ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်းစီစဉ်ကျင်းပသည့် ဗလငါးတန်ဖွံ့ဖြိုးရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့က နေပြည်တော်ရှိ အခြေခံပညာအထက်တန်းကျောင်းများတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ခြင်းသည် မြန်မာနိုင်ငံတစ်ဝန်းရှိ လူငယ်လူရွယ် ကျောင်းသား ကျောင်းသူများအတွက် နမူနာယူစရာခွန်အားများ ရရှိနိုင်ပါသည်။
အခမ်းအနားတွင် ဗီယက်နမ်နိုင်ငံ၌ ကျင်းပမည့် (၁၃) ကြိမ်မြောက် အာဆီယံ ကျောင်းသားအားကစားပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ကြမည့် ဗိုဗီနမ်အားကစား မောင်မယ်များ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)နှင့် အခြေခံပညာကျောင်းများမှ အားကစားမောင်မယ်များ၏ ဝူရှူး၊ အေရိုးဗစ်နှင့် ကျွမ်းဘားအားကစားနည်းများ သရုပ်ပြတင်ဆက်မှုများသည် ကျောင်းသား ကျောင်းသူ လူငယ်လူရွယ်များအတွက် စိတ်ဓာတ်ရွှင်လန်းတက်ကြွမှုဖြစ်စေသည့် စံနမူနာပြစွမ်းဆောင်မှုများဖြစ်သည်။
အခမ်းအနားတွင် မြန်မာနိုင်ငံတစ်ဝန်းလုံး၌ရှိသည့် အထင်ကရနေရာများအား ကျောင်းသား ကျောင်းသူများ ဗဟုသုတဖြစ်စေရန် “သာယာလှပ ပြည်မြန်မာ” ရောင်စုံဓာတ်ပုံပြပွဲခင်းကျင်းပြသခြင်း၊ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးနှင့်ပတ်သက်သည့် စာအုပ်စာစောင်များ လေ့လာဖတ်ရှုနိုင်ရန် လူထုအခြေပြုဗဟိုဌာန (ပျဉ်းမနား) က ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ထားရှိပေးခြင်း၊ စကားပုံဆက်၊ ရုပ်ပုံဆက်၊ ခွက်နင်းလမ်းလျှောက်ပြိုင်ပွဲများ စီစဉ်ပေးထားခြင်း၊ ရုပ်မြင်သံကြားမှ အနုပညာရှင်များက ကျောင်းသား ကျောင်းသူများနှင့်အတူ ပျော်ရွှင်ဖွယ်ဂိမ်းများကစား၍ အနိုင်ရသူများအား ဆုချီးမြှင့်ပေးခြင်း၊ ဟာသပညာရှင်များက ကလေးများနှင့်အတူ ဆော့ကစားပြီး အမှတ်တရလက်မှတ်ရေးထိုးပေးခြင်း စသည်တို့သည် စိတ်ရွှင်လန်းတက်ကြွမှုကို ဖြစ်စေခဲ့သည်။
နိုင်ငံတော်အကြီးအကဲက အနာဂတ်တွင် ခေါင်းဆောင်များဖြစ်လာမည့် ကျောင်းသား ကျောင်းသူများကို တန်ဖိုးထားပြီး ကျောင်းသား ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးလာရေးအတွက် ပိုမိုသိရှိနားလည်ပြီး မှန်ကန်သည့်အသိပညာများရရှိစေရန် ကျောင်းများတွင် ဆွေးနွေးဟောပြောမှုများပြုလုပ်ရန် လမ်းညွှန်ထားသည်။ အနာဂတ်ကာလတွင် ကျောင်းသား ကျောင်းသူများအနေဖြင့် နိုင်ငံ့တာဝန်ကိုပခုံးပြောင်းတာဝန်ယူ ထမ်းဆောင်ကြရမည်ဖြစ်ရာ နိုင်ငံ့တာဝန်များကို ထမ်းဆောင်သည့်အခါတွင် ရဲရင့်ယုံကြည်မှုဖြင့် အများအကျိုးကို သယ်ပိုးထမ်းဆောင်နိုင်သည့် နိုင်ငံတော်ကအားထားရသော သားကောင်းရတနာများဖြစ်စေရန် အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတများကို အစဉ်အမြဲ လေ့လာဆည်းပူးနေကြရမည်ဖြစ်သည်။
