Tuesday, July 11, 2023

ပြန်ကြားရေးဝန်ကြီးဌာန အရာထမ်း၊ အမှုထမ်းများ၏ ပြည်ပခရီးစဉ် အတွေ့အကြုံရှင်းလင်းတင်ပြခြင်း ဒုတိယအကြိမ် အခမ်းအနားကျင်းပ

နေပြည်တော် ဇူလိုင် ၁၀

ပြည်ပနိုင်ငံများ၌ လေ့လာရေးခရီးစဉ်၊ လူငယ်ထိပ်သီးတွေ့ဆုံပွဲ၊ အစည်းအဝေးများ တက်ရောက်ပြီး ပြန်လည်ရောက်ရှိလာသည့် ပြန်ကြားရေးဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၏ ပြည်ပခရီးစဉ် အတွေ့အကြုံ ရှင်းလင်းတင်ပြခြင်း ဒုတိယအကြိမ် အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒုတိယဝန်ကြီး ဦးရဲတင့်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ တက်ရောက်ကြသည်။

အခမ်းအနားတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဦးစီးအရာရှိ ဦးအာကာတိုက်အောင်က အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်မှ ၂၀ ရက်အထိ ကျင်းပသည့် အာဆီယံ-အိန္ဒိယ ဂီတပွဲတော်သို့ ပါဝင်တက်ရောက်ခဲ့သည့် အတွေ့အကြုံကို လည်းကောင်း၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဦးစီးအရာရှိ ဒေါ်ခိုင်သဉ္ဇာ က ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်မှ ၂၆ ရက်အထိ ကျင်းပသည့် (၅၇) ကြိမ်မြောက် အာဆီယံယဉ်ကျေးမှုနှင့် ပြန်ကြားရေးအစည်းအဝေးသို့ တက်ရောက်ခဲ့သည့် အတွေ့အကြုံကို လည်းကောင်း၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဦးစီးအရာရှိ ဒေါ်စုသက်မှူးက တရုတ်ပြည်သူ့ သမ္မတနိုင်ငံ တရုတ်နိုင်ငံတကာ ရေဒီယိုအသံလွှင့်ဌာန (China Radio International –CRI) တွင် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်မှ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်အထိ ကျင်းပသည့် မြန်မာဘာသာ အသံလွှင့်သူ ရာထူးနေရာတွင် ပြင်ပဝန်ထမ်း စည်းကမ်းချက်ဖြင့် တာဝန်ထမ်းဆောင်ခဲ့သည့် အတွေ့အကြုံကိုလည်းကောင်း၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ အနုပညာရှင် (၁) ဦးကြည်စိုးညွန့် က အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ၂၀၂၂ ခုနှစ် ဇွန်လ ၁၄ ရက်မှ ၂၀ ရက်အထိ ကျင်းပသည့် အာဆီယံ-အိန္ဒိယသတင်းသမားများ အပြန်အလှန် လေ့လာရေး ခရီးစဉ်သို့ တက်ရောက်ခဲ့သည့် အတွေ့အကြုံကို လည်းကောင်း။

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုင်းထွန်းနေလှိုင်က အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်မှ ၁၁ ရက်အထိ ကျင်းပသည့် အာဆီယံ - အိန္ဒိယ သတင်းသမားများ အပြန်အလှန်လေ့လာရေး ခရီးစဉ်သို့ ပါဝင်တက်ရောက်ခဲ့ သည့် အတွေ့အကြုံကိုလည်းကောင်း၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနမှ စာတည်း ဒေါ်အိအိငယ်က အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒစ်ပြည်နယ် ဗီဆာခါပတ်နမ်မြို့တွင် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်မှ ဇွန်လ ၁၆ ရက်အထိ ကျင်းပသည့် (၄) ကြိမ်မြောက် အာဆီယံ - အိန္ဒိယ လူငယ်ထိပ်သီးတွေ့ဆုံပွဲသို့ ပါဝင်တက်ရောက်ခဲ့သည့် အတွေ့အကြုံကိုလည်းကောင်း ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ဝန်ထမ်းများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြသည်။

သတင်းစဉ်

No comments:

Post a Comment