နိုင်ငံတော်တွင် ထေရဝါဒဗုဒ္ဓသာသနာတော်ကြီး ခိုင်မာစွာထွန်းလင်းတောက်ပနေမှုကို ကမ္ဘာသို့ပြသနိုင်ရန်၊ မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာကိုးကွယ်မှု၏ ဗဟိုချက်အဖြစ် သာသနာတော်ပြန့်ပွားရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နိုင်ရန်၊ ပြည်သူပြည်သားအားလုံး အေးချမ်းစွာ နေထိုင်လုပ်ကိုင်စားသောက်နိုင်ပြီး ပျော်ပျော်ရွှင်ရွှင် ပညာသင်ကြားနိုင်စေရန်နှင့် ဗုဒ္ဓမြတ်စွာ၏ အေးမြသည့်မေတ္တာရိပ်အောက်၌ လုံခြုံအေးချမ်းစွာဖြင့် သာယာပျော်ရွှင်စွာနေထိုင်နိုင်ရန်အတွက် နိုင်ငံတော်ကြီးသာယာဝပြောမှုရှိစေရန်၊ ဗုဒ္ဓဘာသာသည် ငြိမ်းချမ်းမှုနှင့်မေတ္တာတရားကို အလေးထားသည်နှင့်အညီ ဗုဒ္ဓဘာသာကိုအခြေခံပြီး ကမ္ဘာကြီးငြိမ်းချမ်းသာယာမှုဖြစ်စေရန်ဟူသည့် ရည်ရွယ်ချက်လေးရပ်ထားရှိကာ တည်ထားခဲ့သော “မာရဝိဇယ” ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသည် ကမ္ဘာပေါ်တွင် ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံး ဗုဒ္ဓရုပ်ပွားတော် ကြီးအဖြစ် ကြည်ညိုတင့်တယ်သပ္ပာယ်လှစွာ ပေါ်ထွန်းလာခဲ့ပြီ ဖြစ်သည်။
မာရဝိဇယ
ဗုဒ္ဓရုပ်ပွားတော်ကြီးအား ကိုလိုနီခေတ်မတိုင်မီ မြန်မာဘုရင်နောက်ဆုံးမင်းဆက် ရတနာပုံခေတ်ဟန်
ထုဆစ်ထားပြီး ဘုရားနှင့်အတူ ကျောင်း၊ ကန်၊ သိမ်၊ ဇရပ်၊ တံတား၊ ဥယျာဉ်များပါ ပြည့်စုံစွာထည့်သွင်းတည်ထားခြင်းဖြစ်သည်။
ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး မျက်နှာတော်မူရာတွင် မြတ်စွာဘုရား ဟောကြားတော်မူခဲ့သည့်
ပိဋကတ်သုံးပုံ၊ အဋ္ဌကထာ၊ ဋီကာကျမ်းစာတို့ကို ကျောက်ထက်အက္ခရာတင်၍ ကျောက်စာရုံစေတီများလည်း
တည်ထားခြင်းဖြစ်ရာ ကမ္ဘာ့အကြီးဆုံးစာအုပ်ကြီးအဖြစ် မှတ်တမ်းဝင်ထားသည့် မန္တလေးမြို့
မဟာကုသိုလ်တော် ဘုရားကျောက်စာများထက် ပိုမိုကြီးမားပြီး ပါဠိအက္ခရာ၊ Romanize
Language တို့ဖြင့် ထွင်းထုထားခြင်းဖြစ်သည်။
မာရဝိဇယကို
အဓိပ္ပာယ်ဖွင့်ဆိုပါက မာရဟူသည် သေခြင်း၊ သေစေခြင်းဟူ၍ဖြစ်သည်။ သတ္တဝါများသေရသည့်အကြောင်း၊
သေခြင်းမကင်းရသည့်အကြောင်းမှာ မာရ်ငါးပါးကြောင့်ဖြစ်သည်။ သေရသည့် အကြောင်းရင်းငါးမျိုး
ခေါ် မာရ်ငါးပါးတို့မှာ ဒေဝပုတ္တ မာရ် ခေါ် မာရ်နတ်၊ ကိလေသမာရ်ခေါ် ကိလေသာ (၁၀) ပါး၊