ကျောင်းသား ကျောင်းသူ လူငယ်လူရွယ်များ ပညာသာမက ဘဝအတွက်လိုအပ်သော ဗဟုသုတများပါ တိုးပွားရေးရည်ရွယ်ချက်ဖြင့် လူငယ်အသိပညာပေး လှုပ်ရှားမှုများနှင့် ဟောပြောပွဲများကို ကျင်းပခဲ့ခြင်းဖြစ်သည်။ လူငယ်လူရွယ်များသည် နိုင်ငံ၏အနာဂတ်ဖြစ်သဖြင့် အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတများပြည့်စုံ နေစေရန်လိုအပ်သည်။ ထို့ကြောင့် အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတများ အပါအဝင် ဗလငါးတန်ပြည့်စုံမည့် ပညာရေးစနစ်၊ တစ်နည်းအားဖြင့် ဘက်စုံပညာရေးစနစ်ကို နိုင်ငံတော်က အကောင်အထည်ဖော်ပေးနေသည်။
အသိပညာ၊ ဗဟုသုတနှင့်ဉာဏ်ရည်ဉာဏ်သွေးများ မြင့်မားတိုးတက်လာစေရန်အတွက် ကျောင်းသင်ပညာများကို စဉ်ဆက်မပြတ်ဆည်းပူးနေရမည်။ ပညာဆည်းပူးခြင်းဖြင့် အကောင်းအဆိုး၊ ဆင်ခြင်တုံတရားနှင့် ဆန်းသစ်မှုတို့ကို ရှာဖွေနိုင်မည်။ ပညာတတ်မြောက်ရေးအပြင် စိတ်ဓာတ်ကောင်းမွန်ရေးနှင့် ကျန်းမာသန်စွမ်း ရေးတို့လည်းလိုအပ်သည်။ လူငယ်လူရွယ်များသည် စိတ်ဓာတ်အားဖြင့် ဖြူစင် ပြီးသားဖြစ်သော်လည်း ပတ်ဝန်းကျင်ပေါ်မူတည်၍ ပြောင်းလဲလာတတ်သည်။ ထို့ကြောင့် ရှိပြီးသားအဖြူထည်ကို ညစ်နွမ်းမှု၊ အရောင်ဆိုးမှု မခံရလေအောင် ငါးပါးသီလဟူသည့် ကိုယ်ကျင့်တရားဖြင့် ထိန်းကျောင်းကာကွယ်ရန်လိုအပ်သည်။
ကိုယ်ကျင့်တရားအပြင် ကောင်းမြတ်သည့် အလေ့အကျင့်များဖြင့် အစဉ်အမြဲ ပြုပြင်ဆေးကြောနေရမည်ဖြစ်သည်။ အရက်သေစာ၊ မူးယစ်ဆေးဝါးနှင့် အပျော်အပါးစသည့် မကောင်းမှုတို့ကိုရှောင်ကြဉ်၍ ကောင်းမှုများကို ယူရမည်ဖြစ်သည်။ လူငယ်များအနေဖြင့် ကောင်းမြတ်သောအနာဂတ်ကို ဖန်တီးနိုင်ရန်အတွက် မိမိကိုယ်တိုင် ကြိုးစားအားထုတ်မှု၊ မိဘဆရာသမားများ၏ သွန်သင်ဆုံးမမှုနှင့် အတု ယူစရာ ပတ်ဝန်းကျင်ကောင်းများရှာဖွေမှုတို့ဖြင့် တစ်ဆင့်ထက်တစ်ဆင့် မြင့်တက်လာအောင် ကြိုးစားအားထုတ်ကြရမည်ဖြစ်သည်။
သို့ဖြစ်ရာ ဝန်ကြီးဌာနသုံးခု ပူးပေါင်းစီစဉ်ကျင်းပသည့် ဗလငါးတန်ဖွံ့ဖြိုးရေး အသိပညာပေးဟောပြောပွဲနှင့် အခမ်းအနားများသည် ကျောင်းသား ကျောင်းသူ လူငယ်လူရွယ်လေးများ ဗလငါးတန်ဖွံ့ဖြိုးလာရေးကိုတွန်းအားပေးသည့် လှုပ်ရှား ဆောင်ရွက်မှုများဖြစ်ရာ ယင်းအစီအစဉ်များ နိုင်ငံတစ်ဝန်းဆက်လက်ဆောင်ရွက်နိုင်ခြင်းဖြင့် နိုင်ငံတော်နှင့်လူငယ်များ၏အနာဂတ် တိုးတက်တောက်ပြောင်လာမည်ဟု ယုံကြည်ပါကြောင်း။ ။
No comments:
Post a Comment