၂၀၂၂ ခုနှစ်အတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာအစီရင်ခံစာကို ၂၀၂၃ ခုနှစ် ဇွန်လ ၂၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ ယင်းအစီရင်ခံစာနှင့်ပတ်သက်၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီ တံခါးဖွင့်အစည်းအဝေးကို ဇူလိုင်လ ၅ ရက်နေ့တွင် ကျင်းပခဲ့သည်။ အစည်းအဝေးတွင် ကုလသမဂ္ဂအထူးကိုယ်စားလှယ်နှင့် နိုင်ငံအချို့က မြန်မာနိုင်ငံနှင့်ပတ်သက်၍ တာဝန်မဲ့ရည်ညွှန်းပြောကြားခဲ့ကြသည်ကိုတွေ့ရသည်။
အဆိုပါအစီရင်ခံစာတွင် မြန်မာနိုင်ငံနှင့်ပတ်သက်၍ လိုရာဆွဲရေးသားထားသော အထူးပြုထည့်သွင်းဖော်ပြချက်များပါဝင်နေသည်။ တစ်ဖက်သတ်တစ်ဆင့်စကားများနှင့် အခြေအမြစ်၊ အထောက်အထားခိုင်မာမှုမရှိသော စွပ်စွဲချက်များကိုအခြေခံ၍ ရေးသားထားသည်။ ကုလသမဂ္ဂကဲ့သို့ အဆင့်မြင့်နိုင်ငံတကာကိုယ်စားပြု အဖွဲ့အစည်းကြီးတစ်ခုအနေဖြင့် နိုင်ငံတကာအရေးကိစ္စများကို ကိုင်တွယ်ရာတွင် ဓမ္မဓိဋ္ဌာန်ကျပြီး တိကျခိုင်မာသောအချက်အလက်များအား အခြေခံပြုလုပ်ခြင်းမရှိဘဲ မရေရာ မသေချာဘဲ လိုရာဆွဲရေးသားထားသည့် အစီရင်ခံစာကို လက်ခံတင်ပြခဲ့သည်မှာ စိတ်ပျက်ဖွယ်ရာသာဖြစ်ပါသည်။
အစီရင်ခံစာရေးသားသူသည် ဖြစ်စဉ်ဖြစ်ရပ်များကိုစိစစ်နိုင်မည့် နေ့ရက်၊ အချိန်၊ နေရာ၊ မည်သူမည်ဝါဖြစ်သည်ဆိုသည့် တိကျခိုင်မာသောအချက်အလက်များ မပါဝင်ဘဲ ကျူးလွန်ပါသည်ဟု စွပ်စွဲမှုအရေအတွက်များကိုသာ ထည့်သွင်းဖော်ပြထားပြီး မြန်မာ့တပ်မတော်ကို အစီရင်ခံစာ၏ နောက်ဆက်တွဲတွင် စာရင်းသွင်းဖော်ပြခဲ့ခြင်းမှာ ရည်ရွယ်ချက်ရှိရှိ နိုင်ငံရေးသွတ်သွင်းမှုတစ်ရပ်ဖြစ်သည်ကို ရှင်းရှင်းလင်းလင်း တွေ့မြင်ရမည်ဖြစ်သည်။ နိုင်ငံများကို ကိုယ်စားပြုသည့်အဖွဲ့အစည်းအနေဖြင့် မြန်မာ့နိုင်ငံရေးနှင့်ပတ်သက်၍ အပြုသဘောဆောင်ပြီး တရားမျှတမှုရှိစွာဖြင့် ပါဝင်ဆောင်ရွက်သင့်သည်။
အစီရင်ခံသည့်ကာလအတွင်း မြန်မာနိုင်ငံ၌ ကလေးသူငယ်များသေဆုံးမှုနှင့် ဖမ်းဆီးခံရခြင်းများနှင့်ပတ်သက်၍ အချက်အလက်တောင်းခံမှု ငါးကြိမ်သာရှိခဲ့သည်။ အစီရင်ခံစာတွင် သေဆုံးကြောင်းနှင့် ဖမ်းဆီးခံရကြောင်း စွပ်စွဲချက်အရေအတွက်များကို ကုလသမဂ္ဂဘက်မှ မြန်မာအစိုးရစိစစ်ထားသည့် အရေအတွက်ထက် ၁၂ ဆမှ အဆ ၃၀ အထိ ဖောင်းပွဖော်ပြထားသည်ကို တွေ့ရသည်။ ကုလသမဂ္ဂ၏ လွတ်လပ်သော ကျွမ်းကျင်သူများသည် စွပ်စွဲချက်များနှင့်စပ်လျဉ်း၍ ဖြစ်နိုင်သမျှ အတိုင်းအတာအထိ စိစစ်အတည်ပြုရန် လိုအပ်သော်လည်း အစီရင်ခံစာတွင်ပါဝင်သော ကျန်အချက်အလက်များကို သက်ဆိုင်သည့်နိုင်ငံနှင့် စိစစ်ထားခြင်း လုံးဝမရှိပေ။
