Saturday, September 2, 2023

ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်ဦးဆောင်သည့် မြန်မာနိုင်ငံအခြေစိုက် သံရုံးများမှ သံရုံးအကြီးအကဲများနှင့်သံတမန်များ ရခိုင်ပြည်နယ် စစ်တွေမြို့၌ ဆိုင်ကလုန်းမုန်တိုင်းမိုခါပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ မြေပြင်တွင် အကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေများ လှည့်လည်ကြည့်ရှု

စစ်တွေ စက်တင်ဘာ ၁

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ (၁) ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်ဦးဆောင်သည့် မြန်မာနိုင်ငံအခြေစိုက် သံရုံးများမှ သံရုံးအကြီးအကဲများနှင့် သံတမန်များသည် ယနေ့နံနက်ပိုင်းက နေပြည်တော်မှ စစ်တွေမြို့သို့ လေကြောင်းခရီးဖြင့် ရောက်ရှိကြသည်။

 

 

 

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အကြံပေးအဖွဲ့ဝင် ဒေါက်တာ ရင်ရင်နွယ်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ခွန်သန့်ဇော်ထူး၊ ပြည်နယ်အစိုးရ အဖွဲ့ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် ခရီးစဉ်တွင် လိုက်ပါလာသည့် သံတမန်အဖွဲ့နှင့် ပြည်နယ်အစိုးရအဖွဲ့ ဧည့်ဂေဟာ၌ တွေ့ဆုံဆွေးနွေးကြသည်။

မျက်မြင်တွေ့ရှိလေ့လာနိုင်ရန်

ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က ယခုသံတမန်ခရီးစဉ်သည် ရခိုင်ပြည်နယ်၌ ဆိုင်ကလုန်းမုန်တိုင်းမိုခါ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို မြေပြင်တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများကို ပြန်လည်လက်ခံရန် မြန်မာအစိုးရ၏ လက်တွေ့ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေမှန်များကို မျက်မြင်တွေ့ရှိ လေ့လာနိုင်ရန်အတွက် စီစဉ်ခြင်းဖြစ်ပါကြောင်း၊ ဆိုင်ကလုန်းမုန်တိုင်းမိုခါ ပြန်လည်ထူထောင်ရေးကို ဆောင်ရွက်ရာ၌ မည်သူတစ်ဦးတစ်ယောက်မျှ ချန်လှပ်မှုမရှိစေရေးနှင့် မူလအခြေအနေထက် သာလွန်ကောင်းမွန်သည့် အခြေအနေဆောင်ရွက်ပေးရေးမူဝါဒတို့ကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်းနှင့် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးတွင်လည်းစိစစ်ပြီး နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံနိုင်ရေး ဆောင်ရွက်ထားရှိမှုများကို အလေးထားရှင်းလင်းပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အကြံပေးအဖွဲ့ဝင် ဒေါက်တာ ရင်ရင်နွယ်က ဆိုင်ကလုန်းမိုခါ ဘေးဒဏ်သင့်ဒေသများ၌ တုံ့ပြန်ဆောင်ရွက်မှုနှင့် ပြန်လည်ထူထောင်ရေး တိုးတက်မှုအခြေအနေ မေ ၆ ရက်မှ ဇွန် ၃၀ ရက်အထိ အစီရင်ခံစာနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်နယ်ဦးစီးမှူး ဦးစောနိုင် က ရခိုင်ပြည်နယ် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှု အစီအစဉ်များနှင့်စပ်လျဉ်း၍လည်းကောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာကိုကိုနိုင်က ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေမှုနှင့် ပတ်သက်၍လည်းကောင်း၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးကျော်သူဇော်က မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ MoU အရ မြန်မာနိုင်ငံဘက်မှ ပြန်လည်လက်ခံရေးလုပ်ငန်းများအတွက် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

