Monday, December 25, 2023

(၇၆) နှစ်မြောက် တပ်မတော် (ရေ) နှစ်ပတ်လည်နေ့အထိမ်းအမှတ် ပရိတ်တရားနာယူခြင်းနှင့် အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၂၄

(၇၆)နှစ်မြောက် တပ်မတော် (ရေ) နှစ်ပတ်လည်နေ့အထိမ်းအမှတ် ပရိတ်တရားနာယူ ခြင်းနှင့် အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ နယ်မြေခံရေတပ်စခန်းဌာနချုပ်ရှိ မာရာရိဇယရန်မျိုးအောင်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ရာ အလယ်တောရပဓာနနာယက ဆရာတော်အဘိဓဇမဟာရဋ္ဌဂုရု အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဂန္ဓမာလာဘိဝံသအမှူးပြုသော သံဃာတော်များ ကြွရောက်ချီးမြှင့်တော် မူကြပြီး ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီးမိုးအောင်၊ စစ်ဦးစီးအရာရှိချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်၊ တပ်မတော်(ရေ)မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။


 


ဦးစွာ ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့် အခမ်းအနား တက်ရောက်လာကြသူများက အလယ်တောရ ပဓာနနာယက ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက် တည်ကြကာ သံဃာတော်များ ရွတ်ပွား ချီးမြှင့်တော်မူသည့် ပရိတ်တရားတော် များနာယူကြည်ညိုကြပြီး လှူဖွယ်ပစ္စည်း များ ဆက်ကပ် လှူဒါန်းကြသည်။ ထို့နောက် အလယ်တောရပဓာနနာယက ဆရာတော်ထံမှ အနုမောဒနာတရား နာယူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြကာ သံဃာ တော်များအား အရုဏ်ဆွမ်းဆက်ကပ် လှူဒါန်းကြသည်။

ထို့ပြင် (၇၆) နှစ်မြောက် တပ်မတော် (ရေ) နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော လုံခြုံရေး တပ်ဖွဲ့ဝင်များအတွက် တပ်မတော်(ရေ) မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များက ဂုဏ်ပြုချီးမြှင့်ငွေ ကျပ်သိန်း ၁၀၀ ကို ပေးအပ်လှူဒါန်းခဲ့ကြောင်းနှင့် တပ်မတော် (ရေ)မိသားစုများကလည်း ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်ရှိ တပ်မတော်ဆေးရုံ (ခုတင် - ၅၀၀)၌ ဆေးရုံတက်ရောက် ကုသမှုခံယူနေသူများ အသုံးပြုရန်အတွက် ဆေးပဒေသာပင် ငွေကျပ်သိန်း ၅၀၊ ကင်ဆာဌာနတွင် ဆေးရုံတက်ရောက် ကုသမှုခံယူနေသူများ အသုံးပြုရန်အတွက် ငွေကျပ် ၁၀ သိန်းနှင့် အာဟာရဖြည့် စားသောက်ဖွယ်ရာများကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment