Tuesday, August 1, 2023

ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့

 



သိဒ္ဓတ္ထမင်းသားသည် ကဆုန်လပြည့်နေ့တွင် ဥရုဝေလတော နေရဉ္ဇရာ မြစ်ကမ်းပါးအနီး ဗောဓိပင်ရင်း၌ သဗ္ဗညုတဘုရားအဖြစ်သို့ ရောက်တော်မူသည်။ နယုန်လတွင် ရောဟိဏီမြစ်ရေကို အဝေမသင့်သဖြင့် နှစ်ပြည်ထောင်သားတို့ အချင်းများပဋိပက္ခဖြစ်ကြရာ မြတ်စွာဘုရားရှင် ကြွရောက်တော်မူလာကာ ရန်ပြေ-မာန်ပြေတရားကိုဟောတော်မူသဖြင့် လက်နက်များစွန့်လွှတ်၍ ငြိမ်းအေး သွားကြလေသည်။

ဝါဆိုလပြည့်နေ့သို့ရောက်သောအခါ ဣသိပတနမိဂဒါဝုန်တော၌ ပဉ္စဝဂ္ဂီငါးဦးတို့အား ဓမ္မစကြာတရားဟောတော်မူသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်အပေါင်း တို့သည် ဝါဆိုလပြည့်နေ့ကို ဓမ္မစကြာအခါတော်နေ့ဟု သတ်မှတ်ကြသည်။ဝါဆိုလ သည် ပဉ္စင်းတော်ခံပွဲတော်နေ့ဖြစ်သည့်အပြင် ဓမ္မစကြာအခါတော်နေ့လည်း ဖြစ်သည်။ ဝါဆိုလပြည့်နေ့သည် အခြားသောလများထက် ဘာသာရေးအရအရေးပါသော ထူးခြားဖြစ်စဉ်များကို နှလုံးသွင်းဆင်ခြင်ကြည်ညိုသူတိုင်း ကုသိုလ်တိုးပွား ကောင်းကျိုးများစေသည့် ထူးမြတ်သည့်နေ့ဖြစ်သည်။

ဝါဆိုလပြည့်နေ့၏ ထူးခြားချက်များမှာ မယ်တော်မာယာ၏ ဝမ်းကြာတိုက်၌ ဘုရားလောင်းသိဒ္ဓတ္ထမင်းသား ပဋိသန္ဓေယူသောနေ့၊ သိဒ္ဓတ္ထမင်းသားတောထွက် တော်မူသောနေ့၊ ဘုရားဖြစ်တော်မူပြီး ဓမ္မစကြာတရားဦး ဟောတော်မူသောနေ့၊ ဘုရားဖြစ်ပြီဟု ရဲဝံ့စွာကြေညာသောနေ့၊ တရားရတနာ စတင်ပေါ်ထွန်းသောနေ့၊ သံဃာရတနာ စတင်ပေါ်ထွန်းသောနေ့၊ ဧဟိဘိက္ခုဟူသော မြတ်ဗုဒ္ဓ၏ ဗျာဒိတ်တော်ရ ရဟန်း စတင်ပေါ်ထွန်းသောနေ့၊ ခုနစ်ဝါမြောက် ဝါဆိုတော်မူရင်း အဘိဓမ္မာ တရားဟောကြားရန်အတွက် တာဝတိံသာနတ်ပြည်သို့ကြွတော်မူစဉ် ရေမီးအစုံဖြင့် တန်ခိုးပြာဋိဟာ ပြတော်မူသောနေ့တို့ဖြစ်၍ ဝါဆိုလပြည့်နေ့တွင် သဒ္ဓါပေါက် ရာ နှလုံးသွင်း၍ မြတ်ဗုဒ္ဓကို အာရုံပြုကြည်ညိုနိုင်ကြပါသည်။

ဝါဆိုလပြည့်နေ့၏ အနှစ်သာရမှာ ဓမ္မစကြာတရားဖြစ်ပါသည်။ ဓမ္မစကြာတရား၏ မြစ်ဖျားခံရာသည် သစ္စာလေးပါးအမြတ်တရားဖြစ်ပါသည်။ သစ္စာလေးပါး အမှန်တရားအချုပ်မှာ () ဒုက္ခသစ္စာ၊ () သမုဒယသစ္စာ၊ () နိရောဓသစ္စာနှင့် () မဂ္ဂသစ္စာတို့ဖြစ်ပါသည်။ ယင်းတို့ကို အရိယသစ္စာဟုလည်း ခေါ်ပါသည်။ သစ္စာလေးပါးနှင့် ပတ်သက်၍ ရှင်းလင်းစွာသိမြင်နိုင်ရန် အနာရောဂါကို စစ်ဆေးသော အင်္ဂါလေးပါးအလိုအရ () အနာရောဂါ၊ () အနာရောဂါဖြစ်ခြင်းအကြောင်း၊ () အနာရောဂါပျောက်ခြင်း၊ () ကုသသောဆေးဝါးတို့ဖြစ်သည်။ ထို့အတူ ဒဿနကျမ်းအလိုအရ () ဒုက္ခ၊ () ဒုက္ခ၏အကြောင်း၊ () ဒုက္ခကင်းခြင်း၊ () ဒုက္ခကင်းရန် နည်းလမ်းတို့ဖြစ်ပါသည်။ နည်းစဉ်တို့ကိုဆင်ခြင်၍ အမှန်တကယ်တွင် သံသရာမှ လွတ်မြောက်ရေးသည် အချုပ်ဖြစ်ပါသည်။