များစွာဝမ်းမြောက်မိ

ထို့နောက် ခရီးစဉ်တွင် လိုက်ပါလာကြသည့် သံတမန်များက ပြန်လည်ဆွေးနွေးရာတွင် မိုခါမုန်တိုင်းဒဏ်သင့်ဒေသများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၊ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းများကို သိရှိရသည့်အပြင် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် နေရာချထားရေး အစီအမံများကို မြန်မာနိုင်ငံမှ နိုင်ငံရေးဆန္ဒရှိစွာဖြင့် ဆောင်ရွက်ပေးနေမှုများကိုလည်း ကြားသိရသည့်အတွက် များစွာဝမ်းမြောက်မိပါကြောင်းနှင့် ဆိုင်ကလုန်းမုန်တိုင်းမိုခါ တုံ့ပြန်ဆောင်ရွက်မှုများနှင့် ပတ်သက်၍ မြန်မာအစိုးရ၏ ဆောင်ရွက်ချက်များကို အသိအမှတ်ပြုပါကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် သံတမန်အဖွဲ့သည် စစ်တွေမြို့ မေယုလမ်းနှင့် ချင်းပျံ လမ်းထောင့်ရှိ ရှင်မာကုကသီဒြယ် ခရစ်ယာန်ဘုရားရှိခိုးကျောင်းသို့ရောက်ရှိရာ ဘုရားကျောင်းမှ တာဝန်ရှိသူများက မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေများ၊ ပြန်လည်ပြုပြင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် သံတမန်အဖွဲ့သည် စစ်တွေမြို့ ဘက်စုံသုံး စီမံကိန်းဆိပ်ကမ်းသို့ရောက်ရှိကြပြီး ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ ပစ္စည်းများ တင်ဆောင်လာသည့် MERCURY FORCE သင်္ဘောပေါ်မှ ထောက်ပံ့ရေးပစ္စည်းများအား ဘေးသင့်ဒေသများသို့ ဖြန့်ခွဲပို့ဆောင်မည့် မော်တော်ယာဉ်များပေါ်သို့ တင်ဆောင်နေမှုများကို ကြည့်ရှုလေ့လာကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် သံတမန်အဖွဲ့သည် စစ်တွေမြို့ ခုတင် ၅၀၀ ဆံ့ အထွေထွေ ရောဂါကုဆေးရုံကြီးသို့ရောက်ရှိကြပြီး ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှု အခြေအနေများကို ကြည့်ရှုကြကာ မိုခါမုန်တိုင်း တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်တွေမြို့ ရှေးဟောင်းသမိုင်းဝင် ဦးရဲကျော်သူကျောင်းတိုက်နှင့် သကျမုနိဘုရားသိမ်တော်ကြီးအား ရှေးမူမပျက် ပြန်လည်ပြုပြင်မှုကို ကြည့်ရှုလေ့လာကြသည်။

ကြည့်ရှုလေ့လာ

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် သံတမန်အဖွဲ့သည် စစ်တွေမြို့ ဦးဥတ္တမပန်းခြံ၌ မုန်တိုင်းဒဏ်သင့် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၏ စားသောက်ရေးအဆင်ပြေစေရန်နှင့် မိမိတို့အလိုရှိရာ စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက်နိုင်ရေးအတွက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေခံတပ်မတော်သားများ၊ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းနှင့် မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် အရောင်းဆိုင်များ၏ ရောင်းချပေးနေမှုများကို သွားရောက်ကြည့်ရှု လေ့လာကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် သံတမန်အဖွဲ့သည် စစ်တွေမြို့ရှိ အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်း၌ မတူကွဲပြားမှုများရှိသော်လည်း အတူတကွ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရန်နှင့် ပြဿနာများကို အတူတကွ ပူးပေါင်းဖြေရှင်းနိုင်ရန်ရည်ရွယ်၍ ဖွင့်လှစ်သည့် လူမှုသဟဇာတနှင့် လူမှုပေါင်းစည်းရေးဆိုင်ရာ(ဆင့်ပွား) သင်တန်းနှင့် စက်ချုပ်အတတ်ပညာဖြင့် လူမှုဘဝရပ်တည်နိုင်ရေးအတွက်ရည်ရွယ်၍ဖွင့်လှစ်သည့် အခြေခံစက်ချုပ်သင်တန်းသို့ရောက်ရှိပြီး သင်တန်းတွင် တက်ရောက်သင်ကြားလျက်ရှိသည့် ဒေသခံတိုင်းရင်းသူများနှင့် IDP စခန်းများမှ အမျိုးသမီးများကို ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားပြောကြားကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် သံတမန်အဖွဲ့သည် မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ထိခိုက် ပျက်စီးခဲ့သည့် စစ်တွေတက္ကသိုလ်၊ သဲချောင်းကျေးရွာနှင့် ဒါးပိုင်ကျေးရွာများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုလေ့လာကြပြီး သက္ကယ်ပြင် IDP စခန်း၌ စခန်းတွင် နေထိုင်သူများ၊ စခန်းတာဝန်ခံများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ အားပေးစကားပြောကြား၍ သက္ကယ်ပြင်တိုက်နယ်ဆေးရုံတွင် ကျန်းမာရေးစောင့်ရှောက်ပေးနေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးကြသည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်သည့် သံတမန်အဖွဲ့သည် စစ်တွေဟိုတယ်၌ ပြည်နယ်ဝန်ကြီးချုပ်က တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်ကြသည်။

သတင်းစဉ်

No comments:

Post a Comment