Thursday, October 5, 2023

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မြို့သစ်မြို့နယ်တွင်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများ ကြည့်ရှုစစ်ဆေး

 

မကွေး အောက်တိုဘာ ၅

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးလင်းထွဋ်နှင့် အတူ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါကာ စက်တင်ဘာလ ၃ ရက်နေ့ နံနက်ပိုင်းက မြို့သစ်မြို့နယ်တွင် လဲလူကျေးရွာရှိ မိုးစပါးမျိုးစေ့ထုတ် စံပြကွက်တွင် မြေဩဇာကြဲပက်ခြင်းနှင့် မြေပြင်သာကျေးရွာ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများ စိုက်ပျိုး၊ မွေးမြူရေး ပညာရပ်များကို သင်ကြား သင်ယူနေမှုအား ကြည့်ရှုအားပေးကာ၊ နေပြည်တော်-တောင်ညို-မြို့သစ်-ကန်ပြား(မကွေး) လမ်းပိုင်းတွင် ကတ္တရာလမ်းချဲ့ခြင်းနှင့် ထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းများ ကြည့်ရှုစစ်ဆေးသည်။



ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် မြို့သစ်မြို့နယ် လဲလူကျေးရွာအုပ်စု၊ လဲလူ ကျေးရွာရှိ ကွင်းအမှတ်(၁၄၉၄)၊ တောင်သူ ဦးသန်းထွန်းအောင်၏ ဧရာမင်းမိုးစပါး မျိုးစေ့ထုတ် စံပြကွက်(၅)ဧကတွင် မြေဩဇာကြဲပက် ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးကာ ဒေသခံ မိုးစပါးစိုက်တောင်သူများနှင့် တွေ့ဆုံခဲ့သည်။

