ခရစ်နှစ် ၂၀၂၃ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့၊ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် ဒုတိယဝါဆိုလပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်အပေါင်းအတွက် ထူးမြတ်သည့် မင်္ဂလာ အခါတော်နေ့ဖြစ်သည်။ ဤဝါဆိုလပြည့်နေ့သည် ဘုရားလောင်းသိဒ္ဓတ္ထမင်းသား ပဋိသန္ဓေယူသောနေ့၊ တောထွက်တော်မူသောနေ့၊ ဘုရားဖြစ်တော်မူပြီး ဓမ္မစကြာ တရားဦးဟောတော်မူသောနေ့၊ ဘုရားဖြစ်ပြီဟု ရဲဝံ့စွာကြေညာသောနေ့၊ တရားရတနာ စတင်ပေါ်ထွန်းသောနေ့၊ သံဃာရတနာ စတင်ပေါ်ထွန်းသောနေ့၊ မြတ်ဗုဒ္ဓ၏ ဗျာဒိတ်တော်ရ ရဟန်းစတင်ပေါ်ထွန်းသောနေ့၊ တာဝတိံသာနတ်ပြည်သို့ ကြွတော် မူစဉ်ရေမီးအစုံ တန်ခိုးပြာဋိဟာ ပြတော်မူသောနေ့ဖြစ်၍ ထူးမြတ်သောနေ့ဖြစ်သည်။
ထူးမြတ်သည့်
ဤနေ့ဤရက်တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်အတွင်း တည်ထားကိုးကွယ်လျက်ရှိသည့်
ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့်
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓါဘိသေက အနေကဇာတင်လှူခြင်း၊ ကျောက်စာရုံစေတီတော်များ
ထီးတော်တင်လှူခြင်းနှင့် ရေစက်ချခြင်းစသည့် မဟာမင်္ဂလာအခမ်းအနားများကို နိုင်ငံတော်အဆင့်
စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွက် ကောင်းခြင်းမင်္ဂလာအပေါင်းတို့
ပြည့်စုံဝေဆာလာမည်ဖြစ်သည်။
ထူးခြားသည်မှာ
အဆိုပါမဟာမင်္ဂလာအခမ်းအနားများသို့ ပြည်တွင်းရှိ နိုင်ငံတော်ဩဝါဒါစရိယဆရာတော်ကြီးများ၊
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်အဓိပတိနှင့် ဆရာတော်များ၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု
တက္ကသိုလ်ပါမောက္ခ ချုပ်ဆရာတော်နှင့် ဆရာတော်ကြီးများ၊ အခြားထေရ်ကြီးဝါကြီး ဆရာတော်အရှင်
သူမြတ်များနှင့်အတူ ကမ္ဘောဒီးယား၊ ထိုင်း၊ နီပေါ၊ ဗီယက်နမ်၊ ဘင်္ဂလားဒေ့ရှ်၊ ရုရှားဖက်ဒရေးရှင်း၊
လာအို၊ သီရိလင်္ကာနှင့် အိန္ဒိယကိုးနိုင်ငံတို့မှ ထေရ်ကြီးဝါကြီး ဆရာတော်ကြီး အပါး
၇၀ ကျော်နှင့် သံဃာတော်အရှင်သူမြတ် အပါး ၉၀၀ ကျော် ကြွရောက်တော်မူကြသဖြင့် မြန်မာနိုင်ငံ၏
ထွန်းတောက်နေသော ဗုဒ္ဓသာသနာ တော်ကို ကြည်ညိုဦးခိုက်ဖွယ်ရာ ဖူးတွေ့ခွင့်ရခဲ့ပါသည်။
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး
တည်ထားကိုးကွယ်ခြင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာတော်ကြီး ခိုင်မာစွာထွန်းလင်းတောက်ပလျက်ရှိမှုအား
ကမ္ဘာကိုပြသရန်၊ မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာ ကိုးကွယ်မှု၏ဗဟိုချက်ဖြစ်စေရန်၊
နိုင်ငံတော်ကြီး သာယာဝပြောမှုရှိစေရန်၊ ကမ္ဘာကြီးငြိမ်းချမ်း သာယာဝပြောမှုဖြစ်စေရန်
