Wednesday, July 12, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တွေမြို့အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေသူများနှင့် သဘာဝဘေးဒဏ်သင့်ပြည်သူများအတွက် စတုဒိသာများ ချက်ပြုတ်နေမှုကို သွားရောက်ကြည့်ရှုအားပေး

 




နေပြည်တော် ဇူလိုင် ၁၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ နံနက်ပိုင်းတွင် ဇနီးဒေါ်ကြူကြူလှ၊ ခရီးစဉ်တွင် လိုက်ပါလာသည့်အဖွဲ့ဝင်များ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ရခိုင်ပြည်နယ် စစ်တွေမြို့အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းဆောင်ရွက်နေသူများနှင့် သဘာဝဘေးဒဏ်သင့်ပြည်သူများ စားရေး အဆင်ပြေစေရေးအတွက် SKY NET မိသားစု၊ မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများအသင်းချုပ် MLCA၊ MLCP အများပိုင်ကုမ္ပဏီလီမိတက်၊ မြန်မာ-အိန္ဒိယ-တရုတ် ချစ်ကြည်ရေးနှင့် စီးပွားဖွံ့ဖြိုးတိုးတက်ရေးအသင်း(MICA) နှင့် ဘာသာစုံမိတ်ဆွေများမှ ရက် ၅၀ စတုဒိသာအလှူတော်အစီအစဉ်ဖြင့် ချက်ပြုတ်လှူဒါန်းသည့် သီးစုံဒံပေါက်ချက်ပြုတ်နေမှုများကို သွားရောက်ကြည့်ရှုအားပေးသည်။

 

 

 

 

 

 

 

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား စတုဒိသာအလှူတော်မှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် ထူထောင်ရေးလုပ်ငန်းဆောင်ရွက်နေသူများနှင့် သဘာဝဘေးဒဏ်သင့် ပြည်သူများထံသို့ပေးပို့ရန် သီးစုံဒံပေါက်များ ထုပ်ပိုးနေမှုများကို လိုက်လံကြည့်ရှုကြပြီး ရင်းရင်းနှီးနှီး အားပေးစကားပြောကြားကာ လုပ်ငန်း ဆောင်ရွက်နေသူများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။

ဆုတောင်းမေတ္တာပို့သ

ယင်းနောက် စတုဒိသာအလှူတော် အစီအစဉ်တွင်ပါဝင်သည့် ရခိုင်ဗုဒ္ဓဘာသာအဖွဲ့၊ ခရစ်ယာန်ဘာသာရေးအဖွဲ့၊ အစ္စလာမ်ဘာသာရေးအဖွဲ့နှင့် ဟိန္ဒူဘာသာရေးအဖွဲ့တို့မှ တာဝန်ရှိသူများ က သဘာဝဘေးဒဏ်သင့်ခဲ့ပြီး ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်လျက်ရှိသည့် ရခိုင်ပြည်နယ်သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် ယခုကဲ့သို့ကိုယ်တိုင် ကိုယ်ကျ လာရောက်ကြည့်ရှုပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည့်အတွက် ရခိုင်ပြည်သူများကိုယ်စား မိမိတို့ဘာသာရေး အသင်းအဖွဲ့များက အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့၏ စတုဒိသာအလှူတော်အစီအစဉ်ကို လာရောက်အားပေးသည့်အတွက်လည်း အားတက်ရပါကြောင်းနှင့် နေ့စဉ် မပျက်မကွက် ဆောင်ရွက်ခဲ့ရသည့် ပင်ပန်းမှုများ လျော့ကျသွားသည်ဟု ခံစားရပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အစိုးရအဖွဲ့မှ တာဝန်ရှိသူများအားလုံး ကျန်းမာ၊ ချမ်းသာပါစေကြောင်း၊ ပြည်သူလူထု၏ အကျိုး၊ နိုင်ငံတော်၏ အကျိုးကို ယခု ထက်ပို၍ ထမ်းဆောင်နိုင်ပါစေကြောင်း၊ လုပ်ငန်းဆောင်ရွက်မှုများအားလုံး အောင်မြင်ပါစေ ကြောင်းကို မိမိတို့ ဘာသာရေး အသင်းအဖွဲ့များက ဆုတောင်း မေတ္တာပို့သပါကြောင်း အသီးသီး ဆုတောင်းပေးကြသည်။

