Wednesday, July 12, 2023

လူဦးရေနှင့် နိုင်ငံ့အင်အား

 


ကမ္ဘာ့လူဦးရေသန်းပေါင်း ၈၀၀၀ ကျော်သွားပြီဖြစ်ကြောင်းနှင့် အိန္ဒိယနိုင်ငံသည် တရုတ်နိုင်ငံကို ကျော်လွန်၍ ကမ္ဘာ့လူဦးရေ အများဆုံးနိုင်ငံအဖြစ်သို့ ရောက်ရှိသွားကြောင်း သတင်းတို့မှာ ၂၀၂၃ ခုနှစ် ကမ္ဘာ့လူဦးရေနေ့တွင် အထူးခြားဆုံးသတင်းများဖြစ်ကြသည်။ ပြီးခဲ့သည့် ဧပြီလ ၂၄ ရက်နေ့တွင် အိန္ဒိယနိုင်ငံ၏ လူဦးရေသည် ၁ ဒသမ ၄၂၈၆ ဘီလီယံသို့ ‌ရောက်ရှိလာပြီး တရုတ် နိုင်ငံ၏လူဦး‌ရေ ၁ ဒသမ ၄၂၅၇ ဘီလီယံကို ဖြတ်ကျော်သွားခဲ့ခြင်းဖြစ်ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ခဲ့ခြင်းဖြစ်ရာ ကမ္ဘာပေါ်၌ လူခြောက်ဦးလျှင် တစ်ဦးကျော်သည် အိန္ဒိယသားဟု ဆိုရမည့် အနေအထားသို့ ‌ ရောက်ရှိလာခြင်းဖြစ်သည်။

ကမ္ဘာ့လူဦး‌ရေတိုးပွားလာခြင်းနှင့်စပ်လျဉ်း၍ ကုလသမဂ္ဂရှုထောင့်မှကြည့်လျှင်လူဦး‌ရေဆိုင်ရာ ပြဿနာများဖြေရှင်း‌ရေး၊ လူသားအားလုံး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် စိန်ခေါ်မှုများကို တွေ့မြင်ရမည်ဖြစ်သော်လည်း နိုင်ငံတစ်နိုင်ငံချင်းအနေဖြင့်မူ မိမိနိုင်ငံ၏ လူဦး‌ရေသည် မိမိတို့၏ လူသားအရင်းအမြစ် များပင်ဖြစ်သည်။ တိုးပွားလာသည့် လူဦး‌ရေအတွက် စားရေရိက္ခာဖူလုံရေး၊ အမိုးအကာလုံခြုံစွာနေထိုင်နိုင်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုများ ပြည့်စုံရေး၊ ကျောင်းနေအရွယ်အားလုံး ပညာသင်ကြားနိုင်ရေးစသည်တို့ ဖန်တီးဖော်ဆောင်ပေးရန် လိုအပ်သလို မိမိတို့၏လူသားအရင်းအမြစ်ကို တန်ဖိုးမြင့်မားလာအောင် ပြုစုပျိုးထောင်ရေးနှင့် ၎င်းတို့၏ကာယဉာဏစွမ်းအားတို့ကို နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရာတွင် ထိထိရောက်ရောက် အသုံးပြုသွားနိုင်ရန်လည်း လိုအပ်သည်။

မိမိတို့နိုင်ငံ၏ လူဦးရေသည် နောက်ဆုံးခန့်မှန်းတွက်ချက်မှုအရ ၅၆ ဒသမ ၂ သန်းသို့ရောက်ရှိလာပြီဟုဆိုသည်။ သတိပြုရမည့်အချက်မှာ ကမ္ဘာ့လူဦးရေအများဆုံးဟူသော နိုင်ငံကြီးနှစ်နိုင်ငံသည် မိမိတို့နိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေခြင်း၊ လူဦးရေ ၁၆၄ သန်းကျော်ရှိနေပြီး တစ်စတုရန်းကီလိုမီတာလျှင် လူ ၁၂၆၅ ဦးနှုန်းဖြင့် ကမ္ဘာပေါ်တွင် လူနေအသိပ်သည်းဆုံးဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်လည်း နယ်နိမိတ်ထိစပ်နေခြင်းတို့ပင် ဖြစ်သည်။ ပထဝီနိုင်ငံရေးတွင် လူဦးရေသည် ပထမအချက်ကြီး တစ်ရပ်ပင်ဖြစ်ပြီး နိုင်ငံရေးကို အကြီးအကျယ်လွှမ်းမိုးသည်။ လူဦးရေအရွယ်အစားနှင့် သိပ်သည်းမှု (Size and density) တို့သည် နိုင်ငံတစ်ခု၏ အင်အားကိုတွက်ချက်ရာတွင် အခြေခံကျသော အချက်ဖြစ်သည့်အပြင် လူဦးရေအင်အားသည် နိုင်ငံတစ်ခု၏ နိုင်ငံရေး၊ စီးပွား‌ရေးအင်အားတို့၏ အခြေခံလည်းဖြစ်သည်။ ထို့အပြင် နိုင်ငံတစ်နိုင်ငံ၏ လူဦး‌ရေသည် ထိုနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒ ( Foreign Policy) နှင့် ထိုနိုင်ငံ၏ သြဇာအာဏာ(State Power)တို့ကို ပုံဖော်ရာတွင် အခြေခံသည့်အချက် တစ်ချက်လည်းဖြစ်သည်။

မျက်မှောက်ကာလ ကမ္ဘာ့အလယ်တွင် နိုင်ငံနှင့်လူမျိုးဝင့်ထည်နိုင်ရေးအတွက် လူဦး‌ရေသည်လည်းကောင်း၊ လူဦးရေကို ပြုစုပျိုးထောင်ရာမှရရှိလာသည့် လူ့စွမ်းအားအရင်းအမြစ်သည်လည်းကောင်း၊ နိုင်ငံတွင်နေထိုင်သူတို့၏ အမျိုးသားစရိုက် လက္ခဏာနှင့် အမျိုးသား‌ရေးစိတ်ဓာတ်တို့သည်လည်းကောင်း၊ စီးပွားရေးခိုင်မာတောင့်တင်းမှု၊ ကာကွယ်ရေးအသင့်ရှိမှု၊ နည်းပညာဖွံ့ဖြိုးမှုတို့သည်လည်း‌ကောင်း လွန်စွာအရေးပါပြီး နိုင်ငံ၏ ပထဝီ ဆိုင်ရာ အချက်အလက်များနှင့်ပေါင်းစပ်၍ နိုင်ငံ့အင်အားနှင့် သြဇာအာဏာတို့ ဖြစ်လာရခြင်းပင်ဖြစ်ရာ နိုင်ငံအတွင်း စည်းလုံးညီညွတ်မှုကို တည်ဆောက်၍ ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ကာအင်အားတောင့်တင်းသော နိုင်ငံတစ်နိုင်ငံအဖြစ် ထာဝရရပ်တည်သွားရန် အားထုတ်ကြိုးပမ်းကြရမည်ဖြစ်ပါကြောင်း။ ။

မြန်မာ့အလင်း,အယ်ဒီတာ့အာဘော်

No comments:

Post a Comment