Saturday, September 2, 2023

ရွာငံကော်ဖီကို ဒေသအမည်ကောင်းရ ထုတ်ကုန်အဖြစ် တိုးချဲ့လုပ်ကိုင်နိုင်ရန် အားပေးဆောင်ရွက

နေပြည်တော် စက်တင်ဘာ ၁

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယမန်နေ့မွန်းလွဲပိုင်းက ရှမ်းပြည်နယ်(တောင်ပိုင်း)ရွာငံမြို့နယ် မြိုင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ရွာငံကော်ဖီလက်ဖက်အသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ဒေသခံကော်ဖီတောင်သူများနှင့် တွေ့ဆုံဆွေးနွေးသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက မြန်မာ့ကော်ဖီကို တန်းမြင့်ကော်ဖီအရည်အသွေးအဖြစ် နိုင်ငံတကာဈေးကွက်တွင် နာမည်ကောင်းရနေသကဲ့သို့ ‌အော်ဂဲနစ်ထုတ်ကုန်အဖြစ် ဈေးကောင်းရလျက်ရှိရာ အလားအလာကောင်းသော ပြည်ပပို့ကုန်အဖြစ် တိုးချဲ့ဆောင်ရွက်ပြီး ကော်ဖီစိုက်ပျိုးထုတ်လုပ်သူများနှင့် လုပ်ငန်းကွင်းဆက်တစ်လျှောက်တွင် ပါဝင်ပတ်သက်သူအားလုံး၏ အကျိုးစီးပွားဖြစ်ထွန်းစေရန် နိုင်ငံတော်အစိုးရက အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ဒေသအလိုက်ကောင်းမွန်ထင်ရှားသော ထွက်ကုန်များရှိသကဲ့သို့ ရွာငံကော်ဖီကို ဒေသအမည်ကောင်းရ ထုတ်ကုန်အဖြစ် တိုးချဲ့လုပ်ကိုင်နိုင်ရန် အားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကော်ဖီ စိုက်ပျိုးထုတ်လုပ်သူတောင်သူများ၊ ကော်ဖီလုပ်ငန်းရှင်များ၊ ကော်ဖီအသင်းအဖွဲ့များအနေဖြင့် မိမိတို့လုပ်ငန်းများ ချဲ့ထွင်ဆောင်ရွက်ရန် လိုအပ်ချက်များရှိပါက ရင်းနှီးပွင့်လင်းစွာ တင်ပြပေးကြစေလိုကြောင်း ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌ ဦးအာကာလင်းက ကော်ဖီတိုးချဲ့စိုက်ပျိုး လုပ်ကိုင်နိုင်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မျိုးကောင်းမျိုးသန့်ရရှိရေး၊ မြေအသုံးချခွင့်နှင့် သွင်းအားစုများအား ဒေသတွင်းထုတ်လုပ်နိုင်ရေး၊ စိုက်ပျိုးရေရရှိရေး၊ ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုနည်းပညာရရှိရေးဆိုင်ရာ စီစဉ်ဆောင်ရွက်ထားရှိမှုများနှင့် ဒေသ၏ ကော်ဖီတိုးချဲ့ စိုက်ပျိုးထုတ်လုပ်နိုင်မှု အလားအလာများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ကော်ဖီပင်စိုက်ပျိုးပြုစုသည်မှ ဆွတ်ခူး ထုတ်လုပ်မှုအဆင့်တိုင်းတွင် ကော်ဖီအထွက်နှုန်းနှင့် အရည်အသွေးအပေါ် သက်ရောက်မှုဆိုင်ရာ သိမှတ်ဖွယ်ရာများကိုလည်းကောင်း၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ရေချိုအရင်းအမြစ် ရှာဖွေဖော်ထုတ် အသုံးပြုနိုင်မှုနှင့် စိုက်ပျိုးရေစီမံခန့်ခွဲမှုဆိုင်ရာများကိုလည်းကောင်း၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန ညွှန်ကြားရေးမှူးက တည်ဆဲဥပဒေများနှင့်အညီ မြေယာအသုံးချနိုင်ရေးဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း ရှင်းလင်းဆွေးနွေးတင်ပြကြပြီး ရွာငံကော်ဖီလက်ဖက်အသင်းဥက္ကဋ္ဌနှင့် ဒေသခံကော်ဖီ တောင်သူများ၏ သိရှိလိုသည်များအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ရှင်းလင်းဖြေကြားကာ ကော်ဖီတိုးချဲ့စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်ချက်များ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် စိုက်ပျိုးရေးဦးစီးဌာန ကော်ဖီ-ရာသီသီးနှံဌာနခွဲ ကော်ဖီ နည်းပညာဖွံ့ဖြိုးရေးခြံ(ရွာငံ)တွင် ဆောင်ရွက်လျက်ရှိသော ကော်ဖီမျိုးထိန်း၊ မျိုးပွားလုပ်ငန်းများ၊ ကော်ဖီအရည်အသွေး စမ်းသပ်စစ်ဆေးခြင်းနှင့် ကော်ဖီနည်းပညာပြန့်ပွားရေးလုပ်ငန်း ဆောင်ရွက်နေမှုများ၊ ကော်ဖီပျိုးပင်များ ပျိုးထောင်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

အလားတူ ပုဂ္ဂလိကကော်ဖီခြံများ၏ ကော်ဖီစိုက်ပျိုးဖြစ်ထွန်းနေမှုများ၊ ကော်ဖီထုတ်လုပ်မှု လုပ်ငန်းများနှင့် ကော်ဖီအခြေခံစားသောက်ကုန်ချော ထုတ်လုပ်ရောင်းချနေမှုတို့ကို ကြည့်ရှုအားပေးသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် အောင်ပန်းမြို့ရှိ ဒေသသုတေသနဗဟိုဌာနသို့ရောက်ရှိပြီး မျိုးအာလူးများ ဖြန့်ဝေမှုစနစ်တည်ထောင်ခြင်း စီမံကိန်းလုပ်ငန်းများ၊ ရောဂါပိုးမွှားကင်းစင်သော မျိုးအာလူးထုတ်လုပ်မှုလုပ်ငန်းများ၊ ကုန်းမြင့်စပါး၊ ဂျုံ၊ ပဲပုပ်၊ ဆီမုန်ညင်း၊ ဆီမုန်လာ၊ ပန်းနှမ်း၊ ပြောင်း စသည့် ဒေသရေမြေရာသီဥတုနှင့်ကိုက်ညီသော သီးနှံများဆိုင်ရာ သုတေသနလုပ်ငန်းဆောင်ရွက် ထားရှိမှုနှင့် ရုရှားနိုင်ငံ အာလူးမျိုးများကို တစ်သျှူးနည်းပညာဖြင့် မျိုးပွားလုပ်ငန်း ဆောင်ရွက်နေမှုတို့ကိုကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment