Wednesday, July 12, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ စစ်တွေမြို့ကျက်သရေဆောင် လောကာနန္ဒာစေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညို သံဃာတော်အရှင်သူမြတ်တို့အား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း

 


နေပြည်တော် ဇူလိုင် ၁၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ဇနီး ဒေါ်ကြူကြူလှ၊ ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ရခိုင်ပြည်နယ် စစ်တွေမြို့ ကျက်သရေဆောင် လောကာနန္ဒာဘုရားကြီးသို့ သွားရောက်ဖူးမြော်ကြည်ညိုသည်။

 






ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညို

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များအား ဂေါပကအဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက်ကြသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် စေတီတော်မြတ်ကြီးအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညိုကာ ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်သည်။

ထို့နောက် စစ်တွေမြို့ပေါ်ရှိ ဆရာတော်ကြီးများအား ဝါဆိုသင်္ကန်း၊ ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားကို ဆက်လက်ပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် ပြည်နယ်ဩဝါဒါစရိယ၊ စစ်တွေမြို့ နန္ဒာရာမပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတဘဒ္ဒန္တနန္ဒသီရိ အမှူးပြုသည့် သံဃာတော်အရှင်သူမြတ်များထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။

ဆက်လက်၍ သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားချီးမြှင့်တော်မူကြသည့် မေတ္တသုတ်ပရိတ် တရားတော်များကို နာယူကြည်ညိုကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က နန္ဒာရာမ ပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော်ထံသို့ ဝါဆိုသင်္ကန်း၊ ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။ ဆက်လက်ပြီး ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒေါက်တာ အောင်ကျော်မင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ပြည်ထောင်စုဝန်ကြီးများ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများက သံဃာတော်များထံ လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များ သည် မြို့နယ်ဩဝါဒါစရိယ၊ စစ်တွေမြို့ တပ်ဦး ဆုတောင်းပြည့်ပရိယတ္တိစာသင်တိုက် ပဓာန နာယက အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဉာဏဝံသထံမှ အနုမောဒနာတရားနာယူကြည်ညိုကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။

ယင်းနောက် အခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် စစ်တွေမြို့ရှိ ရှေးဟောင်းသမိုင်းဝင် ဦးရဲကျော်သူကျောင်းတိုက်သို့ သွားရောက်၍ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဇောတိပါလအား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများကို ဆက်ကပ်လှူဒါန်းသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မုန်တိုင်းဒဏ်ကြောင့် ကျောင်းတိုက်အတွင်း ထိခိုက်ပျက်စီးခဲ့မှုအခြေအနေများကို မေးမြန်းလျှောက်ထားပြီး လိုအပ်သည်များကို ပြန်လည်ပြုပြင်ဆောင်ရွက်ပေးမည့် အခြေအနေများကို လျှောက်ထားတင်ပြသည်။

လှည့်လည်ကြည့်ရှု

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ကျောင်းတိုက်အတွင်း ထိခိုက်ပျက်စီးခဲ့မှုအခြေအနေများနှင့် ကျောင်းဝင်းအတွင်းရှိ သကျမုနိဘုရားကြီး သိမ်တော်ထိခိုက်ပျက်စီးခဲ့မှုအခြေအနေများကို လှည့်လည်ကြည့်ရှု၍ ယခုကျောင်းတိုက်ကြီးသည် သမိုင်းဝင်ကျောင်းတိုက်ကြီးဖြစ်သဖြင့် ပြန်လည်ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မူလလက်ရာများအတိုင်း ပြန်လည်ပြင်ဆင်ဆောင်ရွက်ပေးရန်လိုကြောင်း၊ အလားတူ သကျမုနိဘုရားကြီးသိမ်တော်ကြီးကိုလည်း လတ်တလော ဦးစားပေးပြုပြင်ရမည့် အမိုးများကို အမြန်ဆုံးပြုပြင်နိုင်ရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ အကာများပြုပြင်ရာ တွင်လည်း မူလလက်ရာအတိုင်း ပြန်လည်ပြင်ဆင်ဆောင်ရွက်ပေးရန်လိုကြောင်း၊ ဘုရားဝင်းအတွင်း သန့်ရှင်းသပ်ရပ်ရေးကိုလည်း ဆောင်ရွက်ပေးရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များအား တာဝန်ရှိ သူများကို မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment