နေပြည်တော် စက်တင်ဘာ ၁
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဝန်ထမ်းစွမ်းဆောင်ရည် မြှင့်တင်ရန်ရည်ရွယ်သည့် Knowledge Sharing Programme (KSP) သောကြာနေ့စကားဝိုင်း (Friday Talk) ၏ အမှတ်စဉ် (၂၈) ဆွေးနွေးပွဲကို “တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဆိုင်ရာ ဆောင်ရွက်ချက်များအား အသိပညာမျှဝေဆွေးနွေးခြင်း” ခေါင်းစဉ်ဖြင့် ယနေ့မွန်းလွဲပိုင်းက ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ် (၁) ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော် တက်ရောက်အမှာစကားပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက ယနေ့ဆွေးနွေးမျှဝေမည့် “တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ဖွံ့ဖြိုးဆဲနိုင်ငံ များ၏ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး ဆောင်ရွက်ချက်များ” သည် ဝန်ထမ်းများ သိရှိနားလည်ထားသင့်သည့် အကြောင်းအရာဖြစ်ပါကြောင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမှုလျော့နည်းစေရေးအတွက် မူဝါဒပိုင်းဆိုင်ရာ ချိတ်ဆက်ဆောင်ရွက်နိုင်မှုနှင့် စဉ်ဆက်မပြတ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုသည် အဓိကအရေးကြီးသောအချက်များပင်ဖြစ်ပါကြောင်း၊ ပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရန်အတွက် နိုင်ငံတော်မှ မူဝါဒများချမှတ်၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ စိုက်ပျိုးရေးကဏ္ဍ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရန် လုပ်အား၊ အရင်းအနှီးနှင့် အခြားသွင်းအားစုများသာမက နည်းပညာနှင့်စွမ်းဆောင်နိုင်မှု ပြောင်းလဲခြင်း (Total Factor Productivity- TFP) ကို ဆောင်ရွက်ခြင်းဖြင့် နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဆိုသည့်အချက်မှစ၍ တရုတ်နိုင်ငံနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆောင်ရွက်ချက် အတွေ့အကြုံများသည် အနာဂတ်ကိုဖော်ဆောင်မည့် ဝန်ထမ်းအားလုံး သိထားသင့်သည့် အရေးကြီးသော အကြောင်းအရာများဖြစ်သည့်အတွက် စိတ်ပါဝင်စားစွာ စနစ်တကျပါဝင်ဆွေးနွေးမေးမြန်းကြရန် တိုက်တွန်းပြောကြားသည်။
ဆွေးနွေးပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးရုံး ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဇာလီနွယ်က “တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးဆိုင်ရာ ဆောင်ရွက်ချက်များအား အသိပညာမျှဝေဆွေးနွေးခြင်း” ခေါင်းစဉ်ဖြင့် အသေးစိတ်ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာကြသူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခြင်း၊ ဖြည့်စွက်ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြသည်။
အခမ်းအနားသို့ ဒုတိယဝန်ကြီး ဒေါက်တာ ဝါဝါမောင်၊ အဆင့်မြင့်အရာရှိကြီးများ၊ အရာထမ်း/ အမှုထမ်းများ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ရုံးချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးရုံးများက Online ဖြင့် တက်ရောက်ကြသည်။
သတင်းစဉ်
No comments:
Post a Comment