Tuesday, July 11, 2023

ရေကြောင်းဘက်ဆိုင်ရာ ကျွမ်းကျင်သူများမွေးဖွားရာ မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်


ဒေါက်တာသန့်စင် (ရူပဗေဒ)

ကမ္ဘာ့နိုင်ငံအသီးသီးတွင် ၎င်းတို့၏ သွင်းကုန်ထုတ်ကုန်ပစ္စည်းများကို နိုင်ငံအသီးသီးသို့ တင်ပို့ရာတွင် ကုန်းလမ်း၊ ရေလမ်း၊ လေကြောင်းလိုင်းတို့ဖြင့် တင်ပို့ကြပါသည်။ ထိုသို့တင်ပို့ရာတွင် ပင်လယ်ရေကြောင်းမှတင်ပို့ခြင်းသည် စရိတ်အသက်သာဆုံးနှင့် တစ်ကြိမ်တင်ပို့လျှင် ကုန်ပမာဏအများဆုံးတင်ပို့နိုင်ခြင်းကြောင့် ကုန်သွယ်ရေကြောင်းတင်ပို့မှုကို နိုင်ငံတိုင်းအလေးထားဆောင်ရွက်နေကြပါသည်။ လက်ရှိ ကမ္ဘာ့ကုန်သွယ်မှုပမာဏ၏ ၈၀ ရာခိုင်နှုန်းခန့်ကို ပင်လယ်ရေကြောင်းမှ တင်ပို့နေကြပါသည်။ နောင်တွင် ထိုပမာဏထက် တိုးတက်များပြားလာမည်ဖြစ်ပါသည်။

 

မြန်မာနိုင်ငံတွင် ချင်းတွင်းမြစ်၊ ဧရာဝတီမြစ်၊ သံလွင်မြစ်၊ စစ်တောင်းမြစ် စသည့်မြစ်ကြီးများအပြင် အခြားမြစ်လက်တက်များကို အသုံးပြု၍ မြန်မာ နိုင်ငံထွက်ကုန်များကို သင်္ဘောများ၊ ကုန်တင်လှေကြီးများ၊ လှေငယ်များ စသည်တို့ကို အသုံးပြု၍ ကုန်သွယ်ရေကြောင်းဖြင့် တင်ပို့သွားလာမှုသည် အခြားကုန်းလမ်း၊ လေကြောင်းလမ်းတို့ထက် တွင်ကျယ်စွာ အသုံးပြုနေကြပါသည်။ ထို့ကြောင့် ရေကြောင်းကုန်သွယ်မှုကို နိုင်ငံ၏ စီးပွားရေး၊ လူမှုရေးတို့အတွက် များစွာအလေးထား ဆောင်ရွက်နေကြပါသည်။

နိုင်ငံတကာရေကြာင်းလိုင်းများတွင် အရာရှိကြီးများ၊ အရာရှိငယ်များအဖြစ် တာဝန်ထမ်းဆောင်

ထိုသို့ ရေကြောင်းကုန်သွယ်ရေးကို ဆောင်ရွက်ရာတွင် ရေကြောင်းဘက်ဆိုင်ရာ ကျွမ်းကျင်သူများကို နိုင်ငံတော်မှမွေးထုတ်ပေးရန် လိုအပ်ပါသည်။ ယခုအခါ မြန်မာနိုင်ငံတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်နှင့် မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်းကောလိပ်တို့သည် ရေကြောင်းဆိုင်ရာ ကျွမ်းကျင်သူများကို နှစ်စဉ်မွေးထုတ်လေ့ကျင့်ပေးကာ ထိုတက္ကသိုလ်၊ ကောလိပ်များမှ ထွက်ပေါ်လာသော ကျောင်းဆင်းများသည် နိုင်ငံတကာရေကြာင်းလိုင်းများတွင် အရာရှိကြီးများ၊ အရာရှိငယ်များအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိကြပါသည်။

မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်းကောလိပ်ကို ၁၉၆၃ ခုနှစ်ကပင် စတင်သန္ဓေတည်ကာ ရေကြောင်း ဘက်ဆိုင်ရာအတတ်ပညာများကို သင်ကြားပေးခဲ့သည်မှာ ယခုအခါ နှစ်ပေါင်း (၆၀) ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါသည်။ ယခုအခါ မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်း ကောလိပ်တွင် သင်တန်းကာလ (၂) နှစ် တက်ရောက်ပြီး ရေကြောင်းအရာရှိလောင်း၊ ရေကြောင်း အင်ဂျင်နီယာအရာရှိလောင်း၊ ရေကြောင်း လျှပ်စစ်နည်းပညာ အရာရှိလောင်းတို့ကို ရေကြောင်း ပညာဆိုင်ရာ ဒီပလိုမာဘွဲ့ အပ်နှင်းပေးနေပါသည်။ ၂၀၂၃ ခုနှစ် ဧပြီလ ၅ ရက်နေ့က ကျင်းပသော ကုန်သွယ်ရေကြောင်းအရာရှိလောင်း ဒီပလိုမာ သင်တန်းအမှတ်စဉ်(၁၄) ကျောင်းဆင်းပွဲတွင် ရေကြောင်းအရာရှိလောင်း ၂၇ ဦး၊ ရေကြောင်းအင်ဂျင်နီယာ အရာရှိလောင်း ၅၀၊ ရေကြောင်းလျှပ်စစ်နည်းပညာအရာရှိလောင်း ခြောက်ဦး စုစုပေါင်း ၈၃ ဦးကို ဒီပလိုမာဘွဲ့ ပေးအပ်ခဲ့ပြီး ဖြစ်ပါသည်။

မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်းကောလိပ်၏ အဓိကမျှော်မှန်းချက်သည် ပြည်ထောင်စုမြန်မာနိုင်ငံ၏ ကုန်သွယ်ရေကြောင်းအခန်းကဏ္ဍ မြှင့်တင်နိုင်ရန်အတွက် နိုင်ငံတကာအဆင့်မီ ရေယာဉ်ဝန်ထမ်းကောင်းများ လေ့ကျင့်သင်ကြားပေးရန်နှင့် ကမ္ဘာ့အဆင့်ရှိ ရေကြောင်းပညာလေ့ကျင့်ရေးအဖွဲ့ ဖြစ်စေရန် ဖြစ်ပါသည်။ ထို့အပြင် ပင်လယ်ရေကြောင်း အမှုထမ်းများအား နိုင်ငံပိုင်နှင့် နိုင်ငံခြားကုမ္ပဏီပိုင် ရေယာဉ်များတွင် အမှုထမ်းနိုင်သည့် နိုင်ငံတကာအသိအမှတ်ပြု ရေကြောင်းဘက်ဆိုင်ရာ ကျွမ်းကျင်သူများ ဖြစ်လာစေရန် လေ့ကျင်ပေးခြင်းတို့ ပါဝင်ပါသည်။

ကျောင်းသားဦးရေ ၂၂၀၀ ခန့် တစ်ပြိုင်နက် သင်ယူနိုင်ရန် ဆောက်လုပ်ထား

မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်းကောလိပ်သည် ရန်ကုန်မြို့ ကမာရွတ်မြို့နယ် ဘုရင့်နောင် လမ်းမကြီးပေါ်တွင်တည်ရှိပြီး မြေဧက အကျယ်အဝန်း ၁၀ ဒသမ ၄၅ ပေါ်တွင် တည်ဆောက်ဖွင့်လှစ်ထားပါသည်။ ကျောင်းသားအရာရှိလောင်းများအတွက် ၁၅၀ ဆံ့ အိပ်ဆောင်နှစ်ဆောင်နှင့် ကျောင်းသားများအတွက် လေးထပ်စာသင်ဆောင်၊ နှစ်ထပ် စာသင်ဆောင်၊ စာသင်ခန်းမ စသည့်အဆောင်များတွင် ကျောင်းသားဦးရေ ၂၂၀၀ ခန့်ကို တစ်ပြိုင်နက် သင်ယူနိုင်ရန် ဆောက်လုပ်ထားပါသည်။ သင်ကြားရေးဌာနများဖြစ်သော ရေကြောင်း ပညာဌာန၊ ရေကြောင်းအင်ဂျင်နီယာဌာန၊ အလုပ်ရုံနည်းပညာဌာန၊ အင်္ဂလိပ်စာဌာန၊ ရူပဗေဒဌာန၊ ဓာတုဗေဒဌာန၊ ကွန်ပျူတာသိပ္ပံဌာန၊ သင်္ချာဌာနနှင့် မြန်မာစာဌာနတို့အပြင် စီမံဌာနများတွင် သင်ကြားရေးနှင့် လေ့ကျင့်ရေးဌာန၊ စီမံရေးနှင့်အုပ်ချုပ်ရေးဌာန အစရှိသည်တို့ပါရှိကာ တက္ကသိုလ်ကောလိပ် ဖွဲ့စည်းပုံအပြည့်ဖြင့် ဖွဲ့စည်းထားပါသည်။

မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်းကောလိပ်မှ ကျောင်းဆင်းအရာရှိလောင်းများတွင် ရေယာဉ်မှူး ကြီး (Captain) အဆင့် ၁၇၀၊ ကုန်းပတ်အရာရှိချုပ် (Chief Officer) အဆင့် ၃၁၀၊ ဒုတိယကုန်းပတ်အရာရှိ ( Second Officer ) အဆင့် ၆၉၅ ဦး၊ တတိယကုန်းပတ်အရာရှိ (Third Officer) အဆင့် ၁၈၁ ဦးနှင့် အင်ဂျင်နီယာမှူးကြီး (Chief Engineer) အဆင့် ၁၉၄ ဦး၊ ဒုတိယအင်ဂျင်နီယာ (Second Engineer) အဆင့် ၃၀၅ ဦး၊ တတိယအင်ဂျင်နီယာ (Third Engineer) အဆင့် ၁၈၈၂ ဦးတို့သည် ယခုအခါ နိုင်ငံတကာသင်္ဘောများပေါ်တွင် တာဝန်ထမ်းဆောင်လျက်ရှိကြပါသည်။ ထိုသင်္ဘောအရာရှိများသည် နိုင်ငံတော်အတွက် နိုင်ငံခြားငွေများကို ရှာဖွေပေးကာ အခွန်ထမ်းဆောင်နေကြသူများ ဖြစ်ပါသည်။ သူတို့၏ မိသားစုဘဝကို မြှင့်တင်ပေးနိုင်ကြသူများ ဖြစ်ပါသည်။ ထို့ကြောင့်ပင် ကုန်သွယ်ရေကြောင်း ကောလိပ်မှ မွေးထုတ်ပေးလိုက်သော လူ့စွမ်းအားအရင်းအမြစ်များသည် အလုပ်အကိုင် အခွင့်အလမ်းများကို ဖော်ဆောင်ပေးနိုင်ကြောင်း သက်သေပြလျက်ရှိပါသည်။ ယနေ့အချိန်အထိ ဤကောလိပ် ကျောင်းတော်ကြီးမှ ရေကြောင်းအရာရှိလောင်း ၂၈၂၈ ဦးနှင့် ရေကြောင်းအင်ဂျင်နီယာ အရာရှိလောင်း ၂၇၂၆ ဦး စုစုပေါင်း အရာရှိလောင်း ၅၅၈၄ ဦးကို မွေးထုတ်ပေးခဲ့ပြီး ဖြစ်ပါသည်။