အဘိသင်္ခါရမာရ်ခေါ် ပြုပြင်စီရင်မှု၊ ခန္ဓမာရ် ခေါ် ခန္ဓာငါးပါး၊ မစ္စုမာရ်ခေါ် သေခြင်းတရားတို့ဖြစ်သည်။
ဒေဝပုတ္တမာရ် ခေါ် မာရ်နတ် သည် သတ်ဖြတ်သူ၊ ညှဉ်းပန်းနှိပ်စက်သူဖြစ်ပြီး သတ္တဝါများကို
သံသရာတွင် ကျင်လည်ကြောင်း လောကီအာရုံကာမဂုဏ် ချမ်းသာများတွင် ခံစားမွေ့လျော်နေသည်ကိုသာ
နှစ်ခြိုက်ပြီး သံသရာလွတ်မြောက်ကြောင်း အလုပ်လုပ်ခြင်းကို လုံးဝမနှစ်ခြိုက်သူဖြစ်သည်။
မာရ်နတ်၏အကြိုက်ဖြစ်သည့် သံသရာမှလွတ်မြောက်အောင် ရုန်းမထွက်နိုင်သူမှာ ဘဝများစွာတွင်
ထပ်ကာထပ်ကာ သေရဦးမှာဖြစ်သည်။
ကိလေသာမာရ်သည်
လက်ခံထားသူ၏ စိတ်နှလုံးကို ပူလောင်ဆင်းရဲအောင် နှိပ်စက်တတ်သည့် လောဘ၊ ဒေါသ၊ မောဟအစရှိသော
ကိလေသာ (၁၀)ပါးပင် ဖြစ်ပြီး ကိလေသာရှိနေသမျှ သံသရာတွင် လှည့်ကာသေနေရဦးမည် ဖြစ်သည်။
အဘိသင်္ခါရမာရ်သည် ကျင့်ကြံအားထုတ် ပြုလုပ်ထားသော ကုသိုလ်ကံ၊ အကုသိုလ်ကံများဖြစ်ပြီး
ထိုကံများကြောင့် သုဂတိဘဝ၊ ဒုဂ္ဂတိဘဝများဖြင့် သံသရာတွင် အဖန်ဖန်အခါခါသေကြဦးမည်ဖြစ်သည်။
ခန္ဓမာရ်သည် ခန္ဓာငါးပါးဖြစ်ပြီး ရုပ်နာမ်တရားတို့ရှိနေသမျှ သေကြရဦးမည်ဖြစ်ရာ ခန္ဓာသည်လည်း
သေစေတတ်သော မာရ်ပင်ဖြစ်သည်။ မစ္စုမာရ်သည် သေခြင်းပင်ဖြစ်ပြီး သက်တမ်းကုန်၍ သေခြင်း၊
ကံကုန်၍သေခြင်း၊ သက်တမ်းရောကံပါကုန်၍သေခြင်း၊ သက်တမ်းရောကံပါရှိသေးသော်လည်း အခြားကံကဖြတ်၍
သေခြင်းတို့ဖြစ်သည်။ မာရဝိဇယဟူသည် အထက်ပါမာရ်ငါးပါးကို အောင်မြင်ခြင်းပင်ဖြစ်ရာ သေရခြင်း၊
သေခြင်းမကင်းရခြင်း အကြောင်းတရား၊ သံသရာတွင် လှည့်ပတ်တတ်သော အကြောင်းတရား၊ စိတ်နှလုံးပူလောင်
ဆင်းရဲစေသည့် အကြောင်းတရားစသည်တို့ကို အောင်မြင်ခြင်း ပင်ဖြစ်သည်။
မြတ်စွာဘုရားရှင်သည်
ဒေဝပုတ္တမာရ်၊ ကိလေသမာရ်၊ အဘိသင်္ခါရမာရ်၊ ခန္ဓမာရ်၊ မစ္စုမာရ်တည်းဟူသော ငါးပါးသောမာရ်အပေါင်းတို့ကို
အောင်မြင်တော်မူခဲ့ပြီးဖြစ်သည့်အလျောက် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ထူးခြားတင့်တယ်သပ္ပာယ်
ခမ်းနားစွာပေါ်ထွန်းလာသည့် အချိန်အခါသမယမှစ၍ မိမိတို့ နိုင်ငံတော်ကြီးသည်လည်း အောင်ခြင်းမင်္ဂလာအဖြာဖြာတို့
ဖြစ်ထွန်းပေါ်ပေါက် ကျရောက်ပါစေကြောင်း။ ။

No comments:
Post a Comment