Thursday, October 5, 2023

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ခရီးသွားလုပ်ငန်းဆိုင်ရာ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် စီမံခန့်ခွဲမှုသင်တန်း ဖွင့်ပွဲအခမ်းအနားနှင့် စမ်းသပ်သန်းခေါင်စာရင်းကောက်ယူနေမှုများ ကွင်းဆင်းကြည့်ရှု


ပဲခူး အောက်တိုဘာ ၄

ခရီးသွားလုပ်ငန်းဆိုင်ရာ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် စီမံ ခန့်ခွဲမှုသင်တန်းဖွင့်ပွဲအခမ်းအနားကို ပဲခူးမြို့ မြို့တော်ခန်းမ၌ အောက်တိုဘာ ၄ ရက် နံနက်ပိုင်းက ကျင်းပသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ခရီးသွားလုပ်ငန်းသည် ကဏ္ဍပေါင်းစုံနှင့် ဆက်စပ်လျက်ရှိပြီး အလွှာအသီးသီးမှ လုပ်ငန်းမျိုးစုံပါဝင်နေသော ခရီးသွားလုပ်ငန်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ အောင်မြင်စေရေးအတွက် နည်းပညာနှင့် လူသားအရင်းအမြစ်ကောင်းများ လိုအပ်ကြောင်း၊ နိုင်ငံ တစ်နိုင်ငံ၊ ဒေသတစ်ခု၏ စီးပွားရေးမြှင့်တင်မှုနှင့် စီးပွားရေးတိုးတက်မှုများတွင် MSME လုပ်ငန်းများအောင်မြင်ခြင်းသည် အဓိကမောင်းနှင်အားတစ်ရပ်ဖြစ်ပြီး တစ်နိုင်ငံလုံး၏ စီးပွားရေးလုပ်ငန်းများ၏ ၉၀ ရာခိုင်နှုန်းကျော်သည် MSME လုပ်ငန်းများဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်းကဏ္ဍအတွင်းရှိ MSME လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏လုပ်ငန်းများကို ပိုမိုအဆင့်မြှင့်တင်ခြင်း၊ တီထွင်ဆန်းသစ်ခြင်းအပြင် ဝန်ဆောင်မှုကောင်းမွန်စွာဖြင့် လာရောက်လည်ပတ် သူဧည့်သည်များအတွက် အတွေ့အကြုံကောင်းများစွာ ရရှိစေရေး၊ စိတ်ကျေနပ်စေရေး ဝိုင်းဝန်းကြိုးစား ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ သင်တန်းသား သင်တန်းသူ များနှင့် အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ပြီး ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးသည်။

အဆိုပါသင်တန်းသည် ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းဆိုင်ရာ ဆက်စပ်သည့် စီးပွားရေးလုပ်ငန်းများ ရေရှည်အောင်မြင်စေရေး ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲခြင်း၊ ဝန်ထမ်းရေးရာစီမံခန့်ခွဲခြင်း၊ ဈေးကွက်ချဲ့ထွင်ခြင်း၊ ဒစ်ဂျစ်တယ်ဈေးကွက်မြှင့်တင်ခြင်း၊ ကုန်ကျစရိတ်လျှော့ချခြင်းနှင့်အတူ ပြည့်စုံသော စီးပွားရေးလုပ်ငန်း စီမံချက်ရေးဆွဲခြင်း၊ လိုအပ်သော ဘဏ္ဍာငွေအရင်းအမြစ်များရယူခြင်း စသည့်ဘာသာရပ်များကို သင်ကြားပေးသွားမည်ဖြစ်ပြီး ခရီးသွားလုပ်ငန်းဆိုင်ရာ MSME လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ ကနဦးလုပ်ငန်းများကို အခြေခံကောင်းကောင်းဖြင့် စတင်တည်ထောင်နိုင်ခြင်း၊ ရေရှည်တည်တံ့ခိုင်မြဲအောင်ဖော်ဆောင်နိုင်ခြင်း၊ စွန့်ဦးတီထွင်သူများအဖြစ် ပေါ်ထွန်းလာနိုင်ခြင်း၊ မိရိုးဖလာ လုပ်ငန်းအဆင့်မှ စီမံခန့်ခွဲမှုစနစ်ကျသော လုပ်ငန်းတစ်ရပ်အဖြစ် ပြောင်းလဲလာနိုင်ခြင်းစသည့် အကျိုးကျေးဇူးများရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်သိုက်နှင့် တာဝန်ရှိသူများကို တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းဦးက ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၃ ခုနှစ် စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူနေမှုအခြေအနေများအား ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြခဲ့မှုပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်ရှင်းလင်းပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့သည် ကမာနတ်ကျေးရွာအတွင်း နယ်မြေ (၃) နှင့် နယ်မြေ (၄) တို့၌ စမ်းသပ်သန်းခေါင် စာရင်းကောက်ယူနေမှုကို လှည့်လည်ကြည့်ရှုပြီး ဒေသခံပြည်သူများကို အားပေးစကား ပြောကြားခဲ့သည်။

တိုင်းဒေသကြီး(ပြန်/ဆက်)

No comments:

Post a Comment