Thursday, August 31, 2023

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် သဘာဝရေပြင်အတွင်းသို့ ငါးကောင်ရေ နှစ်သိန်းကျော်အား တက်ရောက်စိုက်ထည့်ပေး

 


ပုသိမ် ဩဂုတ် ၃၁

သဘာဝရေပြင်များအတွင်း ငါးသယံဇာတများ ပေါကြွယ်ဝစေရေး၊ ငါးမျိုးများ မပြုန်းတီး စေရေး၊ ငါးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ ဒေသအတွင်းငါးရိက္ခာဖူလုံစေရေး၊ သဘာဝရေပြင်များတွင် ငါးမျိုးများရေရှည်စဉ်ဆက်မပြတ် တည်တံ့စေရေးရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ကွင်းယားအရှေ့ကျေးရွာ၊ ကွင်းယားအရှေ့ကွင်း သဘာဝရေပြင်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းကပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ စုပေါင်း၍ ငါးမြစ်ချင်း ကောင်ရေငါးသောင်း၊ ငါးခုံးမကြီးကောင်ရေငါးသောင်း၊ ထိုင်းငါးပြေမ ကောင်ရေငါးသောင်းနှင့် ငါးရှဉ့်ကောင်ရေ တစ်သိန်းတို့အား စိုက်ထည့်ပေးခဲ့သည်။

ရှေးဦးစွာ သဘာဝရေပြင်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနား ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ကန်ကြီးထောင့်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှူးက ရှင်းလင်းတင်ပြ ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် အခမ်းအနားသို့ တက်ရောက်လာသည့် ဌာနဆိုင်ရာများက သဘာဝရေပြင်အတွင်းသို့ ငါးမျိုးများစုပေါင်း စိုက်ထည့်ပေးခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြစ်၊ ချောင်း၊ အင်း၊ အိုင်များ၊ သဘာဝရေပြင်များတွင် ငါးသယံဇာတများ ပေါကြွယ်ဝစေရေးအတွက် နှစ်စဉ်ငါးမျိုးများ စိုက်ထည့်ပေးလျက်ရှိပြီး ယခုနှစ်တွင် ငါးကောင်ရေ ကိုးဆယ့်ငါးသိန်းငါးသောင်းကျော် စိုက်ထည့်သွားမည် ဖြစ်ကြောင်းသိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)

No comments:

Post a Comment