Saturday, September 2, 2023

ယနေ့ခေတ်သည် ပညာခေတ်ဖြစ်သည်နှင့်အညီ ပညာတတ်မြောက်ထားမှသာ ဘဝရပ်တည်ရေးကို ဆောင်ရွက်နိုင်မည် ကျေးလက်နေပြည်သူများ၊ တိုင်းရင်းသားပြည်သူများ၏ ပညာရည်မြင့်မားရေးကို ဦးစားပေး အားပေးဆောင်ရွက်သွားရမည်ဖြစ်

ပြည်သူများအားလုံးအနေဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကိုသွားရာတွင် ပညာတတ်များဖြစ်ရန်လို

နေပြည်တော် စက်တင်ဘာ ၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၃/၂၀၂၃) ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရာတွင် တိုင်းရင်းသား ပြည်သူများအားလုံး ပညာတတ်များဖြစ်ရန်လို

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတော်ကိုနိုင်ငံရေးအရ အရေးပေါ်အခြေအနေ ၆ လ သက်တမ်းတိုးပြီးချိန်တွင် အသစ်ထပ်မံဖွဲ့စည်းသည့် ကောင်စီဝင်များဖြင့် ဒုတိယအကြိမ်ပြုလုပ်သည့် အစည်းအဝေးဖြစ်ကြောင်း၊ မိမိတို့တာဝန်ယူဆောင်ရွက်နေချိန် အတွင်း နိုင်ငံတော်ကိုပုံမှန်လမ်းကြောင်းအတိုင်းဖြစ်စေရန်နှင့် ရွေးကောက်ပွဲ ပြန်လည်ကျင်းပပြုလုပ်၍ ထွက်ပေါ်လာမည့်အစိုးရကို နိုင်ငံတော်တာဝန်ကို ပြန်လည်လွှဲပြောင်းပေးနိုင်ရန်မှာ မိမိတို့၏အဓိကတာဝန်ပင်ဖြစ်ကြောင်း၊ ယခုအခါ အရေးပေါ်အခြေအနေကာလမှာ ၂ နှစ်ကျော်ကာလသို့ ရောက်ရှိလာပြီဖြစ်ကြောင်း၊ မိမိတို့အနေနှင့် နိုင်ငံတော်ကို အရေးပေါ်အခြေအနေဖြင့် တာဝန်ယူဆောင်ရွက်နေရသည် ဖြစ်သော်လည်း အခြေအနေအချိန်အခါနှင့် လိုက်လျောညီထွေဖြစ်သည့် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာများ အားလုံးတိုးတက်အောင် ဆောင်ရွက်နေရမည်ဖြစ်ကြောင်း၊ မည်သည့်လုပ်ငန်းမှ ရပ်တန့်နေ၍မရကြောင်း၊ ရပ်တန့်နေပါက ရပ်တန့်နေသည့် နယ်ပယ်၊ ရပ်တန့်နေသည့်ဒေသသည် ကျန်ခဲ့မည်ဖြစ်ကြောင်း။

မိမိတို့၏ နိုင်ငံရေးရည်မှန်းချက်မှာ စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးပင်ဖြစ်ကြောင်း၊ အသစ်ထပ်မံချမှတ်ထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်၏ ပထမအချက်တွင် “လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်း၍ တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိလာအောင် အလေးထားဆောင်ရွက်သွားမည်” ဟု ချမှတ်ထားကြောင်း၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို ဆောင်ရွက်ရာတွင် ဒီမိုကရေစီစနစ်၊ ဖက်ဒရယ် အုပ်ချုပ်ရေးတို့နှင့်ပတ်သက်၍ ခွဲခြား၍ရကြောင်း၊ ဖက်ဒရယ်စနစ်ကို လူမျိုးအား အခြေခံသည့်ဖက်ဒရယ်စနစ်ကို ဆောင်ရွက်ခြင်းမဟုတ်ဘဲ ဒေသကိုအခြေခံသည့်စနစ်ကို အဓိကထား ဆောင်ရွက်နေခြင်းဖြစ်ကြောင်း။

ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို ဆောင်ရွက်ရာတွင် အဆိုပါစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်သူ၊ ဦးဆောင်သူ၊ လိုက်နာကျင့်သုံးသူများအားလုံး အသိပညာ အတတ်ပညာများရှိရန်လိုကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် ပညာရေးနှင့်ပတ်သက်၍ အားပေးဆောင်ရွက်ရန် အမြဲမပြတ် တိုက်တွန်းအားပေး ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ပညာရေးနှင့်ပတ်သက်၍ တိုင်းရင်းသား ပြည်သူအားလုံးစာတတ်မြောက်ရန်နှင့် အတန်းပညာများ တတ်မြောက်ရန်လိုကြောင်း၊ တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ကျေးလက်ဒေသများတွင် အခြေခံပညာအလယ်တန်းကျောင်းပေါင်း ၁၃၈၇၉ ကျောင်း၊ မူလတန်းကျောင်းပေါင်း ၂၁၅၅၀ ကျောင်းရှိသည်ကိုတွေ့ရှိရပြီး မြို့ပေါ်တွင် အခြေခံပညာအလယ်တန်းကျောင်းပေါင်း ၁၆၂၆ ကျောင်း၊ မူလတန်းကျောင်းပေါင်း ၃၃၁၈ ကျောင်းရှိသည်ကို တွေ့ရှိရကြောင်း၊ အဆိုပါအချက်အလက်များအရ အလယ်တန်းကျောင်းများ၏ ကျေးလက်နှင့် မြို့ပြအချိုးမှာ ၈ အချိုး ၁ ရှိပြီး မူလတန်းကျောင်းများ၏ အချိုးမှာ ၆ ဒသမ ၅ အချိုး ၁ ရှိသည်ကို တွေ့ရကြောင်း၊ မိမိတို့နိုင်ငံ၏ ပျမ်းမျှမြို့ပေါ်နေလူဦးရေမှာ ၂၈ ရာခိုင်နှုန်းခန့်ရှိပြီး ကျေးလက်နေလူဦးရေမှာ ၇၂ ရာခိုင်နှုန်းခန့်ရှိသဖြင့် ကျေးလက်နေပြည်သူမှာ များပြားကြောင်း။

ပညာရေးနှင့်ပတ်သက်၍ ခေတ်အဆက်ဆက် နိုင်ငံတော်အစိုးရအဆက်ဆက်က ဆောင်ရွက်ခဲ့ကြသည်ကို တွေ့ရကြောင်း၊ သို့သော် ကျေးလက်နေပြည်သူများ၏ စာတတ်မြောက်မှုမှာနည်းပါးပြီး မြို့ပေါ်နေပြည်သူများ၏ စာတတ်မြောက်မှုမှာ ပိုမိုများပြားသည်ကို တွေ့ရကြောင်း၊ အဓိကအားဖြင့် ကျေးလက်နေပြည်သူများအနေဖြင့် ကျောင်းရှိသော်လည်း ကျောင်းနေရာခိုင်နှုန်းနည်းပါးခြင်းနှင့် ပညာရေးဆုံးခန်းတိုင်အောင်သင်ကြားမှုများ နည်းပါးသည်ကိုတွေ့ရကြောင်း၊ တိုင်းရင်းသားဒေသများတွင် ဘာသာစကားအခက်အခဲများ၊ ပညာရေးအားပေးမှု နည်းပါးခြင်းနှင့် အခြားအခက်အခဲအမျိုးမျိုးကြောင့် အထူးသဖြင့် ပြည်နယ်များရှိ ကျေးလက်ဒေသများတွင် ပညာရေးအားနည်းသည်ကို တွေ့ရကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ကျေးလက်နေပြည်သူများ၏ ပညာရေးမြှင့်တင်မှုကို မလွဲမသွေဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း။

ယနေ့ခေတ်သည် ပညာခေတ်ဖြစ်သည်နှင့်အညီ ပညာတတ်မြောက်ထားမှသာ ဘဝရပ်တည်ရေး ကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကျေးလက်နေပြည်သူများ၊ တိုင်းရင်းသားပြည်သူများ၏ ပညာရည်မြင့်မားရေးကို ဦးစားပေး အားပေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ယခင်က မိမိတို့နိုင်ငံတွင် “အ” သုံးလုံးသင်တန်းများကို သင်ကြားပေးခဲ့ရာ အောင်မြင်မှုများရှိခဲ့ပြီး ကမ္ဘာပေါ်တွင် စံပြပုံစံတစ်ခုအနေဖြင့် အသိအမှတ်ပြုခံရမှုများ ရရှိခဲ့ကြောင်း၊ “အ” သုံးလုံးသင်တန်းများမှတစ်ဆင့် စာပေဖတ်ရှုမှုကို စိတ်ဝင်စားလာပြီး ၎င်းကိုအခြေခံ၍ ပညာတတ်မြောက်လိုစိတ်များ ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း၊ ကျောင်းပြင်ပ ပညာရေးဖြင့် မူလတန်းပညာ KG+5 အထိ သင်ကြားပေးနိုင်ကြောင်း၊ တပ်မတော်အနေဖြင့် ၂၀၁၄ ခုနှစ်တွင် လက်တွေ့ဆောင်ရွက်အောင်မြင်ခဲ့သည့် သာဓကရှိကြောင်း၊ ၎င်းမှတစ်ဆင့် KG + 9 ကိုသင်ကြားပေးနိုင်မည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက် နိုင်ရေး တစ်ဆင့်ပြီးတစ်ဆင့် ကြိုးပမ်းဆောင်ရွက်သွားရန်လိုကြောင်း၊ မိမိတို့၏ ပညာရည်မြင့်မားရေး မျှော်မှန်းချက်တွင် အဆိုပါအချက်ကို ထည့်သွင်း စဉ်းစားဆောင်ရွက်သွားရန်လိုကြောင်း။

