Tuesday, July 11, 2023

၂၀၂၂-၂၀၂၃ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် မြန်မာတစ်နိုင်ငံလုံး၌ သိပ္ပံဘာသာတွဲ အမှတ် အများဆုံးပထမဖြင့် အောင်မြင်ခဲ့သူအပါအဝင် သုံးဘာသာနှင့်အထက် ဂုဏ်ထူးရကျောင်းသား ကျောင်းသူ ၈၀ နှင့် ထူးချွန်ဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်

နေပြည်တော် ဇူလိုင် ၁၀

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၂၀၂၂-၂၀၂၃ ခုနှစ် ပညာရည်ချွန်ဆုနှင့် ဝန်ထမ်းထူးချွန်ဆု ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါ ဝန်ကြီးဌာန စုဝေးဆောင်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က အနာဂတ်နိုင်ငံတော်၏ တာဝန်များကို ပခုံးပြောင်းတာဝန်ယူသွားကြမည့် လူငယ်များအနေဖြင့် ယခုကဲ့သို့ ထူးချွန်အောင်မြင်မှုများကို ဆက်လက်ထိန်းသိမ်းပြီး ဆက်လက်တက်ရောက်မည့် တက္ကသိုလ်များ၊ ဆည်းပူးမည့် ဘာသာရပ်များ ရွေးချယ်ရာတွင်လည်း မိမိတို့အမှန်တကယ် စိတ်ဝင်စားပြီး ထူးချွန် အောင်မြင်နိုင်သည်ဟု ယုံကြည်ချက်ရှိသော တက္ကသိုလ်နှင့် ဘာသာရပ်ကို မိဘနှင့် သား သမီးများ တိုင်ပင်ရွေးချယ်ကြရန် အကြံပြုတိုက်တွန်းပါကြောင်း၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့က ဖွင့်လှစ်သည့် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် သင်တန်းများတွင် ထူးချွန်ဆုရရှိအောင် ဝါယမစိုက်ထုတ် ကြိုးစားခဲ့ကြသည့် ထူးချွန်ဝန်ထမ်းများအတွက်လည်း ဝမ်းမြောက်ဂုဏ်ယူပါကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးက ၂၀၂၂-၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် မြန်မာတစ်နိုင်ငံလုံး၌ သိပ္ပံဘာသာတွဲ အမှတ်အများဆုံး (ပထမ) ရရှိသူ မောင်ဟိန်းဝေယံထွန်း၊ မြန်မာတစ်နိုင်ငံလုံး၌ သိပ္ပံဘာသာတွဲ အမှတ်အများဆုံး (တတိယ) ရရှိသူ မဇွဲယုနန္ဒာထွန်းနှင့် မသန့်ဆုရတီတို့ကိုလည်းကောင်း ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်ပေးအပ်သည်။

 ဆက်လက်၍ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ပါမောက္ခချုပ်များက ဘာသာစုံဂုဏ်ထူးရရှိသူ ၁၃ ဦး၊ ငါးဘာသာဂုဏ်ထူးရရှိသူ ၁၇ ဦး၊ လေးဘာသာ ဂုဏ်ထူးရရှိသူ ၂၁ ဦး၊ သုံးဘာသာ ဂုဏ်ထူး ရရှိသူ ၂၁ ဦးတို့ကို ဂုဏ်ပြုဆုငွေ နှင့် ဂုဏ်ပြု မှတ်တမ်းလွှာများ ချီးမြှင့်ပေးအပ်ကြသည်။

ဆက်လက်၍ အမြဲတမ်းအတွင်းဝန်က နိုင်ငံ့ဝန်ထမ်း တက္ကသိုလ် သင်တန်းများတွင် ထူးချွန်ဆုရ အရာထမ်း အမှုထမ်းငါးဦးကို ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်ပေးအပ်သည်။

ယင်းနောက် ဒုတိယဝန်ကြီးက ထူးချွန်ဆုများပေးအပ်နိုင်ရန် အလှူငွေများထည့်ဝင် လှူဒါန်းခဲ့ ကြသည့် မြန်မာနိုင်ငံလယ်ယာသုံး စက်ကိရိယာ လုပ်ငန်းရှင်များအသင်းနှင့် အလှူရှင်များကို ဂုဏ်ပြုလွှာများ ပေးအပ်သည်။

ယခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ထမ်းမိသားစုများမှ ဝင်ရောက်ဖြေဆိုသူ ၉၀၀ ကျော်ရှိရာ ၆၇ ရာခိုင်နှုန်းကျော် အောင်မြင် ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment