးသားယဉ်ကျေးမှုအမွေကို တန်ဖိုးထားသောစိတ်ဓာတ်များ အုတ်မြစ်ချပေးကြရန်အတွက် မိဘနှင့်ဆရာသမားများတွင် အထူးတာဝန်ရှိသည်ဟု ထင်မှတ်မိပါသည်။

လူမျိုးရှိလျှင် ကိုးကွယ်ယုံကြည်သော ဘာသာတရားရှိကြလေ သည်။ ဘာသာပျောက်လျှင် လူမျိုးပါပျောက်ကွယ်နိုင်သဖြင့် ဗုဒ္ဓဘာသာ ထာဝစဉ်တည်တံ့စေရန် မိမိတို့၏ရင်သွေးငယ်များကို ဘာသာရေးနှင့် ဆက်နွှယ်သောအဆုံးအမများ၊ ငါးရာ့ငါးဆယ်နိပါတ်တော်လာပုံပြင် များဖြင့် အခြေခံအုတ်မြစ်ကောင်းအောင် တည်ဆောက်ပေးသင့်ပါသည်။ နိုင်ငံတော်အစိုးရကလည်း ယဉ်ကျေးလိမ္မာသောလူငယ်များဖြစ်လာ စေရန်ရည်ရွယ်၍ နွေရာသီကျောင်းပိတ်ရက်တွင် ယဉ်ကျေးလိမ္မာ သင်တန်းများကို ဖွင့်လှစ်ပေးလျက်ရှိပါသည်။ နိုင်ငံတော်၏စေတနာကို လေးစားသောအားဖြင့် နွေရာသီကျောင်းပိတ်ရက်များတွင် မိမိတို့၏ ရင်သွေးငယ်များကို ယဉ်ကျေးလိမ္မာသင်တန်းများသို့ ပို့ဆောင်ပေးခြင်းဖြင့် ဘာသာတရားအခြေခံအုတ်မြစ် ခိုင်မာစေခြင်းအကျိုးထူးများ ရရှိနိုင်ပါလိမ့်မည်။ ယဉ်ကျေးသောလူ့စွမ်းအားအရင်းအမြစ်များဖြင့် ဖွဲ့စည်း ထားသော နိုင်ငံ၏အနာဂတ်လမ်းသည်လည်း ဖြောင့်ဖြူးသာယာစွာရှိနေပေလိမ့်မည်။

မြန်မာ့ယဉ်ကျေးမှုအနုပညာကို တန်ဖိုးထားတတ်စေရန်ပျိုးထောင်

အမျိုးသားယဉ်ကျေးမှုအစ စာသင်ကျောင်းကဟု ဆိုချင်ပါသည်။ ကျောင်းနေအရွယ်ကလေးငယ်များကို အမျိုးဂုဏ်၊ ဇာတိဂုဏ်ချစ်မြတ်နိုးတတ်စေရန်နှင့် မြန်မာ့ယဉ်ကျေးမှုဓလေ့ထုံးစံများ၊ မြန်မာ့ရိုးရာ အနုပညာများကို မြတ်နိုးတန်ဖိုးထားတတ်စေရန် ဆရာဆရာမများက လမ်းညွှန်မှုနည်းလမ်းစနစ်ကျရန်လိုပါသည်။ ခေတ်ရေစီးကြောင်းပေါ် တွင် ကမ္ဘာ့ဂီတများလွှမ်းမိုးနေချိန်ဝယ် မြန်မာ့ဂီတကို ချစ်မြတ်နိုးတတ်စေရန် သင်ကြားပေးသင့်ပါသည်။ ကျောင်းသားစုံညီပွဲတော် ဖျော်ဖြေတင်ဆက်ပွဲများတွင် မြန်မာသီချင်းများ၊ မြန်မာအကများဖြင့် တင်ဆက်ကပြစေခြင်းဖြင့် မြန်မာ့ယဉ်ကျေးမှုအနုပညာအမွေများကို လက်ဆင့်ကမ်းထိန်းသိမ်းနိုင်ကြပါလိမ့်မည်။

လက်ရည်တစ်ပြင်တည်း....... နှီးဒေါင်းလန်းတွေနဲ့...... ဝိုင်းဖွဲ့ကာ.... စားကြတယ်...”ဟူသော တေးရေးဆရာနန်းတော်ရှေ့ဆရာတင်၏ “လက်ရည်တစ်ပြင်တည်းအမည်ရသောတေးသီချင်းဖြင့် စည်းလုံးညီညွတ်၍ ပျော်ရွှင်ဖွယ်ကောင်းသော မြန်မာ့တောဓလေ့ရွာဓလေ့ သီချင်းဖြင့်လည်းကောင်း၊ အဆိုတော်မေလှမြိုင်၏ “မြန်မာ့ကြွေးကြော်သံ သီချင်းကဲ့သို့ မျိုးချစ်စိတ်နှင့် တိုင်းပြည်ကာကွယ်လိုစိတ်ကို ဖြစ်ပေါ်စေသောသီချင်းများဖြင့်လည်းကောင်း သင်ကြားပြသကပြစေခြင်းဖြင့် တစ်ချက်ခုတ်၊ နှစ်ချက်ပြတ်ဆိုသလို မြန်မာ့အနုပညာနှင့် မြန်မာ့ယဉ်ကျေးမှုထုံးတမ်းစဉ်လာအမွေအနှစ်များကို တန်ဖိုးထားသောစိတ်များ ပေါက်ဖွားလာစေပါသည်။ ထို့ကြောင့် သင်ကြားပေးသော အနုပညာဆရာ ဆရာမများကလည်း သီချင်းရွေးချယ်ရာတွင် အဓိပ္ပာယ်လေးနက်သော၊ မျိုးချစ်စိတ်ရှင်သန်ထက်မြက်စေသော သီချင်းများရွေးချယ်ပေးခြင်းဖြင့် တိုင်းပြည်နှင့်လူမျိုးကိုချစ်သော စိတ်များ ပွင့်လန်းလာအောင် ကြံဆောင်ပေးရန် လိုအပ်ပါသည်။

