Thursday, October 5, 2023

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မြို့သစ်မြို့နယ် လဲလူကျေးရွာရှိ မိုးစပါးမျိုးစေ့ထုတ်စံပြကွက်တွင် မြေဩဇာကြဲပက်ခြင်းအား ကြည့်ရှုအားပေး

 

မြို့သစ် အောက်တိုဘာ ၅

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးလင်းထွဋ်၊ တိုင်းဒေသကြီးခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ အောက်တို ဘာလ ၃ ရက်နေ့ နံနက်ပိုင်းက မြို့သစ်မြို့နယ် လဲလူကျေးရွာအုပ်စု၊ လဲလူကျေးရွာရှိကွင်းအမှတ် (၁၄၉၄)၊ တောင်သူ ဦးသန်းထွန်းအောင်၏ ဧရာမင်းမိုးစပါးမျိုးစေ့ထုတ်စံပြကွက် (၅)ဧကတွင် မြေဩဇာကြဲပက်ပွဲအခမ်းအနားသို့ တက်ရောက်၍ ကြည့်ရှုအားပေးသည်။




ထို့နောက် ဝန်ကြီးချုပ်သည် တောင်သူများနှင့်တွေ့ဆုံကာ မိုးစပါးအပြင် နှမ်း၊ မြေပဲ စသည့် ဆီထွက်သီးနှံများကို တိုးချဲ့စိုက်ပျိုးကြရန်လိုကြောင်း၊ တောင်သူများအနေဖြင့်လည်း နွေစပါး၊ မိုးစပါးနှင့် ဆောင်းသီးနှံများ စိုက်ပျိုးပါကလည်း အထွက်နှုန်းကောင်းမွန်အောင် မြေယာပြုပြင်ခြင်း၊ စိုက်နည်းစနစ်မှန်ကန်အောင်နှင့် အချိန်မီစိုက်ပျိုးရန်လိုကြောင်း၊ သီးနှံအတွက် စိုက်ပျိုးရေလိုအပ်ချက်နှင့် နည်းစနစ်မှန်ကန်စေရေးအတွက်လည်း သက်ဆိုင်ရာဌာနများမှ ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ တောင်သူများ၏ အကျိုး စီးပွားအတွက် အဘက်ဘက်မှ စဉ်းစားဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်လမ်းဦးစီးဌာနရှိ ရှင်းလင်းဆောင်သို့ ရောက်ရှိကာ မြို့နယ်လမ်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်သည့် နေပြည်တော်-တောင်ညိုမြို့သစ်ကန်ပြား(မေကြး)လမ်းပိုင်းတွင် ကတ္တရာလမ်းချဲ့ခြင်းနှင့် ထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းဆောင်ရွက်မှုများကို လမ်းဦးစီးဌာန တာဝန်ရှိသူများက မြေပုံကားချပ်ဖြင့် ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် မြို့သစ်မြို့နယ် မြေပြင်သာကျေးရွာ အထက်တန်းကျောင်း၌ တွဲဖက်ဖွင့်လှစ်သည့် စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းသို့ ရောက်ရှိ၍ ကျောင်းသား၊ ကျောင်းသူများ စိုက်ပျိုး၊ မွေးမြူရေးပညာရပ်များသင်ကြားနေမှုကို ကြည့်ရှု၍ အားပေးစကားများ ပြောကြားကာ လိုအပ်သည့် ပံ့ပိုးမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သန်းဝင်းထွန်း(ပြန်/ဆက်)

No comments:

Post a Comment