Saturday, September 2, 2023

အခွင့်အလမ်းများ ဖန်တီး ဖိဖိစီးစီး အလုပ်လုပ်

နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်‌ရေးအတွက် လူအင်အားအရင်းအမြစ်ကိုအသုံးချရာတွင် လူများအား အတတ်ပညာ၊ နည်းပညာကျွမ်းကျင်မှုပြည့်ဝအောင် လေ့ကျင်သင်ကြားပေးရုံမျှဖြင့် မလုံလောက်သေးဘဲ နိုင်ငံဖွံ့ဖြိုးတိုးတက်‌ရေးတွင် ပါဝင်စွမ်းဆောင်လိုသည့် တက်ကြွသောအင်အား (Dynamic Force) များ ဖြစ်လာစေရန်လည်း ပြုလုပ်ပေးရန်လိုသည်ဟု ပညာရှင်များကဆိုသည်။ လူတို့၏ စွမ်းဆောင်လိုစိတ်ဟူသည် မွေးရာပါဗီဇစိတ်လက္ခဏာအဖြစ် ရှိခြင်းမဟုတ်ဘဲ ပတ်ဝန်းကျင်အခြေအနေများဖြစ်သည့် သမိုင်းဆိုင်ရာ၊ ယဉ်ကျေးမှုနှင့် ပျိုးထောင်မှုဆိုင်ရာ၊ ရုပ်ပတ်ဝန်းကျင်ဆိုင်ရာ အခြေအနေတို့ကို အကြောင်းပြု၍ ဖွဲ့စည်းဖြစ်ပေါ်လာသော စိတ်ဓာတ်အရည်အချင်းတစ်ခုဖြစ်သည်ဟုလည်းဆိုသည်။

အရှေ့တောင်အာရှ‌‌‌ဒေသ (ပင်မကုန်းမြေပိုင်းတွင်) အကြီးဆုံးသောနိုင်ငံကို ထူထောင်နိုင်ခဲ့သူများ၊ အရှေ့တောင်အာရှတွင် အစောဆုံးသောမြို့ပြများကို တည်‌ထောင်နိုင်ခဲ့သူများဖြစ်ကြသည့် မိမိတို့လူမျိုးများ၏ အရည်အသွေးမှာ ဗီဇအားဖြင့် နိမ့်ကျသူများမဟုတ်သည်မှာ လွန်စွာမှပင်သေချာလှသည်၊၊ သို့ရာတွင် မိမိတို့ရှင်သန်ဖြတ်သန်းနေကြသည့် ခေတ်ပြိုင်ကာလအတွင်း အိမ်နီးချင်းနိုင်ငံများ၊ ‌ဒေသတွင်းနိုင်ငံများနှင့်ယှဉ်ပါက ကဏ္ဍတိုင်းလိုလို၌ ရှုံးနိမ့်နောက်ကျနေရသည်မှာ မျက်နှာငယ်စရာဖြစ်သည့်အလျောက် အားနည်းချက်များကိုပြုပြင်၊ လိုအပ်ချက်များကိုဖြည့်ဆည်း၍ နိုင်ငံနှင့်လူမျိုးတို့၏ အဆင့်အတန်းကို ကြိုးပမ်းအားထုတ် အမှန်တကယ်အလုပ်လုပ်ခြင်းဖြင့် မြှင့်တင်ကြရမည် ဖြစ်သည်။