ရည်ရွယ်ချက်(၄)ရပ်ဖြင့် တည်ထားခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာစစ်စစ်ကို
ကိုးကွယ်ဆည်းကပ်သည့် နိုင်ငံ တစ်နိုင်ငံဖြစ်ပြီး ဝိနည်းတော်များနှင့်အညီ လိုက်နာကျင့်သုံးသည့်
နိုင်ငံဖြစ်သည်။ ဗုဒ္ဓသာသနာတော်ကို ဤသို့မွန်မြတ်သည့်ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ခဲ့ခြင်းကြောင့်
နိုင်ငံတော်ကြီးသာယာဝပြောခြင်းနှင့် ကမ္ဘာကြီးငြိမ်းချမ်းသာယာခြင်းတို့ကို ဆောင်ကြဉ်းပေးနိုင်မည်ဖြစ်သည်။
နိုင်ငံတော်သာယာဝပြောမှုဆိုသည်မှာ
ပြည်သူပြည်သားအားလုံး အေးအေးချမ်းချမ်းဖြင့် နေထိုင်လုပ်ကိုင်စားသောက်နိုင်ရမည်ဖြစ်ပြီး
စီးပွားလာဘ်လာဘများ တိုးတက်စေရမည်၊ ဗုဒ္ဓမြတ်စွာဘုရား၏ အေးမြသည့်အရိပ်အာဝါသအောက်တွင်
အားလုံးလုံလုံခြုံခြုံ အေးအေးချမ်းချမ်းဖြင့် သာယာပျော်ရွှင်စွာနေထိုင်နိုင်ရေးဖြစ်သည်။
ကမ္ဘာကြီး ငြိမ်းချမ်းသာယာမှုဖြစ်စေရန်ဆိုသည်မှာ ဗုဒ္ဓသာသနာတော်သည် ငြိမ်းချမ်းမှု၊
သာယာဝပြောမှု မေတ္တာတရားကိုအလေးထားသည့် ဘာသာတရားတစ်ခု၊ ဗုဒ္ဓဘာသာတရားကိုအခြေခံ၍ ကမ္ဘာကို
မေတ္တာတရားများ ပြန့်ပွားလွှမ်းခြုံသွားမည်ဆိုပါက ကမ္ဘာကြီးသည်လည်း ငြိမ်းချမ်းသာယာမှုဖြစ်စေမည်မှာ
မလွဲဧကန်အမှန်ပင်ဖြစ်ပေလိမ့်မည်။
ဦးဆောင်ဘုရားဒါယကာ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အမှူးပြုသည့်
ခုနစ်ရက်သားသမီး ဘုရားဒါယကာ၊ ဒါယိကာမအပေါင်းတို့၏ ကောင်းမှုကုသိုလ်ဖြစ်သည့် ကမ္ဘာပေါ်ရှိ
ထိုင်တော်မူကျောက်ဆစ်ရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာ မည့် ရုပ်ပွားတော်မြတ်ကြီး
အောင်မြင်စွာပေါ်ထွန်းလာခဲ့ပြီဖြစ်သည်။ ပြည်တွင်း၊ ပြည်ပမှ ဗုဒ္ဓဘာသာဝင်အပေါင်းနှင့်
စိတ်ဝင်စားသူအပေါင်းတို့ ဖူးမြော်ကြည်ညိုခွင့် ရကြပြီဖြစ်သည်။ ပိဋကသုံးပုံ ကျောက်စာရုံစေတီများ၊
မုစလိန္ဒာအိုင်ရှိ နဂါးရုံဘုရား၊ ဓမ္မဗိမာန်၊ သုဓမ္မာဇရပ်များနှင့် တင့်တယ်ဝေစည်နေသော
မာရဝိဇယဗုဒ္ဓဥယျာဉ်တော်ကြီးသို့ အများဝေနေယျတို့ လာရောက်ကြည်ညို ကုသိုလ်ပွားများ ရယူနိုင်ကြစေရန်
ဖိတ်ခေါ်အပ်ပါသည်။
သို့ဖြစ်ရာ
မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာတော်ကြီး အစဉ်အဆက်ထွန်းလင်းတောက်ပလျက်ရှိပြီး မျက်မှောက်ကာလအချိန်အခါ၌
မြန်မာနိုင်ငံသာမက ကမ္ဘာတစ်ဝန်းပါ ငြိမ်းချမ်းသာယာမှုအပေါင်းကို ဆောင်ကြဉ်းပေးနိုင်စေမည့်
ဉာဏ်တော်အမြင့်ဆုံး မာရဝိဇယကျောက်ဆစ်ရုပ်ပွားတော်မြတ်ကြီး ထွန်းလင်း တောက်ပပေါ်ထွန်းလာပြီဖြစ်ရာ
မြတ်စွာဘုရားရှင်၏ အရိပ်အာဝါသအောက်တွင် ဝေနေယျ အပေါင်းတို့ ဘေးဘယာဝေးကွာ၍ အေးချမ်းသာယာဝပြောလာမည်ဖြစ်ပါကြောင်း။ ။

No comments:
Post a Comment