နေပြည်တော်
ဇူလိုင် ၂၉
နိုင်ငံတော်ကာကွယ်ရေး တာဝန်ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံ၊ ဆေးခန်းများတွင် တက်ရောက်ကုသ၍ ပြန်လည်ကောင်းမွန်လာသည့် တပ်မတော်သား အရာရှိ၊ စစ်သည်များအား တပ်မတော်အကြီးအကဲ၏ လမ်းညွှန်မှုအရ အနားယူအပန်းဖြေခရီးစဉ်အဖြစ် ဧရာဝတီတိုင်း ဒေသကြီး ချောင်းသာကမ်းခြေနှင့် ရခိုင်ပြည်နယ် ငပလီကမ်းခြေများသို့ တပ်မတော်လေယာဉ်များ၊ မော်တော်ယာဉ်များဖြင့် ဇူလိုင် ၂၄ ရက် တွင် ပို့ဆောင်ပေးခဲ့သည်။
ဖူးမြော်ကြည်ညို
ထိုသို့
အနားယူအပန်းဖြေခရီးစဉ် သွားရောက်ခဲ့သည့်အဖွဲ့များမှ ဧရာဝတီတိုင်းဒေသကြီး ချောင်းသာ
ကမ်းခြေသို့ သွားရောက်ခဲ့သည့်အဖွဲ့သည် ကမ်းခြေလမ်းလျှောက်ခြင်းနှင့် ကိုယ်လက်ကျန်းမာရေး
လေ့ကျင့်ခန်းများ ဆောင်ရွက်ခြင်း၊ သဲသောင်ပြင်တွင် ဘောလုံး၊ ဘော်လီဘောနှင့် ခြင်းလုံး
အားကစားများ ဆောင်ရွက်ခြင်း၊ အနားယူ အပန်းဖြေခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ပုသိမ်မြို့ရှိ
ဆုတောင်းပြည့်ဇမ္ဗူပတိရုပ်ပွားတော်၊ တဂေါင်းမင်္ဂလာမဟာစေတီတော်မြတ်ကြီး၊ ချောင်းသာမြို့
စကားဝါတောင်ပေါ်ရှိ ဒီပါအေးမြမဟာ နဂါးရုံဘုရားနှင့် အန္တဇိနလောကမာရ်အောင် စေတီတော်
မြတ်ကြီးတို့အား ဖူးမြော်ကြည်ညိုခြင်း၊ ချောင်းသာမြို့ စကားဝါတောင်မိုးကုတ်ဝိပဿနာရိပ်သာ
ကျောင်းတိုက်ရှိ၊ ဓမ္မဗိမာန်တော်ကြီး၌ သံဃာတော်အရှင်သူမြတ်များအား ဝါဆိုသင်္ကန်းဆက်ကပ်
လှူဒါန်းခြင်း၊ ချောင်းသာမြို့၊ ရွှေသာယာမြို့မဈေး၊ ရွှေသောင်ယံမြို့၊ Sea &
Lake ရှိ ကျောက်စိမ်းပြတိုက်၊ သစ်ပန်းပုပြတိုက်၊ ဒီရေတောတံတား၊ ပုသိမ်မြို့ရှိ ရွှေမြင်းပျံ
ပုသိမ်ဟာလဝါ လုပ်ငန်း စသည့် အထင်ကရနေရာများသို့ သွားရောက်လေ့လာခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။
အလှူငွေများ
ဆက်ကပ်လှူဒါန်း
အလားတူ
ရခိုင်ပြည်နယ် ငပလီကမ်းခြေသို့ သွားရောက်ခဲ့သည့်အဖွဲ့သည် ကမ်းခြေ၌ လမ်းလျှောက်ခြင်းနှင့်
ကိုယ်လက်ကျန်းမာရေး လေ့ကျင့်ခန်းများ ဆောင်ရွက်ခြင်း၊ သဲသောင်ပြင်တွင် ဘောလုံး၊ ဘော်လီဘောနှင့်
ခြင်းလုံး အားကစားများ ဆောင်ရွက်ခြင်း၊ အနားယူ အပန်းဖြေခြင်းများ ဆောင်ရွက်ခဲ့ကြပြီး
သံတွဲမြို့ရှိ ရွှေဆံတော်ဘုရား၊ မဒေးတောင်ဘုရား၊ ရွှေအံတော်ဘုရား၊ ရွှေနံတော် ဘုရားများသို့
သွားရောက်ဖူးမြော် ကြည်ညိုပြီး အလှူငွေများ ဆက်ကပ်လှူဒါန်းကြသည်။ ယင်းနောက် ငပလီမြို့မဈေး၊
ပုလဲကျွန်း၊ မြပတ္တမြားဥယျာဉ် စသည့် အထင်ကရနေရာများသို့ သွားရောက်လေ့လာခဲ့ကြသည်။
ထိုကဲ့သို့
ဇူလိုင် ၂၄ ရက်မှ ယနေ့အထိ ခြောက်ရက်ကြာ အနားယူအပန်းဖြေခရီးစဉ် သွားရောက်ခဲ့သည့်အဖွဲ့များသည်
ယနေ့တွင် စုရပ်နေရာများဖြစ်သည့် နေပြည်တော်ကောင်စီ နယ်မြေနှင့် ရန်ကုန်တိုင်းဒေသကြီးတို့သို့
ပြန်လည်ရောက်ရှိကြရာ သက်ဆိုင်ရာ တိုင်းစစ် ဌာနချုပ်များအလိုက် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။
စိတ်ဓာတ်ခွန်အားများ
ပိုမိုရရှိ
အဆိုပါ
အနားယူအပန်းဖြေခရီးစဉ်သွားရောက်ခဲ့သည့် အရာရှိ၊ စစ်သည်များအား သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်အလိုက်
တိုင်းမှူးများ၊ တာဝန်ရှိသူများက လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးခြင်း၊ ဒေသအသီးသီးရှိ
တန်ခိုးကြီး ဘုရားစေတီများ၊ အထင်ကရနေရာများ၏ ဗဟုသုတ ဖြစ်ဖွယ်ရာ အကြောင်းအရာများနှင့်ပတ်သက်၍
လိုက်လံရှင်းလင်း ပြသခြင်းများကို ဆောင်ရွက်ပေး ခဲ့ရာ အရာရှိ၊ စစ်သည်များအနေဖြင့် စိတ်လက်ပေါ့ပါးစွာဖြင့်
ဒေသန္တရဗဟုသုတများကို လေ့လာ ခဲ့ကြပြီး ၎င်းတို့အတွက် လွန်စွာအကျိုးရှိခဲ့သည့် ခရီးစဉ်တစ်ခုဖြစ်ခဲ့ကြောင်းနှင့်
ယခုကဲ့သို့ အပန်းဖြေခရီးစဉ် သွားရောက်နိုင်ရေး စီစဉ်ပေးခဲ့သည့် တပ်မတော်အကြီးအကဲများကိုလည်း
ကျေးဇူး အထူးတင်ရှိကာ စိတ်ဓာတ်ခွန်အားများ ပိုမိုရရှိခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment