Wednesday, July 12, 2023

မုန်တိုင်းသင့်ဒေသများ အလေးထားဆောင်ရွက်

 


ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”သည် ၂၀၂၃ ခုနှစ် မေလ ၁၄ ရက်နေ့က ရခိုင်ပြည်နယ် စစ်တွေမြို့ကို ဖြတ်ကျော်တိုက်ခတ်ခဲ့သည်။ မုန်တိုင်းကျရောက်ပြီးနောက်နေ့ မေလ ၁၅ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ သွားရောက်၍ သဘာဝဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများကို ကြည့်ရှုစစ်ဆေးပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မုန်တိုင်းသင့်ဒေသများကို မူလအခြေအနေထက် ပိုမိုကောင်းမွန်လာအောင်ဆောင်ရွက်ပေးရန် လမ်းညွှန်မှာကြားခဲ့သည်။

နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်နှင့်အညီ ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းဒဏ်ခံခဲ့ရသည့်ဒေသများ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည ထူထောင်ရေးလုပ်ငန်းများကို အားလုံးတက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်ခဲ့ကြရာ သဘာဝဘေးကျရောက်ပြီးနောက် နှစ်လတာကာလအတွင်း မုန်တိုင်းသင့်ဒေသများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အတိုင်းအတာတစ်ခုအထိ တိုးတက်ဖြစ်ထွန်းလာအောင် ဆောင်ရွက်နိုင်ခဲ့သည်။ နိုင်ငံတော်အကြီးအကဲသည် ဇူလိုင်လ ၁၀ ရက်နေ့တွင် ရခိုင်ပြည်နယ်သို့ ထပ်မံရောက်ရှိပြီး မုန်တိုင်းကြောင့်ဖြစ်ပေါ်ခဲ့သော အပျက်အစီးများဖယ်ရှားခြင်းအပိုင်းနှင့် အဆောက်အအုံများ ပြင်ဆင်ခြင်းအပိုင်းတို့ကို ထပ်မံလမ်းညွှန်မှာကြားခဲ့သည်။

အပျက်အစီးများ ဖယ်ရှားခြင်းအပိုင်းတွင် အချို့နေရာများ၌ လိုအပ်ချက်များရှိနေသည်ကိုတွေ့ရှိခဲ့ပြီး ဒေသတွင်နေထိုင်သူများအနေဖြင့် မိမိတို့နေထိုင်ရာ အိမ်ခြံဝင်းများအတွင်း အပျက်အစီးများ ဖယ်ရှားရှင်းလင်းရန်အတွက် တိုက်တွန်းပြောကြားစေလိုကြောင်း၊ အဆောက်အအုံများ ပြင်ဆင်ခြင်းနှင့်ပတ်သက်၍ လက်ရှိအဆောက်အအုံများပြင်ဆင်ခြင်းနှင့် နောင်တွင်ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်ကျရောက်ချိန်တွင်ခံနိုင်ရည်ရှိပြီး ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဆောင်ရွက်ရန်လိုကြောင်း ပြောကြားခဲ့သည်။ နိုင်ငံတော်အနေဖြင့် စီမံခန့်ခွဲမှုများအရ၊ ငွေကြေးအရ စားသောက်ကုန်နှင့်အခြားလိုအပ်သည်များကို တတ်စွမ်းသရွေ့ ကူညီဆောင်ရွက်ပေးလျက်ရှိပြီး အစိုးရ၏ ကူညီမှုများသာမက ဒေသတွင်နေထိုင်သူများကလည်း ပါဝင်ဆောင်ရွက်ကြမည်ဆိုပါက မူလအခြေအနေထက် ပိုမိုတိုးတက်ကောင်းမွန်လာမည်ဖြစ်သည်။

အစောပိုင်းက ပြည်နယ်အတွင်း အဆောက်အအုံများဆောက်လုပ်ရာတွင် ရေရှည်ခိုင်ခံ့ရေးထက် အလှအပကို ဦးစားပေးဆောက်လုပ်ခြင်းများကြောင့် အချို့အဆောက်အအုံများ ပျက်စီးမှုများပြားခဲ့ကြောင်းကို နိုင်ငံတော်အကြီးအကဲက အသိပေးထောက်ပြခဲ့သည်။ မုန်တိုင်းသင့်ဒေသများ ပြန်လည်ထူထောင်ရာတွင် ပျက်စီးသွားသော အစိုးရနှင့်ပြည်သူတို့၏အဆောက်အအုံများကို ဦးစားပေး ပြန်လည်ဆောက်လုပ်ကြရသည်။ မုန်တိုင်းသင့်ဒေသများအတွက် ဦးစားပေးလိုအပ်ချက်မှာ အစားအသောက်၊ အသုံးအဆောင်ပစ္စည်းများနှင့် ဆောက်လုပ်ရေးပစ္စည်းများဖြစ်ကြပြီး ၎င်းတို့ကို အလျင်စလို ဝယ်ယူဖြည့်တင်းကြရသည်။

သဘာဝဘေးကျရောက်ပြီးသည့်အခါ အဆိုပါကုန်ပစ္စည်းများ လိုအပ်ချက်မြင့်မားလာမှုနှင့်အတူ ဈေးကွက်တွင် ဈေးနှုန်းများမြင့်မားလာသည်ကို ကြုံတွေ့ရသည်။ ယင်းအခြေအနေနှင့်ပတ်သက်၍ နိုင်ငံတော်အကြီးအကဲက “သဘာဝဘေးအန္တရာယ်ကြုံတွေ့ရသည့်အချိန်၊ အများပြည်သူအခက်အခဲ အကျပ်အတည်းများ ကြုံတွေ့နေရသည့်အချိန်တွင် ကိုယ်ကျိုးစီးပွားအတွက် ပွဲလန့်တုန်းဖျာခင်းသည့်သူ များက ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုသည့် တစ်ကိုယ်ကောင်းဆန်ဆန် စိတ်ဓာတ်ဖြင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ၊ အသုံးအဆောင်ပစ္စည်းများကို သတ်မှတ်ဈေးနှုန်းများထက် မတန်တဆဈေးနှုန်းများဖြင့် မြှင့်တင်ရောင်းချနေမှုများအပေါ်တွင်လည်း တာဝန်ရှိသူများအနေဖြင့် ဈေးနှုန်းမြှင့်တင်ရောင်းချနေသူများကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားရန်လိုကြောင်း” ပြောကြားခဲ့သည်။

တစ်ဦးတစ်ယောက်အကျိုးစီးပွားအတွက် ပြည်သူအချင်းချင်း အမြတ်ထုတ်ဆောင်ရွက်ခြင်းသည် မလုပ်သင့်မလုပ်ထိုက်သောကိစ္စဖြစ်သည်။ အထူးသဖြင့် မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ခံစားနေကြရသော အားနည်းနေသူများအား ကူညီဆောင်ရွက်ပေးရမည့်အစား အခွင့်ကောင်းယူ အကျိုးအမြတ်ရှာဖွေသူများကို ထိရောက်သည့်အရေးယူမှုများ ဆောင်ရွက်ရမည်သာဖြစ်သည်။ အလားတူ သဘာဝဘေးအန္တရာယ်ကြောင့် အခက်အခဲ အကြောင်းအမျိုးမျိုးဖြစ်ပေါ်နေသည့်အချိန်တွင် မုန်တိုင်းကိုအကြောင်းပြု၍ နိုင်ငံအတွင်းရှိ ပြည်သူများ စားဝတ်နေရေးအခက်အခဲများဖြစ်ပေါ်အောင် ဈေးကစားသူများ၊ ဈေးနှုန်းမြှင့်တင်ရောင်းချနေသူများကိုလည်း သက်ဆိုင်ရာက စိစစ်ကြပ်မတ်အရေးယူဆောင်ရွက်ရမည်ဖြစ်သည်။

သို့ဖြစ်ရာ တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်၍ အတူတကွရပ်တည် နေထိုင်နေကြသူများဖြစ်သည့်အလျောက် အကြောင်းအမျိုးမျိုးကြောင့် သဘာဝဘေးအန္တရာယ်ကဲ့သို့ အခက်အခဲများကျရောက်ချိန်တွင် ပြည်သူအချင်းချင်း ကိုယ်ချင်းစာသောအားဖြင့်၊ စာနာထောက်ထားသောအားဖြင့် ဝိုင်းဝန်းလက်တွဲ ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်သည်။ ပုံမှန်အခြေအနေများထက် ပိုမိုစေတနာထားကာ ဦးစားပေးဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။

ကြေးမုံ,အယ်ဒီတာ့အာဘော်

No comments:

Post a Comment