နေပြည်တော် ဩဂုတ် ၁
ပြည်ထောင်စုနယ်မြေ နေပြည်တော်ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်အောင်မြင်ခဲ့သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင်၍ ဗုဒ္ဓါဘိသိက်သွန်းလောင်းပူဇော်ခြင်း၊ ကျောက်စာရုံစေတီတော်များအား ရွှေထီးတော်တင်လှူပူဇော်ခြင်းနှင့် ရေစက်ချအောင်ပွဲမင်္ဂလာကုသိုလ်တော် မဟာမင်္ဂလာအခမ်းအနားများကို ယနေ့နံနက်ပိုင်းတွင် ဗုဒ္ဓဥယျာဉ်တော် ဝတ္ထုကံတော်အတွင်းရှိ သတ်မှတ်နေရာများ၌ကျင်းပရာ ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ကြည်ညိုကြသည်။
အခမ်းအနားသို့
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အကျိုးတော်ဆောင် ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့ မင်းကျောင်းပထမပြန်စာသင်တိုက်
ပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသ၊ မာရဝိဇယ
ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက် ရေး ဩဝါဒါစရိယ ဆရာတော်ကြီးများ ဖြစ်တော်မူ သည့်
နိုင်ငံတော်ဩဝါဒါစရိယ သောဠသမ ရွှေကျင်သာသနာပိုင်ဆရာတော်၊ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်
များ၏အဓိပတိ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇ အဂ္ဂ မဟာသဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရနှင့်
ပျဉ်းမနားမြို့ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံကျောင်းတိုက် ပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ
သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ဝိမလဗုဒ္ဓိ အမှူး ပြုသော ပြည်တွင်း၊ ပြည်ပမှ ဆရာတော်၊ သံဃာတော်
အပါး ၉၀၀၊ သာသနာ့နွယ်ဝင် သီလရှင် ဆရာကြီး အပါး ၂၀ တို့ ကြွရောက်ချီးမြှင့်တော်မူကြပြီး
ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်
ဇနီး၊ မိသားစုဝင်များနှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်
ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ကောင်စီအတွင်းရေးမှူးနှင့်
ဇနီး၊ တွဲဖက်အတွင်း ရေးမှူးနှင့် ဇနီး၊ ကောင်စီဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊
ပြည်ထောင်စုဝန်ကြီး များနှင့် ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ညှိနှိုင်းကွပ်ကဲရေးမှူး
(ကြည်း၊ ရေ၊ လေ)နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများနှင့်ဇနီးများ၊
နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြည်တွင်း၊ ပြည်ပမှ အလှူရှင်များ နှင့် ဓမ္မမိတ်ဆွေများ၊
ဝတ်အသင်းအဖွဲ့များ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြည်ညို
ပူဇော်ကြသည်။
ဦးစွာ
ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့က မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား
ဖူးမြော်ကြည်ညို၍ မြသပိတ်ဆွမ်းတော်၊ ရွှေကြာသင်္ကန်းတော်၊ သစ်သီးပန်းမန်၊ သောက်တော်ရေချမ်းနှင့်ဆီမီးတို့ကို
ဆက်ကပ်လှူဒါန်းသည်။
ဗုဒ္ဓါဘိသေက
အနေကဇာတင်၍ ဗုဒ္ဓါဘိသိက်သွန်းလောင်းပူဇော်ခြင်း
ထို့နောက်
သံဃာတော် ၈၅၅ ပါးတို့အား ရင်ပြင်တော်ပေါ်ရှိ သံဃာတော်မဏ္ဍပ်ကြီး လေးဆောင်သို့လည်းကောင်း၊
အနေကဇာတင်ပူဇော်နိုင်ရေးအတွက် ပါဠိဆရာတော်အမှူးပြုသော သံဃာတော် ၁၂ ပါး တို့အား မုစလိန္ဒနှင့်
သာသနာ့ဗိမာန်တော်သို့ လည်းကောင်း၊ မာရဝိဇယကျောင်းတော်တွင် သီတင်းသုံးမည့်
ဆရာတော်ငါးပါးတို့အား မာရဝိဇယ ကျောင်းတော်သို့ လည်းကောင်း၊ မဟာထေရ် ကိုးပါးတို့အား
ထေရာသနနေရာသို့ လည်းကောင်း ဥပါသကာများကပင့်ဆောင်ကြပြီး မင်္ဂလာဘိသိက်ပန်း၊ အောင်တံခွန်၊
အောင်ကုက္ကားများ ဆက်ကပ် ကြသည်။
ယင်းနောက်
အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ပြီး မာရဝိဇယဗုဒ္ဓပူဇာဓမ္မတေးဖြင့်ပူဇော်၍
မင်္ဂလာ ငွေခရုနှင့် အောင်စည်အောင်မောင်း သုံးကြိမ် တီးခတ် ပူဇော်သည်။
ဆက်လက်၍
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ပြည်ပနိုင်ငံများမှ သံဃာတော်များက ဗုဒ္ဓါဘိသေကအနေကဇာတင်
ပူဇော်နိုင်ရေးစီစဉ်ဆောင်ရွက်ပေးပါရန် သီတဂူဆရာတော်ကြီးထံ အခမ်းအနားကို လွှဲအပ်သည်။
ထို့နောက်
ကြွရောက်တော်မူကြသည့် ကမ္ဘောဒီးယားနိုင်ငံမှ သံဃာတော်ခြောက်ပါး၊ ထိုင်းနိုင်ငံမှ သံဃာတော်
၁၁ ပါး၊ နီပေါနိုင်ငံမှ သံဃာတော် ၁၀ ပါး၊ ဗီယက်နမ်နိုင်ငံမှ သံဃာတော် ၁၁ ပါး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ
သံဃာတော် ၁၀ ပါး၊ လာအို နိုင်ငံမှ သံဃာတော် ခြောက်ပါး၊ သီရိလင်္ကာနိုင်ငံမှ သံဃာတော်
၁၁ ပါး နှင့် အိန္ဒိယနိုင်ငံမှ သံဃာတော်ငါးပါးတို့က မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား
ဗုဒ္ဓါဘိသေကအနေကဇာတင်၍ ဗုဒ္ဓါဘိသိက် သွန်းတော်မူကြသည်။
ထို့အတူ
အခမ်းအနားသို့ ကြွရောက်ချီးမြှင့်တော်မူကြသည့် ပြည်တွင်းမှသံဃာတော်များက မာရ ဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား
ဥဒါန်းပါဠိတော် လာနည်းအတိုင်း ဗုဒ္ဓါဘိသေက အနေကဇာတင်၍ ဗုဒ္ဓါဘိသိက်သွန်းတော်မူကြသည်။
ဆက်လက်၍
သီတဂူဆရာတော်ကြီးက ဇယောဟိ ဗုဒ္ဓဿ သီရိမတော အစချီ ဇယမင်္ဂလာ အောင်ဘိသိက်ဂါထာတော်ကို
ရွတ်ဆိုပူဇော်၍ ဂါထာတော်ပြီးဆုံးချိန်တွင် သာဓုသုံးကြိမ်ခေါ်ဆိုပြီး လျှပ်ပန်းရောင်စုံမီးပန်းစုံတို့ဖြင့်
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအားပူဇော်၍ အခမ်းအနားအစီအစဉ်ပထမပိုင်းကို ရုပ်သိမ်းလိုက်သည်။
ကျောက်စာရုံစေတီများအား
ရွှေထီးတော်တင်လှူပူဇော်ခြင်း
ထို့နောက်
အခမ်းအနားအစီအစဉ် ဒုတိယပိုင်းအဖြစ် ကျောက်စာရုံစေတီများအား ရွှေထီးတော် တင်လှူပူဇော်ခြင်းအစီအစဉ်ကို
ဆက်လက်ကျင်းပရာ အလှပန်းစိုက်ငွေဖလားကိုင်၊ သာသနာ့အလံကိုင်၊ ထီးဖြူတော်ကိုင်၊ မင်္ဂလာဝေါယာဉ်တော်ကိုင်
ဥပါ သကာများ၊ ဒေဝါဝင်း၊ ရာဇာဝင်းများ၊ ပန်းကြဲအဖွဲ့နှင့် ဝတ်အသင်း အဖွဲ့များက ကျောက်စာရုံစေတီတော်
အဝင်မုခ်ဦးရှိ သတ်မှတ်နေရာများတွင်နေရာယူကြပြီး တာဝန်ရှိသူများက မဟာထေရ်ဆရာတော်ကြီး
၁၁ ပါးအား ထေရာသနမဏ္ဍပ်သို့ ပင့်ဆောင်ပေးကြသည်။
ယင်းနောက်
ဘုရားဒါယကာ၊ ဒါယိကာမများက ရတနာစိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့ကို ပင့်ဆောင်၍
မင်္ဂလာမော်ကွန်း ကျောက်စာရုံစေတီတော်အား လက်ယာရစ်လှည့်လည်ပူဇော်ကာ အပူဇော်ခံနေရာသို့ပို့ဆောင်ပြီး
ကုသိုလ်တော်မဏ္ဍပ်တွင် နေရာယူကြသည်။
ဆက်လက်၍
ဆရာတော်ကြီးများက ဒုက္ခပ္ပတ္တာစ နိဒ္ဒုက္ခာ - ဂါထာ၊ သဗ္ဗီတိယော ဝိဝဇ္ဇန္တု- ဂါထာနှင့်
ဘဝတု - သုံးဂါထာတို့ကိုရွတ်ဆို၍ မေတ္တာပြုပူဇော်ကြပြီး ဘုရားဒါယကာ၊ ဒါယိကာမများက ရတနတ္တယပူဇာဂါထာနှင့်
သဗ္ဗသင်္ဂါဟက မေတ္တာပို့လင်္ကာနှစ်ပိုဒ်ကို သံပြိုင်ညီညာရွတ်ဆိုပွားများ ပူဇော်ကြသည်။
ထို့နောက်
ဆရာတော်ကြီး သုံးပါး၊ ဦးဆောင်ဘုရားဒါယကာနှင့် ဘုရားဒါယကာများက စေတီ တော် အထွတ်ငြမ်းထက်သို့
တက်ရောက်နေရာယူပြီးချိန်တွင် အရံစေတီတော်လေးဆူနှင့် ကျောက်စာရုံစေတီ အဆူ ၇၂၀ တို့အား
ရွှေထီးတော်တင်လှူကြမည့် အလှူရှင်ဘုရားဒါယကာများကလည်း စေတီတော်အထွတ်ငြမ်းထက်သို့ ဆက်လက်
တက်ရောက်နေရာယူကြသည်။
ယင်းနောက်
အခမ်းအနားမှူးက မင်္ဂလာအခါတော်ဟု ကြွေးကြော်လိုက်သည်နှင့်တစ်ပြိုင်တည်း ဦးဆောင်ဘုရားဒါယကာက
ရွှေထီးတော်ဘုံအဆင့်များ၊ ရတနာငှက်မြတ်နားတော်နှင့် ရတနာစိန်ဖူးတော်တို့ကို အစဉ်အတိုင်းတင်လှူပူဇော်ပြီး
စေတီတော်အထွတ်တွင် သာသနာ့အောင်လံတော်ကို လွှင့်ထူပူဇော်သည်။