ကုသိုလ်အားဖြင့်အလို့ငှာ ဝါဆိုလပြည့်နေ့တွင် မြတ်စွာဘုရားရှင်၏ ထူးမြတ်သောဖြစ်တော်စဉ်များကို အာရုံပြု၍ သင့်လျော်ရာ၊ စိတ်အားထက်သန်ရာ ကောင်းမှုကုသိုလ်များကို ပွားများအားထုတ်ကြရန် နှိုးဆော်အပ်ပါသည်။ ဒုက္ခခပ်သိမ်းကင်းငြိမ်းရာ သံသရာမှလွတ်မြောက်ရန်အလို့ငှာ မြတ်စွာဘုရားရှင် ဟောကြားတော် မူသည့် သစ္စာလေးပါးအမြတ်တရားကို အလေးအနက်ဆင်ခြင်၍ ဉာဏ်အလင်း ပေါက်အောင် အားထုတ်ကြဖို့လိုပါသည်။ ဒုက္ခ၊ သုခရောပြွမ်းနေသော သံသရာတွင် ဒုက္ခဆင်းရဲအပေါင်းတို့သည် ထူထဲစွာရှိနေသဖြင့် ဒုက္ခမှလွတ်ငြိမ်းအောင် ကြိုးပမ်းအားထုတ်ကြဖို့လိုပါသည်။

ဝါဆိုလပြည့်နေ့သည် မြတ်ဗုဒ္ဓဖြစ်စဉ်နှင့် ထေရဝါဒဗုဒ္ဓသာသနာဝင်သမိုင်းတွင် အထူးခြားဆုံးလဖြစ်ပါသည်။ ဗုဒ္ဓဘာသာဝင်အပေါင်းတို့သည် ဝါဆိုလ၏အစဉ်အလာ ပဉ္စင်းတော်ခံပွဲထက် ဓမ္မစကြာအခါတော်နေ့များက ပိုမိုထင်ရှားအောင်မြင်လာပါ သည်။ အကြောင်းမှာ ဗုဒ္ဓဘာသာဝင် ကျား၊ မ၊ ကြီး၊ ငယ်မရွေးပါဝင်ကြသည့် ဓမ္မစကြာဝတ်အသင်းများ၏ စွမ်းဆောင်မှု သဒ္ဓါတရားထက်သန်မှုကြောင့်ဟု ဆိုချင်ပါသည်။ ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့တွင်သာမက ဝါတွင်းသုံးလ ဥပုသ်နေ့တိုင်း ဘုရား၊ စေတီရင်ပြင်တို့၌ ဓမ္မစကြာတရားတော်ကို ဝတ်အသင်းသူ အသင်းသားတို့ ရွတ်ဖတ်ပူဇော်မှုများ များလာသည်ကို တွေ့ရသည်။ မြန်မာပြည်တစ်ဝန်း၌ ဓမ္မစကြာဝတ်အသင်း၊ ပဋ္ဌာန်းဝတ်အသင်းရှိလာကြသည်မှာ နိုင်ငံအတွက် ကောင်းသောလက္ခဏာများ ဖြစ်ပါသည်။

အချုပ်အားဖြင့်ဆိုလျှင် မြတ်စွာဘုရားရှင်သည် အသက်ကြီးသောဝေရဉ္စာ ပုဏ္ဏားကြီးအားကြက်တင်းတစ်ခု၌ နောက်ဆုံးဥသည့် ဥခွံမှအလျင်ဖောက်ထွက် လာသကဲ့သို့ ငါသည်လည်း အဝိဇ္ဇာဥခွံမှ ရှေးဦးစွာ လွတ်မြောက်၍ အလင်းသို့ ရောက်ခဲ့သည်ဟူ၍ မိန့်ကြားတော်မူခဲ့သည်ကို ဆင်ခြင်ကာ ကျွန်ုပ်တို့သည် ဤဝါဆိုလ၌ ဓမ္မစကြာတရားဒေသနာများကို နာကြားကြပြီး ဉာဏ်အလင်းရောင်ရရန် ကြိုးစားအားထုတ်ကြဖို့ နှိုးဆော်အပ်ပါသည်။  

No comments:

Post a Comment