နိုင်ငံတကာ သင်္ဘောလိုင်းများတွင် လက်တွေ့လုပ်ငန်းခွင် ၁၂ လတာဝန်ထမ်းဆောင်ရ

သင်တန်းကာလတွင် အပြည်ပြည်ဆိုင်ရာ ရေကြောင်းအဖွဲ့ချုပ် (IMO) ၏ ရေကြောင်းပညာရေး နှင့် လေ့ကျင့်ရေးစံချိန်စံညွှန်းနှင့်အညီ သင်ကြားပို့ချပေးပါသည်။ စာတွေ့လက်တွေ့အပြင် ခေတ်မီ သင်ထောက်ကူပစ္စည်းများ၊ ခေတ်မီ simulator များဖြင့် လေ့ကျင့်သင်ကြားပေးနေပါသည်။ ကောလိပ်စာကြည့်တိုက်တွင် ရေကြောင်းပညာရပ်ဆိုင်ရာ စာအုပ်များ၊ အခြားဘာသာရပ်ဆိုင်ရာစာအုပ်များ၊ သုတရသ စာအုပ်များအပြင် ဒစ်ဂျစ်တယ်စာကြည့်ခန်းမကိုပါ မြန်နှုန်းမြင့်အင်တာနက်အသုံးပြုနိုင်ရန် စီစဉ်ထားရှိပါသည်။ ကျောင်းသားအရာရှိလောင်းများအတွက် စာကြည့်တိုက်အသုံးပြုနိုင်ရန် အချိန်သီးသန့်ပေးထားပါသည်။ ကျောင်းသားများအတွက် နေထိုင်ရန် အဆောင်များသည် သန့်ရှင်းသပ်ရပ်ပြီး စားသောက်ရေးအတွက် တစ်နေ့လျှင် မနက်စာ၊ နေ့လယ်စာ၊ ညနေစာတို့ကို တစ်ဦးလျှင် တစ်နေ့ ငွေကျပ် ၄၅၀၀ နှုန်းဖြင့် ကျွေးမွေးပါသည်။ ထို့ပြင် ကိုယ်ကာယလှုပ်ရှား အားကစားလေ့ကျင့်ခန်း ပြုလုပ်ရန် အားကစားကွင်း၊ အားကစားလေ့ကျင့်ရန် ပစ္စည်းများလည်း ပြည့်စုံစွာထားရှိပါသည်။ ကျောင်းဆင်းရေကြောင်းအရာရှိလောင်းများသည် ပင်လယ်ပြင်လုပ်သက်ရယူရေးအတွက် နိုင်ငံတကာ သင်္ဘောလိုင်းများတွင် လက်တွေ့လုပ်ငန်းခွင် ၁၂ လ တာဝန်ထမ်းဆောင်ရပါသည်။ ထိုသို့ အလုပ်သင် အရာရှိအဖြစ် တာဝန်ထမ်းဆောင်ပြီးပါက သက်ဆိုင်ရာ သင်္ဘောလိုင်းများတွင် အရာရှိငယ်အဖြစ် စတင်တာဝန်ထမ်းဆောင်နိုင်ပါသည်။

ယခုအခါ မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်ဝင်ခွင့် အမှတ်စဉ် (၁၇) ကို ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူများအတွက် ခေါ်ယူလျက်ရှိပါသည်။ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ရူပဗေဒ၊ ဓာတုဗေဒဘာသာရပ်များ ပါဝင်သော ဘာသာတွဲဖြင့် အောင်မြင်ပြီး စုစုပေါင်း ရမှတ်အနည်းဆုံး ၄၀၀ ရရှိရမည်ဖြစ်ပါသည်။ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် အသက် ၁၉ နှစ်ထက် မကျော်လွန်စေရဟု ဖော်ပြထားပါသည်။ ကုန်သွယ် ရေကြောင်းအရာရှိလောင်း သင်တန်းအတွက် ၁၃၀၊ ကုန်သွယ်ရေကြောင်းအင်ဂျင်နီယာ အရာရှိလောင်း သင်တန်းအတွက် ၁၃၀၊ ရေကြောင်းလျှပ်စစ် နည်းပညာ အရာရှိလောင်း သင်တန်းအတွက် ၄၀ စုစုပေါင်း ကျောင်းသားဦးရေ ၃၀၀ ကို လက်ခံ သင်ကြားပေးမည်ဖြစ်ပါသည်။ ဝင်ခွင့်လျှောက်လွှာကို (၃-၇-၂၀၂၃) မှ (၁-၉-၂၀၂၃) အထိ မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်းကောလိပ်တွင်လက်ခံပြီး သင်တန်းဝင်ခွင့်ကို လူတွေ့စစ်ဆေးရွေးချယ်မည်ဖြစ်ကြောင်း ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂ ရက် နိုင်ငံပိုင် ကြေးမုံသတင်းစာတွင် ဖော်ပြပါရှိပါသည်။

ယခုအခါ ပင်လယ်ကူးသင်္ဘောသားအရာရှိ အလုပ်သည် ဝင်ငွေကောင်းသော အလုပ်တစ်ခု ဖြစ်ပါသည်။ သို့ရာတွင် နိုင်ငံတကာသင်္ဘောကုမ္ပဏီများသည် လုပ်ငန်းကျွမ်းကျင်ပြီး စည်းကမ်း လိုက်နာကာ အရည်အသွေး အာမခံမှုရှိသည့်၊ စွမ်းရည်ရှိသည့် သင်္ဘောအရာရှိလောင်းများကိုသာ ရွေးချယ်ခန့်အပ် တာဝန်ပေးအပ်ကြပါသည်။ ထို့ကြောင့် ရေကြောင်းဘက်ဆိုင်ရာ အရည်အချင်း ကျွမ်းကျင်ပြည့်ဝသူများ မွေးထုတ်ပေးနေသည့် “မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်း ကောလိပ်” သည် မြန်မာနိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးရာနေရာများတွင် တစ်ခုအပါအဝင် ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။ ။

No comments:

Post a Comment