ထို့အတူ
အလှူရှင်ဘုရားဒါယကာများက အရံစေတီတော်လေးဆူနှင့် ကျောက်စာရုံစေတီတော်များအား ရွှေထီးတော်များတင်လှူပူဇော်ကြပြီး
ရွှေထီးတော်မြတ်များအား ပရိတ်နံ့သာရည်၊ တရော်ကင်ပွန်းရည်၊ ရေစင်ရေသန့်တို့ဖြင့် ပက်ဖျန်းသန့်စင်
သွန်းလောင်းပူဇော်ကြသည်။
ဆက်လက်၍
ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အမှူးပြုသည့်
ဧည့်ပရိသတ်များက မဟာမင်္ဂလာအခမ်းအနားများ အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပြီဖြစ်၍ “အောင်ပြီ” ဟု
သံပြိုင်ညီညာ သုံးကြိမ်ကြွေးကြော်ကြကာ အခမ်းအနားမှူးက အောင်ဆုမင်္ဂလာအမျှဝေစာတမ်းလွှာကို
ဖတ်ကြားပူဇော်သည်။ ထို့နောက် ဥပါသကာများက ဆရာတော်ကြီးများအား အဂ္ဂါဓိပတိ သာသနာ့ဗိမာန်တော်ကြီးအတွင်းရှိ
သံဃာတော် နားနေဆောင်သို့ ပင့်ဆောင်ကြသည်။
ဒါန၊
သီလ၊ ဘာဝနာ ကုသိုလ်ဆည်းပူးခြင်း
ယင်းနောက်
အခမ်းအနားအစီအစဉ် တတိယပိုင်းအဖြစ် ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်ဆည်းပူးခြင်း အစီအစဉ်ကို
အဂ္ဂါဓိပတိ သာသနာ့ဗိမာန်တော်ကြီး အတွင်း၌ ကျင်းပပြုလုပ်ရာ တက်ရောက်လာသည့် ဧည့်ပရိသတ်များက
အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့
အကျိုးတော်ဆောင် သန်လျင်မင်းကျောင်းဆရာတော်ကြီးထံမှ ကိုးပါးသီလ ခံယူဆောက်တည်ကြကာ သံဃာတော်အရှင်
သူမြတ်များ ရွတ်ပွားချီးမြှင့်တော်မူသည့် မေတ္တသုတ်၊ ရတနာသုံးပါးဂုဏ်တော်နှင့် ပုဗ္ဗဏှသုတ်ပရိတ်
တရားတော်များကို နာယူကြည်ညိုကြသည်။
ထို့နောက်
ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်ဝန်ကြီးချုပ်က မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရခြင်းနှင့်စပ်လျဉ်း၍
လျှောက်ထားရာတွင် ယနေ့ကျင်းပသည့် မဟာမင်္ဂလာအခမ်း အနားများသို့ ခရီးလမ်းပင်ပန်းမှုစသည်ကို
ဥပေက္ခာပြုလျက် မေတ္တာတရားရှေ့ထားကာ ကြွရောက်ချီးမြှင့် တော်မူကြပါသော ပြည်တွင်း၊ ပြည်ပမှဆရာတော်
ကြီးများအား ကျန်းမာရွှင်လန်းစွာဖြင့် စုံစုံညီညီဖူးမြော်ခွင့်ရရှိပြီး မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး
တည်ထားပူဇော်ခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းလျှောက်ထားခွင့်ရရှိသည့်အတွက် ပီတိသောမနဿ
ကုသိုလ်စိတ်များ တိုးပွားဖြစ်ပေါ်ရပါသည်ကို ဦးစွာ လျှောက်ထားအပ်ပါကြောင်း။
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး
တည်ထားရာတွင် ရည်ရွယ်ချက်လေးရပ်ထားရှိခဲ့ပြီး နိုင်ငံတော်တွင် ထေရဝါဒဗုဒ္ဓဘာသာခိုင်မာစွာ
ထွန်းလင်းတောက်ပနေမှုကို ကမ္ဘာကိုပြသနိုင်ရန်၊ မြန်မာနိုင်ငံ၌ ထေရဝါဒဗုဒ္ဓဘာသာကိုးကွယ်မှု၏
ဗဟိုချက်အဖြစ် သာသနာတော်ပြန့်ပွားရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နိုင်ရန်တို့အပြင်
ပြည်သူပြည်သားအားလုံး အေးအေးချမ်းချမ်းဖြင့် နေထိုင်လုပ်ကိုင်စားသောက်နိုင်ပြီး ပျော်ပျော်ရွှင်ရွှင်
ပညာသင်ကြားနိုင်စေရန် ဗုဒ္ဓမြတ်စွာ၏ အေးမြသည့်မေတ္တာရိပ်အောက်၌ အားလုံးလုံခြုံအေးချမ်းစွာဖြင့်
သာယာပျော်ရွှင်စွာနေထိုင်နိုင်ရန်အတွက် နိုင်ငံတော်ကြီး သာယာဝပြောမှုရှိစေရန်လည်း ရည်ရွယ်ပါကြောင်း၊
ထို့ပြင် မိမိတို့ဗုဒ္ဓဘာသာသည် ငြိမ်းချမ်းမှုနှင့် မေတ္တာတရားကို အလေးထားသည်နှင့်အညီ
ဗုဒ္ဓဘာသာကို အခြေခံ ပြီး ကမ္ဘာကြီး ငြိမ်းချမ်းသာယာမှုဖြစ်စေရန်လည်း ရည်ရွယ်တည်ထားခဲ့ခြင်း
ဖြစ်ပါကြောင်း။
ဆက်လက်၍
မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ် ကြီး တည်ထားကိုးကွယ်ရန် ဆောင်ရွက်ခဲ့မှုအခြေ အနေများနှင့်
ပတ်သက်ပြီး ယခင်နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ အလှူရှင်တစ်ဦးကလှူဒါန်းခဲ့သည့်
