Tuesday, August 1, 2023

“မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ်(၂၀၂၃)”ကို ဖြန့်ချိရောင်းချလိုက်ပြီ

 



နေပြည်တော် ဇူလိုင် ၃၁

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က မြန်မာနိုင်ငံတွင် ထေရဝါဒ ဗုဒ္ဓသာသနာတော်ကြီးခိုင်မာစွာ ထွန်းလင်းတောက်ပ လျက်ရှိမှုအား ကမ္ဘာကိုပြသရန်၊ မြန်မာနိုင်ငံသည် ထေရဝါဒ ဗုဒ္ဓဘာသာ ကိုးကွယ်မှု၏ ဗဟို ချက်ဖြစ်စေရန်၊ နိုင်ငံတော်ကြီး သာယာဝပြောမှုရှိစေရန်၊ ကမ္ဘာ ကြီး ငြိမ်းချမ်းသာယာမှုဖြစ်စေရန် ရည်ရွယ်ပြီးတည်ထားသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီး တည်ထားကိုးကွယ်ရန် ပြီးစီးခြင်းအထိမ်းအမှတ်အဖြစ် မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ်(၂၀၂၃)” ကို ဖြန့်ချိရောင်းချလိုက်ပြီဖြစ်ပါသည်။

မြန်မာ့စွယ်စုံကျမ်း(၁၅)တွဲ ၏ အဖြည့်ကျမ်းဖြစ်သော မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် (Year Book)များကို ၁၉၇၈ ခုနှစ်ကစတင်၍ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က အထွေထွေဗဟုသုတရှာမှီးသူ များအတွက်သာမက သုတေသီပညာရှင်များအတွက်ပါ ရည်ညွှန်းကျမ်းတစ်စောင်အဖြစ် အားကိုးအားထားပြုနိုင်ရန် ရည်ရွယ်၍ နှစ်စဉ်ပြုစုပုံနှိပ်ထုတ်ဝေခဲ့ရာ ယခုထုတ်ဝေဖြန့်ချိလိုက်သည့် မြန်မာ့ စွယ်စုံကျမ်းနှစ်ချုပ် (၂၀၂၃) အပါ အဝင် ၄၆ အုပ်ရှိပြီ ဖြစ်ပါသည်။

မြန်မာ့ စွယ်စုံကျမ်းနှစ်ချုပ် (၂၀၂၃) သည် ၂၀၂၂ ခုနှစ်အတွင်း ထင်ရှားသည့် အဖြစ်အပျက်အချို့ကို ရေးသားပြုစု ပုံနှိပ် ထုတ်ဝေထားခြင်း ဖြစ်သည်။ ဤကျမ်းကို စာရှုသူများ အလွယ်တကူ ဖတ်ရှုနိုင်စေရန် အပိုင်းကြီး သုံးပိုင်းခွဲ၍ တင်ပြထားပါသည်။ ပထမပိုင်းတွင် ၂၀၂၂ ခုနှစ်အတွင်း ထင်ရှားသည့်ဖြစ်ရပ်များကို နိုင်ငံပိုင်သတင်းစာပါ သတင်းများနှင့်ညှိနှိုင်း၍ ရက်စဉ်မှတ်တမ်းအဖြစ် ရေးသားပြုစု ဖော်ပြထားခြင်းဖြစ်သည်။ ဒုတိယပိုင်းတွင် စာပေပညာရှင်နှင့် သုတေသီတို့က ရေးသားပြုစုထားသည့် ၂၀၂၂ ခုနှစ်အတွင်း ထင်ရှားစွာဖြစ်ပေါ်လာသော အကြောင်းအရာများကို သမိုင်းဆိုင်ရာ အချက်အလက်များနှင့် ညှိနှိုင်းကာ သုတေသနပြုရေးသားထားသော အထူးဆောင်းပါးကြီးများ ဖြစ်သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီး၊ မြန်မာ့ရိုးရာယဉ်ကျေး မှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ၊ ကမ္ဘာနှင့် မြန်မာ့ရာသီဥတု ပြောင်းလဲလာမှု၊ (၇၅) နှစ်ပြည့် စာပေဗိမာန် စိန်ရတုသဘင်၊ စာပေဗိမာန်မှ စာပေနိဗ္ဗာန်သို့၊ တစ်ခေတ်တစ်ခါက မြန်မာ့ရိုးရာ လက်မှုလုပ်ငန်းများ၊ နိုင်ငံတော် ၏ ပုံနှိပ်မီဒီယာခရီး နှစ်ငါးဆယ် ပြည့်ရွှေရတု၊ ကမ်းစပ်နှင့်ရေလှိုင်း၊ ၂၀၂၂ ကမ္ဘာ့စီးပွားရေး လျှပ်တစ်ပြက် အကြည့်အမြင်၊ မျောက်ကျောက်ရောဂါ၊ ရုရှား - ယူကရိန်း စစ်ပွဲစသည်တို့ဖြစ်သည်။တတိယပိုင်းတွင် ၂ဝ၂၂ ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့သော မြန်မာနှင့်နိုင်ငံတကာမှ ထင်ရှားသည့် ဖြစ်ရပ်အချို့နှင့် ကွယ်လွန်ထင်ရှား ပုဂ္ဂိုလ်များ၏ အတ္ထုပ္ပတ္တိများကို ဖော်ပြထားပါသည်။

အဆိုပါ ကျမ်းစာအုပ်ကို ရောင်းဈေးငွေကျပ် ၉၀၀၀ ဖြင့် အမှတ် ၅၂၉-၅၃၁၊ ကုန်သည် လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း-၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁ ၄၄၈)၊ အမှတ်(-၅၅)၊ သပြေ ကုန်းဈေး၊ နေပြည်တော်ရှိ စာပေ ဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆လမ်း၊ ၂၁ လမ်း နှင့် ၂၂ လမ်းကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀ ၁၈၆) တို့၌ ၁--၂၀၂၃ ရက်နေ့တွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀ ၃၁၊ ၀၁-၈၃၈၁၄၄၈)သို့ ဆက်သွယ် မှာယူနိုင်ပါသည်။

သတင်းစဉ်

No comments:

Post a Comment