စည်းကမ်းသတ်မှတ်ချက်များမှတစ်ဆင့် ဥပဒေများ ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံရှိ ပြည်သူများအားလုံးအနေဖြင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို သွားရာတွင် ပညာတတ်များဖြစ်ရန်လိုကြောင်း၊ ဥပဒေနှင့်ပတ်သက်သည့် အသိပညာများကိုလည်း နားလည်မှုရှိရန်လိုကြောင်း၊ ထို့ကြောင့် အဆင့်မြင့် ပညာသင်ကြားပေးသည့် တက္ကသိုလ်များတွင် ဥပဒေဘာသာရပ်များကို ထည့်သွင်းသင်ကြားပေးနေခြင်းဖြစ်ကြောင်း၊ ဥပဒေအခြေခံကို လက်တွေ့ကျကျသိရှိနိုင်ရေး BA(Law) ဘွဲ့ပေးရန်စီစဉ်ထားပြီး ဥပဒေကို အသက်မွေးဝမ်းကျောင်းပညာအဖြစ် အသုံးပြုမည့် သူများအတွက် LLB ဘွဲ့ကိုမူ တိုင်းဒေသကြီး၊ ပြည်နယ်များ၌ အနည်းဆုံး တက္ကသိုလ်တစ်ခုစီ ဆောင်ရွက်လျက်ရှိကြောင်း၊ ဥပဒေအခြေခံပညာရပ်များကို နားလည်သိရှိသူများ များပြားလာမည်ဆိုပါက နိုင်ငံရေးနှင့်ပတ်သက်၍ အကျိုးပြုမှုများ ဖြစ်လာမည်ဟု ယုံကြည်ပါကြောင်း။

နိုင်ငံ့စီးပွားရေးမြှင့်တင်ရေးအတွက် လိုအပ်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ တိုးတက်စေရန်နှင့် ကုန်ထုတ်လုပ်မှုများ တိုးတက်အောင် ဆောင်ရွက်နိုင်ရန် လိုအပ်သည့် လူသားအရင်းအမြစ်များ မွေးထုတ်ပေးလျက်ရှိ

စီးပွားရေးနှင့်ပတ်သက်၍ မိမိတို့နိုင်ငံအနေဖြင့် လယ်ယာစိုက်ပျိုးရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုများကို စနစ်တကျဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရန်လိုကြောင်း၊ နိုင်ငံတစ်ခု၏ စီးပွားရေး GDP ကို တွက်ချက်ရာတွင် လယ်ယာကဏ္ဍကြီး၊ စက်မှုကဏ္ဍကြီးနှင့် ဝန်ဆောင်မှုကဏ္ဍကြီးဟူ၍ သုံးမျိုးရှိကြောင်း၊ စက်မှုလုပ်ငန်းနှင့် ဝန်ဆောင်မှု လုပ်ငန်းသည် ကုန်ထုတ်လုပ်မှုများမှအခြေခံ၍ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှုများဆောင်ရွက်ရန်အတွက် ကုန်ကြမ်းများ လိုအပ်ကြောင်း၊ အခြေခံကုန်ကြမ်းများရှိမှသာ အခြားလုပ်ငန်းများ လည်ပတ်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ မြေပေါ်မြေအောက် သယံဇာတပစ္စည်းများနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိလာ သည့် ထွက်ကုန်များကို စက်မှုထုတ်ကုန်အဖြစ် အဆင့်မြှင့်ထုတ်လုပ်ခြင်းဖြစ်ကြောင်း။

စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှထွက်ရှိသည့် ထွက်ကုန်များသည် မိမိတို့နိုင်ငံ၏ ကုန်ထုတ်လုပ်ငန်းများအတွက် သေချာသည့် ကုန်ကြမ်းများဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံ၏ မူလရှိပြီးဖြစ်သည့် လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို တိုးတက်အောင်ဆောင်ရွက်၍ ခိုင်မာသည့် ကုန်ထုတ်လုပ်မှုများကို ဆောင်ရွက်နိုင်မည်ဖြစ် ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာပညာရပ်များအလိုက် ပညာရှင်များ၊ နားလည် တတ်ကျွမ်းသူများလိုအပ်ကြောင်း၊ မိမိတို့နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်တာဝန်များကို စတင်ထမ်းဆောင်ချိန်၌ စိုက်ပျိုးမွေးမြူရေးနှင့် စက်မှုလုပ်ငန်းများအတွက် ကျွမ်းကျင်သည့် လူသားအရင်းအမြစ်များ နည်းပါးလျက်ရှိသည်ကို တွေ့ရှိရ သဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် အသိပညာရှင်၊ အတတ်ပညာရှင်နှင့် ကျွမ်းကျင်သူများ မွေးထုတ်ပေးနိုင်မည့် တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံနှင့် အခြေခံပညာကျောင်းများ တိုးချဲ့ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ အသစ်ထပ်မံချမှတ်ထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် ၉ ရပ်၏ လူမှုရေးဦးတည်ချက် ပထမအချက်တွင် “တစ်နိုင်ငံလုံး အသိပညာ၊ အတတ်ပညာ မြင့်မားတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှု အထောက်အကူပြုပညာရှင်များ ထွန်းကားလာစေရေးအတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရေး” ဟု ချမှတ်ထားကြောင်း၊ ကုန်ထုတ်လုပ်မှုကို အထောက်အကူပြုသည့် ပညာရှင်များပေါ် ထွန်းလာစေရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မူလတန်းပညာ၊ အလယ်တန်းပညာများ ပြီးမြောက်ပြီးသူများကို အထက်တန်းပညာတက် ရောက်ချိန်တွင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးနှင့် ပတ်သက်သည့် ကျွမ်းကျင်သူများဖြစ်အောင် သင်ကြားပေးခြင်းပင်ဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် ဘာသာရပ်အလိုက် ထူးချွန်သူများအနေဖြင့် သိပ္ပံများ၊ ကောလိပ်များနှင့် တက္ကသိုလ်များသို့ ဆက်လက် တက်ရောက်သင်ကြားနိုင်မည်ဖြစ်ကြောင်း၊ စီးပွားရေးနှင့်ပတ်သက်၍ တတ်ကျွမ်းရန် လိုအပ်သည့်အတွက် တက္ကသိုလ်များ၌ စီးပွားရေးပညာကို ထည့်သွင်းသင်ကြားပေးလျက်ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်ရာ၌လည်း စီးပွားရေးအသိပညာအခြေခံကို တတ်သိနားလည်မည့်သူများနှင့် ကျွမ်းကျင်ပညာရှင်များ ထွက်ပေါ်လာရေး နှစ်ပိုင်းခွဲဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ပေးခြင်းဖြင့် စီးပွားရေးအမြင်ရှိပြီး အခြေခံသဘောတရားကိုနားလည်သည့် လူသားအရင်းအမြစ်များ များစွာရှိလာမည်ဖြစ်ပြီး တိုင်းပြည်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူ ဖြစ်စေနိုင်မည်ဖြစ်ကြောင်း။

အရည်အသွေးမြင့်ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အထောက်အကူပြုသည့် လူသားအရင်းအမြစ်ကောင်းများ မွေးထုတ်ပေးနိုင်ရေး တိုင်းပြည်စီးပွားရေးကို မြှင့်တင်ရာတွင် လူသားအရင်းအမြစ်ကောင်းများ များစွာမွေးထုတ်ပေးနိုင်ရန် လိုအပ်မည်ဖြစ်ပြီး ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ရန်လိုကြောင်း၊ ၂၀၁၉ - ၂၀၂၀ ခုနှစ်တွင် မိမိတို့နိုင်ငံ၏ GDP မှာ ၇၈ ဒသမ ၉ ဘီလီယံရှိပြီး အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများထက် များစွာလျော့နည်းလျက်ရှိကြောင်း၊ တန်ဖိုးမြင့်ကုန်ထုတ်လုပ်မှုလုပ်ငန်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများ များပြားခြင်းကြောင့် GDP များရခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် အခြေခံအကျဆုံးဖြစ်သည့် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ပြီး ထိုမှတစ်ဆင့် ဝန်ဆောင်မှုလုပ်ငန်း များကို အားပေးဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ အခြားနိုင်ငံများနှင့် နှိုင်းယှဉ်ပါက မိမိတို့နိုင်ငံအနေဖြင့် ထုတ်ကုန်ပစ္စည်းများ၊ တစ်ဧကအထွက်နှုန်းများ၊ သီးထပ်စွမ်းအားများ အားနည်းနေသည်ကို တွေ့ရှိရပြီး လုပ်ငန်းများ အောင်မြင်မှုရရှိရန် ဖိဖိစီးစီး လုပ်ဆောင်လိုစိတ်အားနည်းခြင်း၊ လုပ်ငန်းများ လုပ်ဆောင်နိုင်ရန် အခွင့်အလမ်းဖန်တီးပေးနိုင်မှု အားနည်းခြင်းတို့ကြောင့်ဖြစ်ကြောင်း၊ အခွင့်အလမ်း ဖန်တီးပေးနိုင်မှုအားနည်းခြင်းတွင် နှစ်ပိုင်းရှိပြီး လိုအပ်သည့်သွင်းအားစုများ ပြည့်စုံစွာရရှိနိုင်ရေး ဆောင်ရွက်ပေးနိုင်မှု အားနည်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်သူများကို အားပေးချီးမြှင့်မှု (Incentive) များ လုပ်ဆောင်ပေးရန် အားနည်းခြင်းတို့ပင်ဖြစ်ကြောင်း၊ ထို့ကြောင့် လုပ်ငန်းများဆောင်ရွက်ရာတွင် အောင်မြင်မှုများရရှိစေရေး ဖိဖိစီးစီးဆောင်ရွက်ရန်နှင့် ထိုသို့ဆောင်ရွက်နိုင်ရေးအတွက်လည်း အခွင့်အလမ်းများ ဖော်ဆောင်ဖန်တီးပေးရန်နှင့် အားပေးချီးမြှင့်မှုများ ဆောင်ရွက်ပေးရမည်ဖြစ် ကြောင်း၊ လိုအပ်သည့်သွင်းအားစုများ ပြည့်စုံစွာရရှိရေးနှင့် အားပေးချီးမြှင့်မှု (Incentive) များ ဖော်ဆောင်ပေးနိုင်ရေး အစိုးရမှဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ စီးပွားရေးအားကို မဖြစ်မနေမြှင့်တင်ဆောင်ရွက်ရမည်ဖြစ်ပြီး ထိုသို့ဆောင်ရွက်ရာတွင် စီးပွားရေးပညာရှင်များ မွေးထုတ်ပေးနိုင်ရေးနှင့် ကုန်ထုတ်လုပ်မှုကို အထောက်အကူပြုသည့် ပညာရှင်များ ပေါ်ထွက်လာရေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ၎င်းပညာရှင်များ မွေးထုတ်ပေးနိုင်ရေး လူတိုင်းလက်လှမ်းမီသည့် ပညာရေးဖြစ်ရန် လိုအပ်သည့်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုနည်းပညာ ဘာသာရပ်များကို သင်ကြားပေးမည့် စိုက်ပျိုးမွေးမြူရေးနှင့် စက်မှုအထက်တန်းကျောင်းများ ဖွင့်လှစ်ပေးနေခြင်းဖြစ်ကြောင်း၊ ယင်းတို့ကို ပြည့်စုံအောင် ဆောင်ရွက်ပေးမည်ဆိုပါက နောင်အနာဂတ်တွင် ပညာရေးနှင့် စီးပွားရေးအား ကောင်းမွန်လာမည်ဖြစ်ကြောင်း။

ပြည်ပပို့ကုန်နှင့်ပတ်သက်၍ မိမိတို့နိုင်ငံမှ ပို့ကုန်များသည် ဈေးကောင်းရရှိမှုမရှိသည်ကို တွေ့ရှိရပြီး ကုန်ထုတ်လုပ်မှုနည်းပညာ အားနည်းမှုများကြောင့်ဖြစ်ကြောင်း၊ အရည်အသွေးကောင်းမွန်သည့် ထုတ်ကုန်ပစ္စည်းများ ဖြစ်မှသာလျှင် ဈေးကောင်းရရှိနိုင်မည်ဖြစ်သဖြင့် အဆင့်မြင့် ကုန်ထုတ်လုပ်မှုနည်းပညာများ ဖြစ်ရန်လိုကြောင်း၊ ထို့ပြင် ဝယ်လိုအားကို ပြည့်မီအောင် ထုတ်လုပ်နိုင်ရေးအတွက်လည်း မြှင့်တင်ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ကြောင်း။

လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး

မိမိတို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အန္တိမရည်မှန်းချက်မှာ လွတ်လပ်၍တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးပင်ဖြစ်ကြောင်း၊ ထို့ကြောင့် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတစ်ရပ် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် နိုင်ငံတစ်ဝန်း တည်ငြိမ်အေးချမ်းမှုရှိစေရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံး အကြားအလပ်မရှိ ဆန္ဒမဲပေးပိုင်ခွင့်ရရှိစေရေး မဲစာရင်းအခြေခံအချက်အလက်များ မှန်မှန်ကန်ကန်ဖြစ်အောင် ပြန်လည်ပြုစုရမည်ဖြစ်ကြောင်း၊ အခြေခံအချက်အလက်များ မှန်ကန်မှသာလျှင် မဲစာရင်းမှန်ကန်မှုရှိမည်ဖြစ်ကြောင်း၊ ယခင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွင် မဲစာရင်းမှားယွင်းမှုများကို ပြန်လည်သုံးသပ်ကြည့်မည်ဆိုပါက ၂၀၁၄ ခုနှစ်၌ မိမိတို့နိုင်ငံ၏ လူဦးရေတိုးတက်မှုနှုန်းသည် ၀ ဒသမ ၈ ရာခိုင်နှုန်းသာရှိပြီး ယင်းကိုအခြေခံ၍ တွက်ချက်ကြည့်မည်ဆိုပါက ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်သည့် မဲဆန္ဒရှင်စာရင်းကို တွက်ချက်၍ရမည်ဖြစ်ကြောင်း၊ သို့သော်လည်း ထုတ်ပြန်ခဲ့သည့် မဲဆန္ဒရှင်စာရင်းမှာ လွဲမှားမှုများစွာဖြစ်နေသည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် လာမည့်ရွေးကောက်ပွဲတွင် မဲစာရင်းများ မှန်ကန်မှုရှိရေး အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ်နှောင်းပိုင်းတွင် လိုအပ်သည်များ ကြိုတင် ပြင်ဆင်ဆောင်ရွက်သွားမည်ဖြစ်ပြီး ၂၀၂၄ ခုနှစ်တွင် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူမှု ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သန်းခေါင်စာရင်းကောက်ယူပြီးမှသာလျှင် လူဦးရေစာရင်းထွက်လာမည်ဖြစ်ပြီး မဲစာရင်းကို ပြုစုနိုင်မည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် မဲစာရင်းကောက်ယူမှု မပြုနိုင်သေးသည့် မြို့နယ်အချို့ရှိကြောင်း၊ မဲစာရင်းကောက်ယူသည့် တာဝန်ရှိသူများကို အနှောင့်အယှက်ပေးနေမှုများကြောင့် ကောက်ယူမှုမပြုနိုင်သေးခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် မဲစာရင်းများ အပြည့်အဝ ကောက်ယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ပြီး မဲစာရင်းများ အပြည့်အဝကောက်ယူနိုင်မှသာလျှင် မှန်ကန်သည့် မဲစာရင်းများရရှိမည်ဖြစ်ကာ ရွေးကောက်ပွဲကိုလည်း မှန်မှန်ကန်ကန်ဖြင့် ပြုလုပ်နိုင်မည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲတစ်ရပ်ကို မဖြစ်ဖြစ်အောင် ဆောင်ရွက်၍ရသည်ဖြစ်သော်လည်း မိမိတို့ပြုလုပ်သည့် ရွေးကောက်ပွဲသည် စည်းစနစ်ကျနမှုရှိသည့် အထွေထွေရွေးကောက်ပွဲတစ်ရပ် ဖြစ်စေရေးနှင့် ဒီမိုကရေစီစနစ်ခိုင်မာစေရေး အလေးထားဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီနှင့်ပတ်သက်၍ အားနည်းချက်များရှိနေဆဲဖြစ်ပြီး အကြမ်းဖက်သည့် နည်းလမ်းများဖြင့် ဒီမိုကရေစီကိုတောင်းဆိုသည်မှာ မဖြစ်သင့်သည့်ကိစ္စဖြစ်ကြောင်း၊ ကောင်စီဝင်များအနေဖြင့်လည်း တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် သက်ဆိုင်ရာဒေသများသို့ရောက်ရှိပါက လူဦးရေစာရင်းကောက်ယူမှုများ ဆောလျင်စွာ ပြုစုပြီးစီးနိုင်ရေးအတွက်ကိုလည်း တွန်းအားပေးဆောင်ရွက်သွားရန် လိုအပ်သကဲ့သို့ ပညာရေးမြှင့်တင်မှုကဏ္ဍ၊ စီးပွားရေး မြှင့်တင်မှုကဏ္ဍနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများတွင်လည်း ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။

ယင်းနောက် ကောင်စီဝင်များက ကယားပြည်နယ်အတွင်း တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်ပေးရန် လိုအပ်သည့်ကိစ္စရပ်များ၊ တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ကူညီပေးရေး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်းရှိ အခြေခံပညာကျောင်းများတွင် နိုင်ငံတော်အစိုးရက သတ်မှတ်ထားသည့် သင်ရိုးညွှန်းတမ်းများအတိုင်း အပြည့်အဝသင်ကြားပို့ချနိုင်ရန် စီစဉ်ဆောင်ရွက်ပေးရေး၊ ဌာနဆိုင်ရာဝန်ထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် ပံ့ပိုးမှုများနှင့် စွမ်းရည်မြှင့်သင်တန်းများ ဖွင့်လှစ်သင်ကြား ဆောင်ရွက်ပေးရေး၊ နောင်ကျင်းပမည့် ရွေးကောက်ပွဲများတွင် ကြုံတွေ့ရနိုင်သည့် မဲစာရင်းဆိုင်ရာ မှားယွင်းမှုများနှင့် မဲမသမာမှုများ မဖြစ်ပေါ်စေရေး ဥပဒေပြဋ္ဌာန်း၍ ကြပ်မတ်ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က ဒေသအလိုက် တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် ဒေသခံပြည်သူလူထု၏ အင်အားကိုရယူ၍ ပူးပေါင်းဆောင်ရွက်နိုင်ရေးနှင့် ယင်းစုစည်းအားကို အကျိုးရှိထိရောက်စွာ အသုံးပြုနိုင်ရေး စည်းရုံးဆောင်ရွက်သွားရန် လိုအပ်သည့်အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားသည်။

ယင်းနောက် နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လုပ်ဆောင်သင့်သည်များကို ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဒေသခံပြည်သူလူထုနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး စည်းရုံးဆောင်ရွက်သွားကြရန်လိုကြောင်း၊ တည်ငြိမ်အေးချမ်းသည့်နယ်မြေနှင့် တည်ငြိမ်အေးချမ်းမှုမရှိသည့်နယ်မြေတို့ နှိုင်းယှဉ်ပါက တည်ငြိမ်အေးချမ်းမှုမရှိသည့် နယ်မြေတွင် ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူတို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးတို့ များစွာကွာဟသွားသည်ကိုတွေ့ရကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် တစ်နိုင်ငံလုံး ဖွံ့ဖြိုးတိုးတက်ရေး တစ်ပြေးညီဆောင်ရွက်ပေးလျက်ရှိသော်လည်း အကြမ်းဖက်မှုများရှိနေသည့် နယ်မြေများတွင် ကဏ္ဍအလိုက်ဖွံ့ဖြိုးတိုးတက်မှု ဆောင်ရွက်၍မရသည်ကိုတွေ့ရကြောင်း၊ နောက်ကျကျန်ခဲ့ခြင်း အကျိုးဆက်ကို နယ်မြေခံလူထုက ခံစားနေရကြောင်း၊ လူတစ်စု၏မိုက်မဲမှုကို ဒေသခံလူအများကခံနေရကြောင်း၊ ပြည်သူလူထုအနေဖြင့် ဒေသအကျိုး၊ နယ်မြေအကျိုးကိုကြည့်၍ အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ တည်ငြိမ်အေးချမ်းရေးကို ပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များအနေဖြင့်လည်း အဆင့်ဆင့်ကွပ်ကဲကြပ်မတ်ဆောင်ရွက်သွားရန်နှင့် ဒေသအလိုက်ရှိ တိုင်းရင်းသားလူမျိုးများကိုကိုယ်စားပြုပြီး ၎င်းတို့၏လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေး၍ ၎င်းတို့၏ယုံကြည်ချက်၊ ခံယူချက်မြင့်မားလာအောင် ဆောင်ရွက်ပေးသွားကြရန်လိုအပ်ကြောင်း။

ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ဆောင်ရွက်ရာတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် တိုင်းပြည်အပေါ်တွင် စိတ်ကောင်းစေတနာ ကောင်းထားရန်လိုကြောင်း၊ နိုင်ငံရေးမျှော်မှန်းချက်ဖြစ်သည့် ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး လုပ်ငန်းများတွင် တိုင်းရင်းသားပြည်သူအားလုံး ပူးပေါင်းပါဝင်ကြရန် လိုအပ်ကြောင်း။