စကျင်ကျောက်တုံးတော်ကြီးကို မိမိဦးဆောင်သည့်တပ်မတော်က ဗုဒ္ဓရုပ်ပွားတော်တည်ထားနိုင်ရန် လွှဲအပ်ပေးခဲ့ပါကြောင်း၊
အဆိုပါ ကျောက်တုံးတော်ကြီးကိုကျွမ်းကျင်ပညာရှင်များနှင့် အသေးစိတ်စစ်ဆေးတွက်ချက်ခဲ့ပြီး
၂၀၁၈ ခုနှစ်၊ အောက်တိုဘာလမှ စတင်တူးဖော်ခဲ့ရာတွင် ၂၀၁၉ ခုနှစ်၊ မတ်လ ၌ အမြင့် ၆၅ ပေရှိ
အရည်အသွေး A အဆင့်ရှိသော ကျောက်တုံးတော်ကြီးကို ဖော်ထုတ်ရရှိခဲ့ပါကြောင်း။
ဆင်းတုတော်ကြီး
တည်ထားကိုးကွယ်ရန် အတွက် ကျေးဇူးရှင် ဗန်းမော်ဆရာတော်ကြီး၊ သီတဂူ ဆရာတော်၊ ရွှေသုဝဏ်ဆရာတော်၊
ပါမောက္ခချုပ်ဆရာတော်စသည့် ဆရာတော်ကြီးများထံမှ ဩဝါဒခံယူခဲ့ပြီဘူမိဖဿပုံစံ တည်ထားကိုးကွယ်နိုင်ရေးဆောင်ရွက်ခဲ့ပါကြောင်း၊
မိမိတို့နိုင်ငံသည် ၁၈၈၅ ခုနှစ်တွင် လွတ်လပ်ရေးဆုံးရှုံးခဲ့ပြီး ကိုလိုနီဖြစ်ခဲ့သည့်
ကာလအတွင်း ယဉ်ကျေးမှုအဆက်ပြတ်သွားခဲ့ခြင်း ကြောင့် နောက်ဆုံးကျန်ရှိခဲ့သည့် ယဉ်ကျေးမှုကို ရယူ
ရန် ရတနာပုံခေတ်ဟန်နှင့်သာ ထုဆစ်ရန်ဆုံးဖြတ်ခဲ့ပါကြောင်း။
ကျောက်တုံးတော်ကြီးများကို
သယ်ယူရေးစီစဉ် ဆောင်ရွက်ခဲ့ရာတွင် ကုန်းလမ်းကသယ်ယူရန် အခက်အခဲများရှိသည့်အတွက် စကျင်တောင်မှဧရာဝတီမြစ်၊
၎င်းမှဆီမီးခုံဆိပ်ကမ်း၊ ထိုမှတစ်ဆင့် ကုန်းလမ်းမနေပြည်တော်သို့ ဩဝါဒါစရိယဆရာတော်ကြီးများထံမှ
ဩဝါဒနှင့်အညီ ကျောက်တုံးတော်ကြီးများကို ပိုင်းဖြတ်သယ်ယူ ပင့်ဆောင်ခြင်းများ ခက်ခက်ခဲခဲ
ဆောင်ရွက်ခဲ့ရပါကြောင်း၊ စကျင်တောင်မှ သယ်ဆောင်နိုင်ရန်အတွက် ဧရာဝတီမြစ်ထဲ ဝင်ရောက်မည့်
မြောင်မြစ်အထိ တူးမြောင်း ဖောက်လုပ်သယ်ဆောင်ခဲ့ပါကြောင်း။
ကျောက်တုံးတော်များကို
ဧရာဝတီမြစ်ရေ ပြည့်သည့်အချိန် ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင် ၃ ရက်တွင် စတင်ပင့်ခဲ့ပါကြောင်း၊
စုစုပေါင်းအနေဖြင့် ၉ ကြိမ် ပင့်ဆောင်ခဲ့ရကာ တန်ချိန်အားဖြင့် ၈၁၅၈ တန် သယ်ဆောင်ခဲ့ရာ
စက်တင်ဘာ ၁၈ ရက်တွင် ကျောက်တုံးတော်ကြီးများအားလုံး ဆီမီးခုံဆိပ်ကမ်းသို့ရောက်ရှိခဲ့ပြီး
ရေလမ်းခရီးနှင့် စကျင်ကျောက်တုံးတော်ကြီးကို သယ်ဆောင်ခြင်းသည် ကမ္ဘာပေါ်တွင်မှတ်တမ်းဝင်ခဲ့ပါကြောင်း၊
ဆီမီးခုံဆိပ်ကမ်းမှ စကားအင်းအဝိုင်းအကြား ကျောက်တုံးတော်ကြီးများ ချောမွေ့စွာ သယ်ယူပင့်ဆောင်နိုင်ရန်
၂၂ မိုင် ၅ ဖာလုံ အရှည်လမ်းကို အသစ်ဖောက်လုပ်ရုံသာမက ရန်ကုန်-မန္တလေးအမြန်လမ်း စကားအင်းအဝိုင်းမှ
ဗုဒ္ဓဥယျာဉ်တော်အကြား လမ်းလွှဲ ၈၂ နေရာ၊ အရှည် မိုင် ၃၀ ကျော်ကို ပြင်ဆင်ဆောင်ရွက်ပြီးနောက်
နေပြည်တော်ကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်တွင် စတင်ပင့်ဆောင်ခဲ့ပါကြောင်း။
ကျောက်တုံးတော်ကြီးများကို
ကုန်းလမ်းခရီးနှင့် စုစုပေါင်းခုနစ်ခေါက်သယ်ယူခဲ့ရပြီး အလေးချိန်အနေ ဖြင့် ၇၆၃၂ တန်
ရှိပါကြောင်း၊ အဲဒီလိုကျောက်တုံးတော် ကြီးများကို ပင့်ဆောင်သည့် Modula Trailar များ
ထုတ်လုပ်သော ဂျာမနီနိုင်ငံမှ Goldhofer Company အနေဖြင့် ကမ္ဘာပေါ်တွင်အလေးချိန်အများဆုံး
အရာဝတ္ထုများကို ခရီးအကွာအဝေးအရှည်ဆုံး ရွှေ့ပြောင်းသယ်ယူနိုင်ခဲ့သည့် အသိအမှတ်ပြုလက်မှတ်ကို
ပေးအပ်ခဲ့ပါကြောင်း၊ မိမိတို့အနေဖြင့် အလေးချိန်အများဆုံးစကျင်ကျောက်အား ကမ္ဘာတွင်အဝေးဆုံးသော
ရေလမ်းခရီးသယ်ဆောင်မှုနှင့် အဝေးဆုံးသောကုန်းလမ်းခရီးသယ်ဆောင်မှုတို့ကို ဆောင်ရွက်နိုင်
ခဲ့ခြင်း ဖြစ်ပါကြောင်း။
ရုပ်ပွားတော်မြတ်ကြီး
တည်ထားကိုးကွယ်ရန်အတွက် မြေနေရာကိုစနစ်တကျ လေ့လာအကွက်ချ တွက်ချက်ဆောင်ရွက်ခဲ့သကဲ့သို့
နိုင်ငံတော်သံဃမဟာနာယက ဆရာတာ်ကြီးများထံ၌လည်း ဩဝါဒခံယူခဲ့ပြီး ဘုရား၊ ကျောင်း၊ ကန်၊
သိမ်၊ ဇရပ်၊ တံတား၊ဥယျာဉ်များ ပြည့်စုံစွာဖြင့်ထည့်သွင်းတည်ဆောက်နိုင်ရေး အလေးထားစဉ်းစားဆောင်ရွက်ခဲ့ပါကြောင်း၊
မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်း ပိဋကတ်သုံးပုံကို ပါဠိအက္ခရာ၊ Romanize Language ဖြင့်
ရေးထိုးနိုင်ရေး ဆောင်ရွက်ခဲ့ပြီး ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဘွဲ့အမည်ကိုလည်း “မာရဝိဇယ” ဟူသည့်
ဘွဲ့အမည်ကို ဆက်ကပ်ခဲ့ခြင်းဖြစ်ပါကြောင်း။
ရုပ်ပွားတော်ကြီး ထုဆစ်ရာတွင် ဘုရားရှင်တို့၏ လက္ခဏာတော်ကြီး ၃၂ ပါး၊ လက္ခဏာတော်ငယ် အပါး ၈၀ တို့နှင့်ညီညွတ်စွာ ကြည်ညိုသပ္ပာယ်အောင် ထုဆစ်ပူဇော်ရန် ရည်သန်ခဲ့ပါကြောင်း၊ ရုပ်ပွားတော် ကြီး၏ မျက်နှာတော်အနေအထားကို အနည်းအငယ်ပြုံးနေတော်မူဟန်၊ ဖူးမြော်သူများ ကြည်ညိုစဖွယဖူးမြင်နိုင်ရန် ဦးခေါင်းတော်ကို အရှေ့ ၇ ဒသမ ၅ ဒီဂရီ စောင်းပြီးတည်ထားပါကြောင်း၊ ဆင်းတုတော်ကြီးအား ထုဆစ်ရာတွင် အပိုင်းလိုက်ခွဲကာ CNC စက်များနှင့် အဆင့်ဆင့်ထွင်းထုခဲ့ခြင်း ဖြစ်ပါကြောင်း၊ ဆင်းတုတော်အပိုင်းများ တွဲဆက်ရာတွင် ခိုင်မာမှု ရှိစေရေးအတွက် ခေတ်မီနည်းပညာများနှင့် ဆောင်ရွက်ထားသည့်နည်းတူ တွဲဆက်ထားသည့် ဆင်းတုတော် အပိုင်းများကို ပင့်ထောင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်ပပညာရှင်မပါဘဲ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီနှင့် တပ်မတော်သား အင်ဂျင်နီယာများ ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပါကြောင်း၊ အဆိုပါပင့်ထောင်ခြင်းလုပ်ငန်းနှင့် ပင့်ဆောင်ခြင်းလုပ်ငန်းများကို အမှားအယွင်းမရှိစေရေး ခက်ခက်ခဲခဲဖြင့် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ယခုနှစ် ဇန်နဝါရီ ၂၆ ရက်တွင် ဆင်းတုတော် အပိုင်း (၁၊ ၂၊ ၃) တို့ကို ရတနာပလ္လင်တော်ထက်သို့ စတင်ပင့်ဆောင်ပူဇော်ခြင်း အခမ်းအနားကို ပြုလုပ်ခဲ့ပြီး ဇန်နဝါရီ ၃၁ ရက်တွင် ပလ္လင်တော်ထက်ကိုအောင်မြင်စွာ ပင့်ဆောင်ပူဇော်နိုင်ခဲ့ပါကြောင်း၊ ဇန်နဝါရီ ၂၇ ရက်တွင် ပထမအကြိမ်ဌာပနာထည့်သွင်းပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားနှင့် ဖေဖော်ဝါရီ ၁၀ ရက်တွင် ဒုတိယအကြိမ်ဌာပနာထည့်သွင်းပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနား တို့ကို ဆောင်ရွက်ခဲ့ရာ ပြည်ထောင်စုမြန်မာနိုင်ငံတော် တစ်ဝန်းလုံးမှ (၇) ရက်သား၊ သမီး၊ ဘုရားဒါယကာ၊ ဒါယိကာမများ၊ စေတနာရှင်၊ အလှူရှင်များက ကုသိုလ်ပြုလှူဒါန်းထားသည့် အဖိုးတန်ကျောက်မျက် ရတနာဌာပနာတော် ကုသိုလ်ပစ္စည်းများ ဌာပနာသွင်းလှူပူဇော်နိုင်ခဲ့ပါကြောင်း၊ ရုပ်ပွားတော်မြတ်ကြီး ရေရှည်တည်တံ့ ခိုင်မြဲစေရန်အတွက် တန်ချိန် ၂၀၀၀၀ ထိ ခံနိုင်သည့် အောက်ခံအမာရရှိရေး၊ တစ်နာရီ လေတိုက်နှုန်း မိုင် ၁၂၀ ရှိသည့် လေပြင်းမုန်တိုင်း တိုက်ခတ်မှုဒဏ်ခံနိုင်ရေး၊မြန်မာနိုင်ငံတွင်အမြင့်ဆုံးလှုပ်ခတ်နိုင်သည့် Earth-quake Magnitude ၈ ဒသမ ၈ အထိမြေငလျင်ဒဏ်ခံနိုင်ရေးနှင့် လျှပ်စီးမိုးကြိုးများကြောင့် ဆင်းတုတော်ကြီး ထိခိုက်မှုမရှိစေရေးတို့အတွက် အင်ဂျင်နီယာရှုထောင့်မှ စနစ်တကျတွက်ချက်တည်ဆောက် ခဲ့ပါကြောင်း၊ ဆင်းတုတော်ကြီး၏ ကျောက်တုံးတော်ကြီးများကို တွဲဆက်ခြင်းများ ဆောင်ရွက်ရာတွင်လည်း သမားရိုးကျနည်းလမ်းများနှင့် ခေတ်မီနည်းလမ်းများ ပေါင်းစပ်တည်ဆောက်ခဲ့ရာ ဉာဏ်တော် ၆၃ ပေ၊ ပလ္လင်တော် ၁၈ ပေ စုစုပေါင်း ၈၁ ပေ အမြင့်ဆောင်သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးကို ရတနာပုံခေတ်ဟန်အတိုင်း ခေတ်မီနည်းစနစ်ဖြင့်ပေါင်းစပ်ကာ ကြည်ညိုစဖွယ်သပ္ပာယ်လှသည့် ကမ္ဘာ့အကြီးဆုံးရုပ်ပွားတော်မြတ်ကြီးအဖြစ် အောင်မြင်စွာတည်ထားပူဇော်နိုင်ခဲ့ပြီ ဖြစ်သည်ကို ဝမ်းမြောက်ဂုဏ်ယူဖွယ်ရာ လျှောက်ထားအပ်ပါကြောင်း၊ ကျောက်တုံးတော်ကြီး စတင်တူးဖော်ချိန်မှယနေ့အထိ ရုပ်ပွားတော်မြတ်ကြီးတည်ဆောက်ရာမှာ ပါဝင်သူတစ်ဦးတစ်ယောက်မျှ ကြီးမားသည့်ထိခိုက်ဒဏ်ရာရမှုများ မရှိခဲ့ပါကြောင်း။