တွေ့ဆုံစဉ် တိုင်းဒေသကြီးဝန်ကြီးချုပ်က တောင်သူများအနေဖြင့် မိုးစပါးများ ပန်းတိုင်အထွက် နှုန်းရရှိစေရေး လက်ရှိစိုက်ပျိုးလျက်ရှိသည့် မျိုးများအစား အထွက်နှုန်းကောင်းသည့် ဆာဖိုးသာ၊ GW 11 စသည့် မျိုးများကို စိုက်ပျိုးဆောင်ရွက်စေလိုကြောင်း၊ စပါးစိုက်ပျိုးရာမှာ ကွန်ပေါင်း ဓာတ်မြေသြဇာကို အလွယ်သုံးစွဲနေကြသဖြင့် ငွေကုန်ကြေးကျများပြီး စိုက်စရိတ်မြင့်တက် လာခြင်းကြောင့် ကွန်ပေါင်းဓာတ်မြေသြဇာ တင်သွင်းမှုကို လျှော့ချရန်နှင့် စပါးသက်တမ်းအလိုက် အမှန်တကယ်လိုအပ်သည့် အာဟာရကို ပေးစွမ်းနိုင်သည့် ဓာတ်မြေသြဇာအမျိုးအစားများကိုသာ သုံးစွဲကြစေလိုကြောင်း၊ သီးနှံအထွက်တိုးရန်အတွက် မျိုးကောင်း မျိုးသန့်များ သုံးစွဲရန် လိုအပ်ပြီး မျိုးကောင်းမျိုးသန့်ရရှိရေးနှင့် နည်းပညာပိုင်းဆိုင်ရာ လိုအပ်ချက်များကိုလည်း စိုက်ပျိုးရေးဦးစီးဌာနမှ စီစဉ်ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ သီးနှံအထွက်နှုန်း ကောင်းမွန်စေရန်အတွက် သက်ဆိုင်ရာနယ်မြေအလိုက် ကွင်းဝန်ထမ်းတွေက စိုက်ရေးပျိုးရေးနှင့်ပတ်သက်ပြီး တောင်သူပည်ပေးလုပ်ငန်းများကို ပံ့ပိုးကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း၊  တောင်သူများအနေဖြင့် နွေ၊ မိုး၊ ဆောင်း ရာသီသီးနှံများ အောင်မြင်စွာ စိုက်ပျိုးနိုင်ရေးအတွက် မိုးစပါးအပြင် နှမ်း၊ မြေပဲစသည့် ဆီထွက်သီးနှံများကို တိုးချဲ့ စိုက်ပျိုးကြရန်လိုကြောင်း၊ နွေစပါး၊ မိုးစပါးနှင့် ဆောင်းသီးနှံများ စိုက်ပျိုးပါကလည်း အထွက်နှုန်း ကောင်းမွန်အောင် မြေယာပြုပြင်ခြင်း၊ စိုက်နည်းစနစ်မှန်ကန်အောင်နှင့် အချိန်မီစိုက်ပျိုးဖို့လိုကြောင်း၊ သီးနှံအတွက် စိုက်ပျိုးရေလိုအပ်ချက်နှင့် နည်းစနစ်မှန်ကန်စေရေးအတွက်လည်း သက်ဆိုင်ရာဌာနများမှ ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊  တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တောင်သူများ၏ အကျိုးစီးပွားအတွက် အဘက်ဘက်မှ စဉ်းစားဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားကာ၊ ဒေသခံတောင်သူများ၏ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက် တင်ပြဆွေးနွေးမှုများအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် မြို့သစ်မြို့နယ် မြေပြင်သာကျေးရွာ အထက် တန်းကျောင်း၌ တွဲဖက်ဖွင့်လှစ်သည့် စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းသို့ ရောက်ရှိပြီး  အလယ်တန်းအဆင့် (Grade – 9)ပြီးမြောက် အောင်မြင်သော ကျောင်းသား၊ ကျောင်းသူများ စိုက်ပျိုး၊ မွေးမြူရေး ပညာရပ်များကို သင်ကြားသင်ယူနေမှု အခြေအနေများအား ကြည့်ရှုကာ၊ ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံ၍ ဒေသတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ လက်လှမ်းမှီ သင်ယူခွင့် ရရှိခြင်းအတွက်  များစွာ ဂုဏ်ယူ ဝမ်းမြောက်ကြောင်း၊ မိမိတို့၏ မိဘများက ငွေအင်အား လူအင်အားဖြင့် ဘက်ပေါင်းစုံမှ ပံ့ပိုးကူညီပြီး ကျောင်းထားပေးမှုအပေါ် ကျောင်းသား/ ကျောင်းသူများကလည်း ဆရာ/ဆရာမများ၏ သင်ကြားပြသမှု ဆိုဆုံးမမှုများကို နာခံ၍ ပညာတတ် လူတော်လူကောင်းများဖြစ်အောင် စည်းကမ်းရှိရှိ ကြိုးစားသင်ယူပြီး ဘာသာရပ်များအလိုက် မိမိတို့ စိတ်ပါဝင်စားသည့် ရည်မှန်းချက်များ အကောင်အထည်ဖော် ကြိုးစားသွားကြရန်နှင့် ဒေသခံ ကျောင်းသား၊ ကျောင်းသူတွေအနေဖြင့်လည်း မိဘနှင့် ရင်အုပ်မကွာ သက်မွေးဝမ်းကျောင်း အဆင့်မြင့်ပညာ သင်ယူခွင့်ရရှိခဲ့ပြီဖြစ်၍ ကျောင်းသား၊ ကျောင်းသူများကလည်း ကျောင်းတော်ကြီး၏ ရည်ရွယ်ချက်များ ပေါက်မြောက်အောင်မြင်အောင်၊ ဒေသ၏အနာဂတ် စီးပွားရေး အထောက်အပံ့ကောင်းတွေ ဖြစ်လာအောင် ကြိုးစားပေးကြရန်နှင့် အားပေးစကားများ ပြောကြားကာ လိုအပ်သည့် ပံ့ပိုးမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုမှတစ်ဆင့် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် မြို့သစ်မြို့အဝင် မြို့နယ်လမ်းဦးစီးဌာန ရှင်း လင်းဆောင်သို့ ရောက်ရှိခဲ့ပြီး  မြို့နယ်လမ်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်သည့် နေပြည်တော် - တောင်ညို - မြို့သစ် - ကန်ပြား(မကွေး)လမ်းပိုင်းတွင် ကတ္တရာလမ်းချဲ့ခြင်းနှင့် ထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းများနှင့် BOT စနစ်ဖြင့် ဆောင်ရွက်လျက်ရှိသော ရန်ကုန်-ပြည်-မန္တလေးလမ်း(မိုင် ၃၃၄/ ၃-၃၃၄/၇)အတွင်းရှိ ကန်ပြားအဝိုင်းအား ပြုပြင်မည့် အခြေအနေများနှင့် ပတ်သက်၍ လုပ်ငန်းဆောင်ရွက်မှုများကို လမ်းဦးစီးဌာနတာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ပြီး၊ အဆိုပါလမ်းပိုင်းများရှိ လုပ်ငန်းများတွင် ကတ္တရာလမ်းကျောက်စီခင်းခြင်း၊ လမ်းဘေး(ဝဲ/ယာ)ရေမြောင်းတူးခြင်းနှင့် လမ်းပုခုံး Slope ပြုလုပ်ခြင်း၊ ကံပြားအဝင်းတွင် ကတ္တရာလမ်းချဲ့ခြင်း ဆောင်ရွက်နေမှုများကို သွားရောက်၍ ကြည့်ရှုစစ်ဆေးကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို မှာကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မောင်ညီညာ

No comments:

Post a Comment