နေပြည်တော် ဩဂုတ် ၃၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက်ပိုင်းက ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်အသိပညာပေးဟောပြောပွဲကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်နှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြသည်။
ရှေးဦးစွာ အခမ်းအနားတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ အေရိုးဗစ်အားကစားနှင့် ဂျွမ်းဘားသရုပ်ပြကစားခြင်း၊ ဟာသအနုပညာရှင်များဖြစ်သည့် ဒိန်းဒေါင်၊ စိစိနှင့် ချစ်စုတို့က ပဏာမဖျော်ဖြေတင်ဆက်ကြပြီး အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူကလေးများက ဇာတိမာန်သီချင်းဖြင့် သီဆိုဖွင့်လှစ်ကြသည်။
ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်က အမှာစကားပြောကြားပြီး စာရေးဆရာမ မေကျော့ရှင်းက ဗလငါးတန်ဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောသည်။
ယင်းနောက် ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက စာအုပ်စာစောင်များနှင့် အားကစားပစ္စည်းများကို ထောက်ပံ့ပေးအပ်ရာ ကျောင်းအုပ်ဆရာကြီးမှ လက်ခံရယူသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက ကျောင်းဝင်းအတွင်း အားကစားပြိုင်ပွဲများ၊ ဉာဏ်စမ်းပြိုင်ပွဲများတွင် ကျောင်းသား၊ ကျောင်းသူကလေးများ ပျော်ရွှင်စွာ ပါဝင်ဆော့ကစားနေမှုများကို လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။
ဇော်ဖြိုးအောင်
No comments:
Post a Comment