ရုပ်ပွားတော်မြတ်ကြီး၏
ရင်ပြင်တော်ကို စကျင်ကျောက်ခင်းရုံသာမက မန္တလေးမြို့ အတုမရှိကျောင်း တော်ကြီးပုံစံအတိုင်း
မြတ်စွာဘုရား ဟောကြားသည့် တရားတော်များအနက် အကြီးမြတ်ဆုံးဖြစ်တော်မူသော ပဋ္ဌာန်းမြတ်ဒေသနာ
၂၄ ပစ္စည်းကို ရည်စူးလျက် ဂန္ဓကုဋိတိုက်များကိုလည်း အဆောင်တစ်ခုနှင့် တစ်ခု အနုလက်ရာများ
လုံးဝမတူညီသည့် ၂၄ ဆောင် တည်ဆောက်ထားပြီး ဘုရားဖူးလာ ပြည်သူများအနေ ဖြင့် နေပူပြင်းသည့်အချိန်များတွင်
ဂန္ဓကုဋိတိုက် တော်များအတွင်းမှဘုရားကြီးကို ဖူးမြော်ကြည်ညိုနိုင်စေရန် တည်ဆောက်ထားခြင်း
ဖြစ်ပါကြောင်း၊ ရင်ပြင်တော်တွင် တံခွန်တိုင်နှင့် သဒ္ဓါဓိပတိ ခေါင်းလောင်းတော်တို့ကိုလည်း
ထည့်သွင်းတည်ဆောက်ထားပြီး မသန်စွမ်းသူများနှင့် သက်ကြီး ရွယ်အိုများ ဘုရားရင်ပြင်တော်ပေါ်
တက်ရောက် နိုင်ရန် စက်လှေကားကိုလည်း ထည့်သွင်းတည် ဆောက်ထားရှိပါကြောင်း၊ ဘုရားကြီးပရိဝုဏ်တော်အတွင်း
အိန္ဒိယနိုင်ငံမှရရှိသည့် ဗောဓိညောင်ပင်ကိုလည်း စိုက်ပျိုးထားရှိကာ ရုပ်ပွားတော်ကြီး၏
ဘယ်ဘက်နှင့် ညာဘက်တို့တွင် လုမ္ဗိနီအင်ကြင်းတောနှင့် ရုပ်ပွားတော်ကြီး၏ အနောက်ဘက်တွင်
လင်းလွန်းပင်နှင့် လုမ္ဗိနီအင်ကြင်းပင်များကို စိုက်ပျိုးထားရှိပါကြောင်း။
“ဓမ္မ၊
ဝိနယဟူသော ပိဋကတ်သုံးဖြာသည် ဘုရားရှင်ပမာ အားလုံးတို့၏ ဆရာအဖြစ် တည်ရှိ နေ၏” ဟူသော
ဆရာတော်များထံမှနာယူရသည့် ဒေသနာတော်ကို ဦးထိပ်ပန်ဆင်ပြီး ဗုဒ္ဓမြတ်စွာ၏ အဆုံးအမ တရားတော်များကို
ကျောက်ထက်အက္ခရာတင်လှူရန် စီမံခဲ့ရာတွင် ရုပ်ပွားတော်မြတ်ကြီး ရှေ့မျက်နှာစာမူရာတည့်တည့်တွင်
ကျောက်စာရုံစေတီများ တည်ဆောက်ရန် ဆောင်ရွက်ခဲ့ပါကြောင်း၊ စကျင်ကျောက်ချပ်များပေါ်တွင်
ခေတ်မီစက်ကိရိယာ များအသုံးပြု၍ ပါဠိအက္ခရာ၊ Romanize Language တို့ဖြင့် ကျောက်စာတော်များ
ထွင်းထုထည့်သွင်း၍ တည်ထားဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ကျောက်စာရုံစေတီတော်များကို
မန္တလေးမြို့မဟာကုသိုလ်တော်ဘုရား ကျောက်စာရုံများပုံစံယူ၍ ကျောက်စာရုံ စေတီ ၇၂၀ နှင့်
မော်ကွန်းကျောက်စာ စေတီတော် တစ်ဆူတို့ကို တည်ဆောက်ခဲ့ပါကြောင်း၊ နှစ်ဘာသာ ဖြင့် ရေးထွင်းပူဇော်ခြင်းဖြစ်၍
ကျောက်စာချပ်ရေ ၁၄၄၀ ရှိပါကြောင်း၊ ကျောက်စာများ ရေးထိုးရာ တွင်လည်း မှားယွင်းမှုမရှိစေရေးအတွက်
အပြည် ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓတက္ကသိုလ်၊ ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်၊ မန္တလေး)နှင့်
သီတဂူသာသနာ့တက္ကသိုလ်တို့မှ ပါမောက္ခချုပ်များဦးဆောင်မှုဖြင့် ဆရာတော်ကြီးများက နေ့စဉ်တည်းဖြတ်၍
စနစ်တကျမှတ်တမ်းတင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ကျောက်စာရုံစေတီတော်များ တည်ဆောက်ရာတွင်
မြေနေရာခိုင်ခံ့မှုရှိစေရေး စနစ်တကျဖြင့် ဆောင်ရွက်ခဲ့ပြီး ကျောက်စာချပ်များအားလုံး
အချိန်မီရေးထိုးပြီးစီးနိုင်ရန် CNC စက်များ ဖြင့် ရေးထိုးဆောင်ရွက်ခဲ့ပြီး အမှားအယွင်းမရှိစေရေးအတွက်လည်း
အကြိမ်ကြိမ်တိုက်ဆိုင်စစ်ဆေး ဆောင်ရွက်ခဲ့ပါကြောင်း၊ မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့်
နှုတ်ကပါဌ်တော်လာ ပိဋကတ်သုံးပုံအဋ္ဌကထာဋီကာကျမ်းစာများသည် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏
မျက်နှာတော်မူရာတွင် တည်ရှိနေမည်ဖြစ်ပါကြောင်း၊ ပိဋကတ်သုံးပုံကို ကျောက် ထက်အက္ခရာတင်ရုံမျှမက
ကျမ်းစာအဖြစ်လည်း ရိုက်နှိပ်ပြီး ကမ္ဘာပေါ်ရှိ ဗုဒ္ဓဘာသာ ကိုးကွယ် သည့် ဘာသာရေးဌာနများသို့
