Thursday, August 31, 2023

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးတင့်လွင် ရေနံချောင်းမြို့နယ်၊ ကံကြီးကျေးရွာရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

 



ရေနံချောင်း ဩဂုတ် ၃၁

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးတင့်လွင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများနှင့်အတူ ဩဂုတ်လ (၂၉) ရက်နေ့ နံနက် (၁၀) နာရီခန့်က ရေနံချောင်းမြို့၊ ကံကြီးကျေးရွာအုပ်စု၊ ကံကြီးကျေးရွာရှိ တောင်သူ ဦးလူမုန်း၏ ကွင်းအမှတ် (၁၂၇) တွင် ဆိုလာစနစ်ဖြင့် မြေအောက်ရေစုပ်ယူ၍ အစက်ချရေသွင်းစနစ် (Drip Irrigation System) အသုံးပြုသည့် ချည်မျှင်ရှည်ဝါ မျိုးအမည် B-31 စပ်မျိုးဝါ (.၅၀) ဧက စိုက်ပျိုးထားရှိပြီး အပင်သက်တမ်း (၅၁) ရက်သာရှိပြီဖြစ်သော ပန်းတိုင်အထွက်နှုန်းရရှိရေး စံပြကွက်ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

 



ဆက်လက်၍ ဆိုလာရေတင်စနစ်ဖြင့် အစက်ချရေအသုံးပြု၍ ချည်မျှင်ရှည်ဝါ B-31 စပ်မျိုးဝါ စိုက်ပျိုးသည့် ဝါစိုက်တောင်သူများနှင့် တွေ့ဆုံဆွေးနွေးရာတွင် ပန်းတိုင်အထွက်နှုန်း တစ်ဧက ပိဿာ (၇၀၀) ရရှိရေးအတွက်  စိုက်ပျိုးရေရရှိရေး၊ နည်းစနစ်မှန်ကန်ရေးနှင့် တောင်သူများ၏ လိုအပ်ချက်များ တင်ပြဆွေးနွေးမှုအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပူးပေါင်းညှိနှိုင်း ဆွေးနွေးခဲ့ကြပြီး ရေနံချောင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်က ချည်မျှင်ရှည်ဝါ (၁၀၄၁) ဧက စိုက်ပျိုးထုတ်လုပ်ခဲ့ပြီး ၂၀၂၃-၂၀၂၄ ခုနှစ်၌ ချည်မျှင်ရှည်ဝါ သီးနှံအား (၇၃၉) ဧက တိုးချဲ့ စိုက်ပျိုးရန်လျာထား၍ စုစုပေါင်း (၁၇၈၀) ဧက စိုက်ပျိုးထုတ်လုပ်ရန် လျာထားလျက်ရှိရာ ချည်မျှင်ရှည်ဝါ (၆၉၆) ဧက စိုက်ပျိုးပြီးဖြစ်ကြောင်းသိရှိရပြီး အဆိုပါတွေ့ဆုံပွဲတွင် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ရုံးကုန်းကျေးရွာ၊ ကံကြီးကျေးရွာများမှ ဝါစိုက်တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဂွေးကုန်းကျေးရွာ အခြေခံအထက်တန်း ကျောင်း(ခွဲ)မှ ကျောင်းသားများ ဘောလုံးကစားနေမှုကို ဝင်ရောက်ကြည့်ရှုအားပေး ခဲ့ပြီးအားဖြည့်အချိုရည်ဘူးများ၊ အားကစားပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့ရာ ကျောင်းအုပ် ဆရာကြီးနှင့် ကျောင်းသားများက ဝမ်းမြောက်ပျော်ရွှင်စွာ လက်ခံခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)

No comments:

Post a Comment