အခြားနိုင်ငံများနှင့်နှိုင်းယှဉ်ပါက မိမိတို့နိုင်ငံအနေဖြင့် ထုတ်ကုန်ပစ္စည်းများ၊ တစ်ဧကအထွက်နှုန်းများ၊ သီးထပ်စွမ်းအားများ အားနည်းနေသည်ကိုတွေ့ရှိရပြီး လုပ်ငန်းများ အောင်မြင်မှုရရှိရန် ဖိဖိစီးစီးလုပ်ဆောင်လိုစိတ်အားနည်းခြင်း၊ လုပ်ငန်းများ လုပ်ဆောင်နိုင်ရန် အခွင့်အလမ်းဖန်တီးပေးနိုင်မှု အားနည်းခြင်းတို့ကြောင့်ဖြစ်ကြောင်း၊ အခွင့်အလမ်းဖန်တီးပေးနိုင်မှု အားနည်းခြင်းတွင်နှစ်ပိုင်းရှိပြီး လိုအပ်သည့်သွင်းအားစုများ ပြည့်စုံစွာရရှိနိုင်ရေး ‌ဆောင်ရွက်ပေးနိုင်မှုအားနည်းခြင်းနှင့် လုပ်ငန်း‌ဆောင်ရွက်သူများကို အားပေးချီးမြှင့်မှု (Incentive) များ လုပ်ဆောင်ပေးရန် အားနည်းခြင်းတို့ပင်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၃/၂၀၂၃) အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်း‌အောင်လှိုင်က ထည့်သွင်းပြောကြားခဲ့ပြီး “လုပ်ငန်းများ ဆောင်ရွက်ရာတွင် အောင်မြင်မှုများရရှိစေရေး ဖိဖိစီးစီးဆောင်ရွက်ရန်နှင့် ထိုသို့ဆောင်ရွက်နိုင်ရေးအတွက်လည်း အခွင့်အလမ်းများ ဖော်ဆောင်ဖန်တီးပေးရန်နှင့် အားပေးချီးမြှင့်မှုများ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ လိုအပ်သည့်သွင်းအားစုများ ပြည့်စုံစွာရရှိရေးနှင့် အားပေးချီးမြှင့်မှု (Incentive) များ ဖော်ဆောင်ပေးနိုင်ရေး အစိုးရမှ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း မှာကြားခဲ့သည်။

ပြည်တွင်းကုန်ထုတ်စွမ်းအားစုတွင် လယ်သမားများ၊ အလုပ်သမားများ၊ လုပ်ငန်းရှင်များ၊ နိုင်ငံ့ဝန်ထမ်းများပါဝင်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုလက်မှုလုပ်ငန်းများမှ ကုန်ကြမ်းများ၊ တစ်ပိုင်းကုန်ကြမ်းများနှင့် ကုန်ချောများ ထုတ်လုပ်နေခြင်းဖြစ်သည်။ အဆိုပါလုပ်ငန်းများတွင် ပါဝင်နေသည့် လူအင်အားအရင်းအမြစ်သည် တစ်ခါတွန်းမှ တစ်ပတ်လိမ့်သည့် စိတ်ဓာတ်ခွန်အား နည်းနေသမျှ နိမ့်ကျနေသည့်အခြေအနေမှ ရုန်းထနိုင်မည်မဟုတ်ဘဲ မိမိတို့လုပ်ရမည့်အလုပ်ကို ကာယ၊ ဉာဏအစွမ်းအစများစိုက်ထုတ်ကာ လုံ့လဥဿဟ၊ ဇွဲနပဲဖြင့် စွဲစွဲမြဲမြဲ၊ စိုက်လိုက် မတ်တတ် ဆောင်ရွက်လုပ်ကိုင်ကြမှသာ မြင့်မားသည့်အခြေအနေများဆီသို့ တစ်ဆင့်ပြီးတစ်ဆင့် တက်လှမ်းသွားနိုင်မည်ဖြစ်သည်။

ရာစုသစ်တွင် ကမ္ဘာ၏အချက်အချာသည် အာရှသို့ရွှေ့ပြောင်းလျက်ရှိပြီး အရှိန်အဟုန်မြင့်မားသည့် ဖွံ့ဖြိုးတိုးတက်မှုများဖြင့် အာရှနိုင်ငံများ ဖွံ့ဖြိုးတိုးတက်လျက်ရှိကြရာ အဓိကအားဖြင့် အလုပ်လုပ်ကြခြင်းကြောင့်ဖြစ်သည်။ အလုပ်လုပ်ကိုင်နိုင်ရန်အတွက် လိုအပ်သည့်အခွင့်အလမ်းများရရှိအောင် ဖြည့်ဆည်းဆောင်ရွက်ပေးခြင်းနှင့်အတူ အောင်မြင်ရမည်ဟူသောစိတ်ဓာတ်ဖြင့် အားလုံးကဖိဖိစီးစီးအလုပ်လုပ်ကိုင်ကြခြင်းဖြင့် ကုန်ထုတ်စွမ်းအား မြင့်သည်ထက်မြင့်မားကာ နိုင်ငံတကာတွင်ရင်ပေါင်တန်းနိုင်ပါစေကြောင်း၊၊ ။

No comments:

Post a Comment