ပေးပို့လှူဒါန်းသွားမည် ဖြစ်ပါကြောင်း။
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို
စောင့်ရှောက်ရန်အတွက် ဩဝါဒါစရိယ ဆရာတော်ကြီးများရှိရန်လိုအပ်သည့်အတွက် မာရဝိဇယကျောင်းတော်ကို
တည်ဆောက်ခဲ့ပြီး ဩဝါဒါစရိယဆရာတော်ကြီးများ၏ ဩဝါဒခံယူလျက် ဝိနည်းမဟာဝါပါဠိတော်၊ ဝိနည်းမဟာဝါ
အဋ္ဌကထာ၊ သာရတ္ထဋီကာ၊ မူလပဏ္ဏာသအဋ္ဌကထာ၊ ဥဒါန်းပါဠိတော်၊ ဇာတက အဋ္ဌကထာ စသည့်ပိဋကတ်တော်လာအဆိုများနှင့်
မဟာဗုဒ္ဓဝင် ကျမ်းဂန်တော်များနှင့်အညီ မုစလိန္ဒ ကန်နှင့် နဂါးရုံဘုရားတို့ကို ပြည့်စုံစွာတည်ထား
ကိုးကွယ်ခဲ့ခြင်းဖြစ်ပါကြောင်း။
တပည့်တော်
ဆက်လက်လျှောက်ထားလိုသည်မှာ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ အခြံအရံကုသိုလ်တော်အဖြစ်
သာသနာ့ဗိမာန်တော်ကြီးကို နိုင်ငံတစ်ဝန်းလုံးရှိ အများပြည်သူများက တည်ဆောက်လှူဒါန်းပူဇော်ထားခြင်းဖြစ်ပါကြောင်း၊
ဆဋ္ဌသင်္ဂါ ယနာတင်သည့်အချိန်ကာလတွင် ယခင်ဝန်ကြီးချုပ်ဟောင်းဦးနုဦးဆောင်သော ပြည်သူများက
စုပေါင်း တည်ဆောက်လှူဒါန်းခဲ့သည့် မဟာပါသာဏလိုဏ်ဂူတော်ကြီးကို နမူနာယူ၍ ခေတ်မီဒီဇိုင်းဖြင့်
တည် ဆောက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ အလျား ၂၉၆ ပေ၊ အနံ ၂၁၃ ပေ၊ အမြင့် ၉၄ ပေရှိ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီးသည်
ဝိသုံဂါမသိမ်တော်ကြီးလည်း ဖြစ်ပြီး သံဃာအပါး ၉၀၀၊ လူပုဂ္ဂိုလ် ၁၂၀၀ ဝင်ဆံ့၍ နိုင်ငံတော်အဆင့်
သာသနာရေးဆိုင်ရာ အခမ်းအနား များကျင်းပနိုင်ရန် ရည်ရွယ်တည်ဆောက်ထားခြင်း ဖြစ်ပါကြောင်း၊
ထိုမျှမက ၂၅၅ ဧက ကျယ်ဝန်းသည့် ဗုဒ္ဓဥယျာဉ်တော်ကြီးအတွင်း၌ ရေပန်းရင်ပြင်၊ ရတနာပုံခေတ်
သုဓမ္မာဇရပ် ခြောက်ဆောင်၊ မော်ကွန်းပြတိုက်၊ ဂေါပကရုံးအဆောက်အဦ၊ မဟာဗောဓိပင်နှင့် ဂြိုဟ်ပြေနံပြေဘုရားများ၊
မန္တလေးရတနာပုံ နန်းမြို့အဝင် မင်္ဂလာတံတားနှင့် ပုံစံတူတံတား၊ အဝင်မုခ်ဦးနှစ်ဆောင်၊
ဗုဒ္ဓဥယျာဉ်တော်မဟာရံ တံတိုင်း၊ ရုပ်ပွားတော်တက်မင်္ဂလာမုခ်ဦးကြီး လေးစင်း၊ ရွေ့လျား
စက်လှေကား တစ်စင်း၊ ယာဉ်ရပ်နားကွင်း နှင့် ၄၂ မီတာ အမြင့်ရှိသော မိုးကြိုးလွှဲတိုင်နှစ်တိုင်အစရှိသော
သာသနိကအဆောက်အဦမျိုးစုံတို့ကို မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏အခြံအရံ မဟာဒါနပါရမီကုသိုလ်တော်များအဖြစ်
ကမ္ဘာတည်သရွေ့ ဗုဒ္ဓဘာသာသာသနာတော်ကြီးသည်လည်း ထွန်းလင်းတောက်ပ တည်တံ့ခိုင်မြဲစေရန်ရည်သန်၍
မိမိဦးဆောင်သော အများပြည်သူများစုပေါင်းပြီး လှူဒါန်းပူဇော်ကြပါကြောင်း ဝမ်းမြောက်ဖွယ်စကား
လျှောက်ထားအပ်ပါကြောင်း။
ကြွရောက်
ချီးမြှောက်တော်မူကြပါသော ပြည်တွင်း၊ ပြည်ပမှ ဆရာတော်ကြီးများအားလုံး သက်ရှည်ကျန်းမာစွာဖြင့်
ဓုရနှစ်ဖြာသာသနာကို ဆက်လက်ကြိုးပမ်း ဆောင်ရွက်တော်မူနိုင်ကြပါစေ ကြောင်း၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသည်
ဗုဒ္ဓမြတ်စွာ သာသနာတော်မြတ်ကြီးနှင့်အတူ ကမ္ဘာတည်သရွေ့ အဓွန့်ရှည်ကြာစွာတည်တံ့ဝေစည်နိုင်
ပါစေကြောင်း၊ နိုင်ငံသူနိုင်ငံသားများအားလုံး ဗြဟ္မစိုရ်တရားများ လက်ကိုင်ကျင့်သုံး၍
အစဉ် ထာဝရချမ်းမြေ့သာယာ ရှိကြပါစေကြောင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီးသည်လည်း
ဘေးရန်အနှောင့်အယှက်ကင်းရှင်း၍ လျင်မြန်စွာအေးချမ်းသာယာ တိုးတက်အောင်မြင်ပါစေဟု ဆုမွန်ကောင်းတောင်းရင်း
မိမိ၏ လျှောက်ထားလွှာကို နိဂုံးချုပ်အပ်ပါကြောင်း လျှောက်ထားတင်ပြသည်။
ထို့နောက်
ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်
နှင့် ဇနီးတို့က သန်လျင်မင်းကျောင်း ဆရာတော်ကြီး ထံ ဉာဏ်တော် ကိုးလက်မရှိ မာရဝိဇယဗုဒ္ဓရုပ်ပွား
တော်၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်ဆိုင်ရာ သာသနိက အဆောက်အအုံတော်တို့ကို သဗ္ဗညုဘုရားရှင်အား
ရည်မှန်းထား၍ သံဃာတော်များထံ သာဟတ္ထိက ဒါနမြောက်ကိုယ်တိုင်လက်ရောက် ဆက်ကပ် ကြပြီး လှူဖွယ်ဝတ္ထုပစ္စည်းများကို
ဆက်ကပ် လှူဒါန်းသည်။
ယင်းနောက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်ဇနီးတို့က
သီတဂူဆရာတော်ကြီးထံ လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းပြီး တက်ရောက်လာကြသည့် ဘုရားဒါယကာ၊
ဒါယိကာမများက သံဃာတော်အရှင် သူမြတ်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍
ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်ဝန်ကြီးချုပ်က ဗိသုကာအင်ဂျင်နီယာများကို ဂုဏ်ပြုလက်ဆောင်ပစ္စည်းများ
ပေးအပ်ချီးမြှင့်ရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူသည်။
ထို့နောက်
ဗိသုကာအင်ဂျင်နီယာများကိုယ်စား တာဝန်ရှိသူတစ်ဦးက မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးကို
မူလအရင်းဖြစ်သည့် ဘုရားဒါယကာ၊ ဒါယိကာမများထံ ပြန်လည်အပ်နှံသည်။
ယင်းနောက်
ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးနှင့် ဧည့်ပရိသတ်များသည် သီတဂူဆရာတော်ကြီး
ချီးမြှင့်မြွက်ကြားတော်မူသည့် သမ္မောဒနီယ ဩဝါဒကထာကို နာယူကြည်ညိုကြပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့
ဒုတိယဥက္ကဋ္ဌ ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့ သီဟိုဠ် ပရိယတ္တိစာသင်တိုက်
ပဓာနနာယက အဂ္ဂမဟာ ပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တ စန္ဒနသာရထံမှ အနု မောဒနာတရား နာယူကြကာ လှူဒါန်းမှုအစုစုတို့
အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။
ဆက်လက်၍
အခမ်းအနားမှူးက မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်ရာတွင် အမှားအယွင်းနှင့်
မပြည့်စုံခြင်းများရှိပါက ခွင့်လွှတ် တော်မူပါရန် တောင်းပန်လွှာစာတမ်းကို ဘုရားဒါယကာ၊
ဒါယိကာမများကိုယ်စား ဖတ်ကြား တောင်းပန်ပြီး ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ် ရွတ်ဆို
ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်း လိုက်သည်။
ထို့နောက်
ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် မဟာမင်္ဂလာအခမ်း အနားများ
အောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် ရတနာရွှေမိုးငွေမိုးများ ရွာသွန်းဖြိုးကြသည်။
နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း
အခမ်းအနားအပြီးတွင်
ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးနှင့်ဧည့်ပရိသတ်များက ယနေ့အခမ်းအနားများသို့
ကြွရောက်ချီးမြှင့်တော်မူကြသည့် ပြည်တွင်းပြည်ပမှ ဆရာတော်သံဃာတော်အပါး ၉၀၀ အား ဘောဇနသာလာ
အဆောင်တော်ကြီး၌ နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်းနှင့် တက်ရောက်လာကြသည့် အလှူရှင်များ၊
ဧည့်ပရိသတ်များကိုလည်း နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြသည်။
ထို့ပြင်
ညပိုင်းတွင်လည်း မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးအား လျှပ်ပန်းရောင်စုံ မီးပန်းစုံတို့ဖြင့်
မီးရှူးမီးပန်းများ ပစ်ဖောက်၍ ကြည်ညိုသပ္ပာယ်ဖွယ် ပူဇော်ခဲ့ကြောင်းနှင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်
မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ သာသနိက အဆောက်အဦများအား မီးရောင်စုံများဖြင့်
အလင်းပေးပူဇော်ထားရှိသဖြင့် ကြည်ညိုသပ္ပာယ်ဖွယ် ဖူးတွေ့နိုင်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


















No comments:
Post a Comment