မြစ်ကြီးနား သြဂုတ် ၃၁
ကချင်ပြည်နယ်၊ မြစ်ကြီးနားတက္ကသိုလ်တွင် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ လောင်းကစားနှင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲ အခမ်းအနားကို သြဂုတ် ၃၀ ရက် နံနက် ၉ နာရီက တက္ကသိုလ်ဗဟိုခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက် အမှာစကားပြောကြားသည်။
ဟောပြောပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က တက္ကသိုလ်ကျောင်းသား/ ကျောင်းသူ လူငယ်လူရွယ်များသည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး အားကိုးရဆုံးဖြစ်သော လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်သည့်အတွက် အပေါင်းအသင်းမှားခြင်း၊ အတွေးအခေါ်လွဲမှားခြင်းတို့ကြောင့် မူးယစ်ဆေးဝါး သုံးစွဲခြင်း၊ လောင်းကစားပြုလုပ်သည့် လမ်းမှားမရောက်အောင် မိမိတို့အနေဖြင့် ကြိုးစားထိန်းကြောင်းသွားရမည်ဖြစ်ပါကြောင်း၊ ယခုလိုအသိပညာပေးဆွေးနွေးပွဲများကို ကျင်းပပေးခြင်းဖြင့် မျိုးဆက်သစ်လူငယ်များကို အညွန့်ချိုးနေသည့်၊ ကောင်းကျိုးမပေးသည့် မူးယစ်ဆေးဝါးဆိုးကျိုးနှင့် အန္တရာယ်ကို ကောင်းစွာသိရှိနားလည် သဘောပေါက်ပြီး တတ်မြောက်ထားသည့် ပညာဖြင့်ဘဝကို အောင်မြင် ပြည့်စုံအောင် တည်ဆောက်ကာ မိမိတို့နေထိုင်ရာဒေသဖြစ်သည့် ပြည်နယ်၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်အောင်ကြိုးစားကြရန် တိုက်တွန်းလိုကြောင်း မှာကြားသည်။
ထို့နောက် မြစ်ကြီးနားတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်းက ဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်းနှင့် အလေးထားလေးစားလိုက်နာကျင့်သုံးသွားရမည့် နည်းလမ်းများကို ရှင်းလင်းပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က ကချင်ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းမှ တက္ကသိုလ် စာကြည့်တိုက်နှင့် မြန်မာစာဌာနစာကြည့်တိုက်တို့အတွက် လှူဒါန်းသည့် သုတ၊ ရသစာအုပ်များအား တက္ကသိုလ်ပါမောက္ခချုပ်နှင့် မြန်မာစာပါမောက္ခဌာနမှူးတို့ထံ လွှဲပြောင်းပေးအပ် လှူဒါန်းခဲ့သည်။
ယင်းနောက် ကျောင်းသား/ကျောင်းသူများအား အမျိုးသားစာပေဆု (လူငယ်စာပေဆု)ရ စာရေးဆရာ အကြီးကိုကို(ကသာ)က လောင်းကစားနှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းကို အသိပညာပေးဟောပြောသည်။
ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများနှင့်အတူ မြစ်ကြီးနားမြို့ ဧရာရပ်ကွက်အတွင်းရှိ ပြည်နယ်ဥပဒေချုပ်ရုံး၌ ကျင်းပပြုလုပ်သည့် ဥပဒေရေးရာဝန်ကြီးဌာန၏ နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ပြီး ပြည်နယ်အတွင်းရှိ ဥပဒေအရာရှိများအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် သက်ဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ အမိန့်ညွှန်ကြားချက်များနှင့် မိမိတို့၏ လုပ်ငန်းတာဝန်များကို ကြိုးပမ်းဆောင်ရွက်ကြစေလိုပါကြောင်း၊ မိမိတို့၏ လုပ်ငန်းတာဝန်များနှင့် သက်ဆိုင်သည့် ဥပဒေ၊ နည်းဥပဒေ၊ အမိန့်ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများကိုလည်း လက်ရှိကျင့်သုံးနေသည့် နိုင်ငံတော်၏မူဝါဒနှင့်အညီဖြစ်စေရေး အစဉ်လေ့လာဆည်းပူးနေကြရန်နှင့် ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ဥပဒေအရာရှိကျင့်ဝတ်များနှင့် နိုင်ငံတော်နှင့် နိုင်ငံသားတို့အတွက် မိမိတို့၏ တာဝန်များကို ကျေပွန်စွာထမ်းဆောင်ပေးကြရန် အလေးအနက်ထားတိုက်တွန်းလိုကြောင်း မှာကြားသည်။
ထို့နောက် ဥပဒေရေးရာဝန်ကြီးဌာနက ပေးပို့လာသော ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ်တို့ ပြောကြားသည့် ဗီဒီယို Massage နှင့် ဥပဒေရေးရာဝန်ကြီးဌာန၊ အဆင့်ဆင့်သော ဥပဒေရုံးများ၏ လှုပ်ရှားဆောင်ရွက်မှ ဗီဒီယိုကလစ်များအား ကြည့်ရှုအားပေးခဲ့ကြပြီး ဥပဒေအရာရှိများနှင့် ဝန်ထမ်းများက ဝန်ကြီးဌာန နှစ်ပတ်လည်နေ့ ဂုဏ်ပြုတေးသီဆိုကြရာ ပြည်နယ်ဝန်ကြီးချုပ်က ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်သည်။
ယင်းနောက် ပြည်နယ်ဥပဒေချုပ်ဒေါ်နန်းလှလှအေးက နှစ်ပတ်လည်နေ့အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်ရခြင်းနှင့် တက်ရောက်လာသူများအား ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံကို ရိုက်ကူးခဲ့ကြသည်။
အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်နှင့်အတူ မြစ်ကြီးနားမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အရာထမ်း/ အမှုထမ်းများ၊ မြန်မာနိုင်ငံ ကချင်လူမျိုးရိုးရာ ယဉ်ကျေးမှုအသင်း တာဝန်ရှိသူများ၊ Kachin State Clean & Green Team အဖွဲ့ဝင်များပါဝင်၍ စီတာပူမနောကွင်း သန့်ရှင်းသာယာလှပလာစေရေး မနောကွင်းအတွင်းနှင့် အပြင်တို့တွင် သန့်ရှင်းရေးလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
ပြည်နယ်(ပြန်/ဆက်)
No comments:
Post a Comment