လာမည့် အောက်တိုဘာ ၁၅ ရက်နေ့သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ် (NCA) လက်မှတ်ရေးထိုးခဲ့သည့် ၈ နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်ကြောင်း၊ NCA စာချုပ်ကို ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ထိုင်း စသည့်နိုင်ငံများမှ သံတမန်များ၊ ပြည်တွင်းအသိသက်သေများရှေ့မှောက်တွင် ခမ်းနားထည်ဝါစွာ လက်မှတ်ရေးထိုးခဲ့ကြကြောင်း၊ ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးထားသည့် သမိုင်းဝင်စာချုပ်ဖြစ်ပြီး မည်သည့်အချိန်မှ ပျက်ပြယ်မှုမရှိ တည်ရှိနေမည့်စာချုပ်ဖြစ်ကြောင်း၊ အစိုးရဘက်မှ မိမိကိုယ်တိုင်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေဖြင့် ပါဝင်လက်မှတ်ရေးထိုးခဲ့ကြောင်း၊ ယခုအခါ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခု၏ တာဝန်ရှိသူတစ်ဦးက NCA နှင့်ပတ်သက်၍ အထောက်အထားမဲ့၊ အဓိပ္ပာယ်မဲ့စွာ လက်လွတ်စပယ်ပြောကြားခဲ့သည်ကို တွေ့ရကြောင်း၊ တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ NCA စာချုပ်အပေါ်တွင်သာ ခိုင်ခိုင်မာမာ ရပ်တည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လာမည့်အောက်တိုဘာ ၁၅ ရက်တွင်ကျရောက်မည့် (၈) နှစ်မြောက် NCA နှစ်ပတ်လည်နေ့ကိုလည်း လက်တွေ့ကျကျ၊ အဓိပ္ပာယ်ရှိရှိ၊ အလေးအနက်ထား၍ စီစဉ်ကျင်းပသွားမည်ဖြစ်ကြောင်း။

ဌာနဆိုင်ရာဝန်ထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့်ပံ့ပိုးမှုများနှင့် စွမ်းရည်မြှင့်သင်တန်းများ ဖွင့်လှစ်သင်ကြား ဆောင်ရွက်ပေးရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများအလိုက် လက်တွေ့အကောင်အထည်ဖော်နိုင်ရေး ဆွေးနွေးပွဲများကျင်းပ၍ နည်းလမ်းရှာဖွေ ဆောင်ရွက်သွားရန်လိုကြောင်း။

လွတ်လပ်ပြီးတရားမျှတသည့်ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲစာရင်း ကောက်ယူခြင်းလုပ်ငန်းများနှင့် မဲပေးပိုင်ခွင့်ရှိသူအားလုံး စနစ်တကျမှန်မှန်ကန်ကန် မဲပေးနိုင်ရေး ကြိုတင်စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ဆန္ဒမဲပေးရာတွင်လည်း လုံခြုံစိတ်ချရသည့် အီလက်ထရောနစ်မဲပေးစနစ်ဖြင့် စနစ်တကျမဲပေးနိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံရေးပါတီများနှင့်ပတ်သက်၍ စနစ်တကျရှိစေရေးအတွက် လိုအပ်သည့်ဥပဒေများ ပြဋ္ဌာန်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။

လူငယ်များ ပညာရေးကောင်းမှ နိုင်ငံ၏ အနာဂတ်ကောင်းမွန်မည်ဖြစ်

လယ်ယာကဏ္ဍတွင် လယ်ယာလုပ်သားရှားပါးမှုအတွက် စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းနိုင်ရေး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်စေရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်းစနစ်မှန်ကန်စွာဖြင့် စိုက်ပျိုးထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ ပညာရေးကဏ္ဍတွင်လည်း လက်ရှိ အကောင်အထည်ဖော်နေသည့် Kg + 9 မှတစ်ဆင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုနည်းပညာ သိပ္ပံအဆင့်သို့တက်လှမ်းပြီး ထိုမှတစ်ဆင့် လက်တွေ့အသုံးချသိပ္ပံပညာရပ်များကို ဆက်လက်သင်ကြားနိုင်ရေးအတွက် Poly technic institute ထူထောင် ဖွင့်လှစ်နိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ဆွေးနွေးလျက်ရှိကြောင်း၊ နိုင်ငံ၏ကုန်ထုတ်လုပ်မှု လုပ်ငန်းများအတွက် လိုအပ်သည့် လူသားအရင်း အမြစ်များ၊ ပညာရှင်များမွေးထုတ်နိုင်ရေး စီမံဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း၊ လူငယ်များ ပညာရေးကောင်းမှ နိုင်ငံ၏ အနာဂတ်ကောင်းမွန်မည်ဖြစ်ကြောင်း။

နိုင်ငံတော်၏ အနာဂတ်ကောင်းမွန်စေရေးအတွက် မျှော်မှန်းပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် လုပ်ဆောင်သင့်လုပ်ဆောင်ထိုက်သည်များကို လုပ်ဆောင်လျက်ရှိကြောင်း၊ ကောင်စီဝင်များအနေဖြင့် အမြင်ကျယ်ကျယ်ထား၍ နိုင်ငံတော်တစ်ဝန်းလုံးအတွက် လွှမ်းခြုံစဉ်းစားဆောင်ရွက်ရန်နှင့် နယ်ပယ်အားလုံးအတွက်ကိုယ်စားပြု၍ ကြိုးစားလုပ်ဆောင်သွားကြရန် တိုက်တွန်းပြောကြားလိုကြောင်းမှာကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment