Tuesday, July 11, 2023

ပြည်သူဗဟိုပြု ခေတ်မီဖွံ့ဖြိုးတိုးတက်မှု


နိုင်ငံ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော်နေထိုင်သည့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းအများအပြား ဆောင်ရွက်လျက်ရှိရာတွင် ခေတ်မီစံပြကျေးရွာစီမံကိန်း (Smart Village) လည်း အပါအဝင်ဖြစ်သည်။ အဆိုပါစီမံကိန်းကို သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အဓိကဌာနအဖြစ် တာဝန်ယူကာ ၂၀၂၁-၂၀၂၂ (၆)လ ဘဏ္ဍာရေးနှစ်မှစတင်၍ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အထိ အကောင်အထည်ဖော်နေခြင်းဖြစ်သည်။

လူမှုဘဝအဆင့်အတန်းမြင့်မားပြီး စီးပွားရေးခိုင်မာ အားကောင်းကာ အစိမ်းရောင်ဖွံ့ဖြိုးမှုဖြစ်စဉ်ကိုအားပေးသည့် ခေတ်မီစံပြကျေးရွာများထူထောင်နိုင်ရန် စီမံကိန်းကျေးရွာများရွေးချယ်ရာတွင် နဂိုရှိမှနဂိုင်းထွက်နိုင်သည်ဟူသည့် ဆိုရိုးအတိုင်း အခြေခံအချက်အလက် အချို့ပြည့်စုံရန်လိုသည်။ စာသင်ကျောင်း၊ ဆေးပေးခန်း၊ လမ်းတံတား၊ ရေပေးရေး၊ မီးလင်းရေး စသည့်ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံအဆောက်အအုံများအသင့်အတင့်ရှိသောရွာ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားအသေးစားစီးပွားရေးလုပ်ငန်းများဆိုင်ရာ လုပ်ငန်းအတွေ့အကြုံရှိပြိး ဖွံ့ဖြိုးတိုးတက်ရန် အလားအလာရှိသောရွာ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားအသေးစားထုတ်ကုန်များ ဈေးကွက်သို့ပို့ဆောင်ရန် လမ်းပန်းဆက်သွယ်ရေး လုံခြုံချောမွေ့သည့်ရွာ၊ သက်မွေး ဝမ်းကျောင်းလုပ်ငန်း သို့မဟုတ် မိသားစုဝင်ငွေတိုးပွားရေး လုပ်ငန်းများအား အစုအဖွဲ့စနစ်ဖြင့် စုပေါင်းဆောင်ရွက်ရန် အလားအလာရှိသောကျေးရွာ၊ တရားဥပဒေစိုးမိုးခြင်းနှင့် လုံခြုံရေးကောင်းမွန်ပြီး နယ်မြေတည်ငြိမ်အေးချမ်းသောကျေးရွာ၊ ရွာသူရွာသားများ၏ စီမံကိန်းဆောင်ရွက်ရန် စိတ်အားထက်သန်မှု၊ စည်းလုံးညီညွတ်မှုရှိပြီး ဖွံ့ဖြိုးရေးအမှန်တကယ် ဆောင်ရွက်ရန်လိုအပ်သည့် ကျေးရွာ၊ အကျိုးခံစားရမည့် အိမ်ထောင်စု ၇၀ နှင့် အထက်ရှိသော ရွာဆိုသည့် အချက်အလက်များကိုအခြေခံ၍ စိစစ်ရွေးချယ်ခြင်းဖြစ်သည်။

ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်‌ရေး ဆောင်ရွက်ရာ တွင် ဒေသခံပြည်သူတို့၏ ကာယ၊ ဉာဏ၊ လုံ့လဝီရိယနှင့် ဉာဏ်အမြော်အမြင်တို့ကို လိုအပ်သလို စည်းလုံးညီညွတ်မှုနှင့် စည်းကမ်းရှိမှုတို့လည်း လိုအပ်သည်။ ထို့အပြင် ဖွံ့ဖြိုးတိုးတက်ရေးကို အဟန့်အတားဖြစ်စေသည့် အမူအကျင့်များ၊ အလေ့အထများ၊ သဘောထားအမြင်များနှင့် အယူအဆများ လူမှုအသိုက်အဝန်း များအတွင်း ဖယ်ရှားရှင်းလင်းထားရန် လိုအပ်သည်။ အထူးသဖြင့် ဒေသခံပြည်သူလူထုအတွင်း ဆင်းရဲနွမ်းပါးမှု၊ လူမှုစီးပွား ဘဝနိမ့်ကျမှုအခြေအနေမှ ရုန်းထလိုသည့် စိတ်များ၊ စဉ်ဆက် မပြတ်ခေတ်မီဖွံ့ဖြိုးသော၊ စီးပွား‌‌ရေးခိုင်မာအားကောင်းသော လူမှုဘဝကိုရယူနိုင်ရန် မဖြစ်မနေကြိုးပမ်းလိုသည့် စိတ်ဓာတ်များ ရှင်သန်နေရမည်ဖြစ်သည်။ ဆင်းရဲနွမ်းပါးခြင်းကို အသားကျပြီး ရုန်းထွက်ရန် မကြိုးစားတော့ဘဲ အလိုက်သင့်နေထိုင်သွားလိုသည့် စိတ်ဓာတ်မျိုးမှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြီးစွာသော အန္တရာယ်ပင်ဖြစ်သည်။ တစ်နည်းအားဖြင့် ပျင်းရိခြင်းနှင့် ညံ့ဖျင်းခြင်းတို့က တစ်သက်တာမွဲပြာကျစေသည့် နာတာရှည် ရောဂါမျိုးပင်ဖြစ်ရာ တိုးတက်ကြီးပွားလိုသူတိုင်းက ပယ်ရှားထားကြရမည့် အရာများဖြစ်သည်။

ခေတ်မီစံပြကျေးရွာ စီမံကိန်းကို ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အပါအဝင် တိုင်းဒေသကြီး / ပြည်နယ် ၁၅ ခုတွင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်။ ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာနှစ်တွင်လည်း ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အပါအဝင် တိုင်းဒေသကြီး / ပြည်နယ် ၁၄ ခုတွင် တိုးချဲ့၍ ကျေးရွာအခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ သွင်းအားစုနှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ၊ အသက်မွေးဝမ်းကျောင်းနှင့် ကျေးရွာစီးပွားမြင့်မားရေး လုပ်ငန်းများ၊ အသင်းအဖွဲ့ခိုင်မာအားကောင်းခြင်းနှင့်နည်းပညာ ဖြန့်ဖြူးခြင်းလုပ်ငန်းများ၊ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများကို စီမံကိန်းကျေးရွာများတွင် အကောင်အထည်ဖော်သွားမည် ဖြစ်ရာ ပြည်သူဗဟိုပြုစီမံကိန်းဖြစ်သည့်အလျောက် ဒေသခံပြည်သူများ၏ အင်တိုက်အားတိုက် ပူးပေါင်းပါဝင်ဆောင်ရွက်မှုများဖြင့် ခေတ်မီစံပြကျေးရွာများ အောင်မြင်ဖြစ်ထွန်းပေါ်ပေါက် လာပါစေကြောင်း။ ။

No comments:

Post a Comment