ရိုးရာယဉ်ကျေးမှုအမွေအနှစ်များထိန်းသိမ်းရန် တစ်မျိုးသားလုံးတာဝန်ဖြစ်

ကမ္ဘာပေါ်တွင် ဗုဒ္ဓဘာသာသည်အယဉ်ကျေးဆုံး၊ အနူးညံ့ဆုံးသောဘာသာဖြစ်ပါသည်။ ထို့ကြောင့်ဗုဒ္ဓဘာသာဝင်ဖြစ်သော မြန်မာနိုင်ငံသည် ယဉ်ကျေးသည့်နိုင်ငံဖြစ်ပါသည်။ ယဉ်ကျေးမှုအမွေအနှစ် များစွာဖြင့် လွှမ်းခြုံထားသော မြန်မာနိုင်ငံသားများသည် ကမ္ဘာပေါ်တွင် ကံအကောင်းဆုံးလူသားများပင်ဖြစ်ပေသည်။ တိုင်းပြည်တစ်ပြည် ဖွံ့ဖြိုးတိုးတက်ရေးတွင် ယဉ်ကျေးမှုထွန်းကားရေးသည်လည်း အဓိကမဏ္ဍိုင်တစ်ရပ်ဖြစ်ပါသည်။ ကိုယ့်ယဉ်ကျေးမှုကို ကိုယ်လေးစားရပေမည်။ မိမိကိုယ်မိမိ လေးစားမှသာလျှင်အများ လေးစားခြင်းကို ခံရမည်ဖြစ်သည်။ ထို့အတူပင် ကိုယ့်နိုင်ငံ၏ယဉ်ကျေးမှုကို ကိုယ်ကလေးစားမှသာ အခြားနိုင်ငံများကလည်း လေးစားပေလိမ့်မည်။ လေးစားမှုရှိမှသာ တန်ဖိုးထားမှုရှိပေမည်။ တစ်ဦးနှင့်တစ်ဦးတန်ဖိုးထား၍ ဆက်ဆံမှသာ သံတမန်ဆက်ဆံရေးများ အဆင်ပြေ၍ နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုများ ပိုမိုတိုးတက်ကောင်းမွန်နိုင်ပေလိမ့်မည်။ ထိုမှတစ်ဆင့်တက်၍ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးများ နှီးနှောဖလှယ်ခြင်းဖြင့် အကျိုးရလဒ်ကောင်း များ ရရှိနိုင်မည်ဖြစ်ပါသည်။

တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးဖြင့် ဖွဲ့စည်းထားသော ပြည်ထောင်စုမြန်မာနိုင်ငံကြီးသည် ပန်းမျိုးစုံဖူးပွင့်နေသော ပန်းဥယျာဉ်ကြီးသဖွယ် လှပတင့်တယ်လို့နေပါသည်။ ပန်းမျိုးစုံတို့တွင် အလှတရားကိုယ်စီရှိကြသကဲ့သို့ တိုင်းရင်းသားတို့တွင်လည်း ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများ ကိုယ်စီရှိကြလေသည်။ မည်သို့ပင် အရောင်အသွေးကွဲပြားစေကာမူ တစ်မြေတည်းနေ၊ တစ်ရေတည်း သောက်၊ တစ်မိုးအောက်တွင် ရှင်သန်နေထိုင်ကြသော ညီရင်းအစ်ကို မောင်ရင်းနှမများဖြစ်ကြလေသည်။ မြန်မာ့မြေပေါ်တွင်ရှိသော ဒြပ်ရှိ၊ ဒြပ်မဲ့ယဉ်ကျေးမှုမှန်သမျှသည် မြန်မာပြည်တွင်ရှိသော တိုင်းရင်းသား အားလုံးပိုင်ဆိုင်ကြလေသည်။ ထို့ကြောင့် ယဉ်ကျေးမှုအမွေအနှစ်များ၊ တိုင်းရင်းသားရိုးရာဓလေ့ထုံးစံများ မပျောက်ပျက်ရအောင် ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ကြရန်မှာ ပြည်ထောင်စုသားအားလုံး၏ သမိုင်းပေးတာဝန်တစ်ရပ်ပင်ဖြစ်ပေသည်။                      ။

လမင်းဟံသာ(ပဲခူး) 

No comments:

Post a Comment