အစီရင်ခံစာတွင် တစ်ဖက်၌ အကြမ်းဖက်အဖွဲ့များဖြစ်သည့် NUG နှင့် PDF တို့လက်ချက်ကြောင့် ကလေးသူငယ် ၉၇ ဦးသေဆုံးခဲ့ပြီး ၂၇၅ ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရစေခဲ့သည့် ရက်စက်ကြမ်းကြုတ်သောရာဇဝတ်မှုများကို ဖုံးကွယ်ထားရန် ကြိုးစားထားသည်။ ထို့အပြင် အကြမ်းဖက် PDF အဖွဲ့များက ကလေးငယ်များပါဝင်သည့် နိုင်ငံတစ်ဝန်းရှိ ဆေးရုံနှင့်ဆေးခန်း ကိုးခု၊ စာသင်ကျောင်းနှင့် ပညာရေးအဆောက်အအုံ ၁၄၀ အား အကြမ်းဖက်တိုက်ခိုက် ဖျက်ဆီးမှုများကိုလည်း ဖုံးကွယ်ထားသည်။ အစီရင်ခံစာ၌ လူမဆန်သောကျူးလွန်မှုများကို မှေးမှိန်ဖော်ပြခဲ့ပြီး အကြမ်းဖက်အဖွဲ့များ၏ ရက်စက်ယုတ်မာသော ကျူးလွန်မှုများကို “အမည် မဖော်နိုင်သော ကျူးလွန်သူများ”အဖြစ် မရေရာမသေချာသော အသုံးအနှုန်းများဖြင့် ဖုံးကွယ်ရန်ကြိုးစားထားပြီး မြန်မာနိုင်ငံအပေါ် အပြစ်ပုံချထားသည်ကို တွေ့ရသည်။
မြန်မာနိုင်ငံတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် လက်နက်ကိုင်ပဋိပက္ခများအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးကော်မတီကို ဖွဲ့စည်းထားပြီး လက်နက်ကိုင်ပဋိပက္ခများအတွင်း ကလေးသူငယ်များအပေါ် သေကျေထိခိုက်ဒဏ်ရာရရှိစေမှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ကျူးလွန်မှုများမှ ကာကွယ်တားဆီးထိန်းသိမ်းရေး ဒုတိယအကြိမ် အမျိုးသားအဆင့်လုပ်ငန်းစီမံချက် ၂၀၂၂-၂၀၂၃ ကို အကောင်အထည်ဖော်လျက်ရှိသည်။ တိုင်ကြားမှုများကို မှတ်တမ်းပြုစုလုပ်ဆောင်နိုင်ရန် အရေးပေါ်ဖုန်းအမှတ်ဖြင့် တိုင်ကြားမှုယန္တရားကို တည်ထောင်ထားသည်။
အရွယ်မရောက်သေးသူများအား စုဆောင်းခြင်းမှ ကာကွယ်တားဆီးရေးနှင့်ပတ်သက်၍ ကာကွယ်ရေးဝန်ကြီးဌာန၏ ဦးစီးဆောင်ရွက်မှုဖြင့် အရွယ်မရောက်သေးသူ ကလေးသူငယ်များအားစစ်မှုထမ်းခြင်းမှ တားဆီးကာကွယ်ထိန်းသိမ်းရေးကော်မတီကို ၂၀၁၁ ခုနှစ်မှစတင်၍ ဖွဲ့စည်းခဲ့ပြီး ကုလသမဂ္ဂစောင့်ကြည့်လေ့လာရေး အစီရင်ခံတင်ပြရေးလုပ်ငန်းအဖွဲ့ (UNCTFMR) နှင့် စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက် လျက်ရှိသည်။ သို့သော် CTFMR ၏ အရင်းအမြစ်များမည်သို့ရရှိကြောင်း ပွင့်လင်းမြင်သာမှုမရှိသည့်အတွက် မြန်မာနိုင်ငံအနေဖြင့် အမှီအခိုကင်းမှုနှင့် ဘက်လိုက်မှုတို့နှင့်ပတ်သက်၍ စိုးရိမ်မှုရှိသည်။
သို့ဖြစ်ရာ အစီရင်ခံစာတွင်ပါဝင်သည့် လိုရာဆွဲဖော်ပြထားသော ကိန်းဂဏန်း အချက်အလက်များနှင့် အခြေအမြစ်မရှိသည့် စွပ်စွဲချက်များကို မြန်မာနိုင်ငံက ကန့်ကွက်ပယ်ချပြီး ကုလသမဂ္ဂအနေဖြင့် အစီရင်ခံစာနှင့်ပတ်သက်၍ ပိုမိုကောင်းမွန်စွာ လေ့လာသုံးသပ်ကာ အပြုသဘောဆောင်သောချဉ်းကပ်မှုဖြင့် လုပ်ဆောင်ရန် လိုအပ်နေပါကြောင်း။ ။
No comments:
Post a Comment