သီးစုံဒံပေါက်ဘူးပေးအပ်

ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စစ်တွေမြို့ တပ်ဦး ဆုတောင်းပြည့် ပရိယတ္တိစာသင်တိုက်သို့ ရောက်ရှိကြပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များအား SKY NET မိသားစု၊ မြန်မာ နိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများအသင်းချုပ် MLCA၊ MLCP အများ ပိုင် ကုမ္ပဏီလီမိတက်၊ မြန်မာ-အိန္ဒိယ-တရုတ် ချစ်ကြည်ရေးနှင့်် စီးပွားဖွံ့ဖြိုးတိုးတက်ရေးအသင်း (MICA)နှင့် ဘာသာစုံ မိတ်ဆွေ များမှ ရက် ၅၀ စတုဒိသာ အလှူတော်အစီအစဉ်ဖြင့် ချက်ပြုတ်လှူဒါန်းသည့် သီးစုံဒံပေါက်ဘူးများကို ထောက်ပံ့ပေးအပ်သည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မီးသတ်တပ်ဖွဲ့ဝင်များ၏ ကူညီဆောင်ရွက် ပေးမှုများသည် များစွာအထောက်အကူပြုပါကြောင်း၊ မီးသတ်တပ်ဖွဲ့ဝင်များ၏ လုပ်ငန်းကျွမ်းကျင်မှုများကြောင့် ယခုကဲ့သို့ မြန်မြန်ဆန်ဆန်ဖြင့်လုပ်ငန်းများ အတိုင်းအတာတစ်ခုအထိ ပြီးစီးခဲ့ခြင်းဖြစ်ကြောင်း အားပေးစကားပြောကြားပြီး ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။

လေ့လာကြည့်ရှု

မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် စစ်တွေမြို့ ရခိုင်ပြည်နယ်ယဉ်ကျေးမှုပြတိုက်သို့ သွားရောက်လေ့လာကြည့်ရှုရာ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (စစ်တွေဌာနခွဲ) ညွှန်ကြားရေးမှူး ဒေါ်အေးနီလာနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပြတိုက်အတွင်း ခင်းကျင်း ပြသထားသည့် ရခိုင်ရှေးဟောင်း မြို့တော်များပြခန်း၊ ရခိုင်စာပေကဏ္ဍပြခန်း၊ ရခိုင်ရှေးဟောင်း ဒင်္ဂါးများပြခန်း၊ ရခိုင်တိုင်းရင်းသား မျိုးနွယ်စုများပြခန်း၊ ရခိုင်ဓလေ့ထုံးစံများပြခန်း၊ ရခိုင်ပြည်နယ်နှင့် ဗုဒ္ဓယဉ်ကျေးမှုပြခန်း၊ ရိုးရာကျင်အားကစားပြခန်းတို့အတွင်း စိတ်ဝင်တစားဖြင့် လေ့လာကြည့်ရှုကြရာ တာဝန်ရှိသူများက ပြခန်းတစ်ခုချင်းစီအလိုက် ရှင်းလင်းတင်ပြကြသည်။ ရှင်းလင်း တင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြား ဖြည့်ဆည်းပေးသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ပြတိုက်ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးသည်။

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဓညဝတီအားကစားကွင်းသို့ ရောက်ရှိစစ်ဆေးရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ စိုးဝင်းက ရှင်းလင်းတင်ပြသည်။ ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြည်နယ်အဆင့် အားကစားပွဲများကို ကျင်းပနိုင်သည့် မိုးလုံလေလုံအားကစားရုံ၊ ခေတ်မီပြေးလမ်းနှင့် ပွဲကြည့်စင်ပါ အားကစားကွင်းနှင့် အဆင့်မီ ရေကူးကန်တို့ တည်ဆောက်နိုင်ရေး တာဝန်ရှိသူများအနေဖြင့် စီမံဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment