အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ၏ ပင်လယ်ရေမျက်နှာပြင်အပူချိန်နှင့် လေထုဖြစ်စဉ် များမှာ အားအနည်းငယ်ရှိသော အယ်လ်နီညိုအခြေအနေတွင်ရှိနေသည်။ နိုင်ငံတကာ မိုးလေဝသ ဌာနများ၏ သင်္ချာပုံစံပြုမော်ဒယ်များ ခန့်မှန်းချက်အရ ၂၀၂၃ ခုနှစ် ဩဂုတ်လအတွင်း အားအသင့်အတင့်ရှိသော အယ်လ်နီညိုအခြေအနေသို့ ရောက်ရှိနိုင်သည်ဟု မြန်မာနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းထားသည်။
အယ်လ်နီညိုဆိုသည်မှာ
အစွန်းရောက်သဘာဝဘေးတစ်ခုဖြစ်ပြီး အလွန် ပူနွေးခြောက်သွေ့သည့် ဖြစ်စဉ် တစ်ခုဟု အကြမ်းဖျင်းမှတ်သားနိုင်သည်။
တိတိကျကျဆိုလျှင် တောင်အမေရိကတိုက်၏ ကမ်းရိုးတန်း နိုင်ငံများဖြစ်သည့် အီကွေဒေါနှင့်
ပီရူးနိုင်ငံများဆီသို့ ခရစ္စမတ်ကာလ တိုးဝင်လာတတ်သော ပင်လယ်ရေပူ စီးကြောင်းများကို
ဒေသခံတံငါသည်များက ခေါ်ဝေါ်ကြသော အမည်ဖြစ်သည်။ ယေဘုယျအားဖြင့် ငါးနှစ်မှ ခုနစ်နှစ်အတွင်း
တစ်ကြိမ်ဖြစ်ပေါ်တတ်သည်။ ယခုနောက်ပိုင်း နှစ်နှစ်သုံးနှစ်တွင် တစ်ကြိမ်ဖြစ်ပေါ်လာသည်။
အယ်လ်နီညိုဖြစ်စဉ်သည်
ပစိဖိတ်သမုဒ္ဒရာတွင် ဖြစ်ပေါ်သည့်ဖြစ်စဉ်ဖြစ်သော်လည်း အဆိုပါ အယ်လ်နီညို ဖြစ်စဉ်ကြောင့်
ကမ္ဘာတစ်ဝန်း၌ အကျိုးသက်ရောက်မှု ရှိလာသည်။ ယေဘုယျအားဖြင့် မိုးရွာသွန်းမှုပုံစံ မူမမှန်ခြင်း၊
အပူချိန်မြင့်မားခြင်း၊ မုန်တိုင်းဖြစ်ပေါ်မှု မူမမှန်ခြင်းစသည့် ရာသီဥတုဆိုင်ရာ အပြောင်းအလဲများ
ဖြစ်ပေါ်လေ့ရှိသည်။ ယခုအခါ အယ်လ်နီညိုဖြစ်စဉ်ကို မြန်မာနိုင်ငံလည်း ကြုံတွေ့ခံစားနေရပြီး
အချို့ဒေသများ၌ မိုးသည်းထန်မှု၊ မိုးရွာသွန်းမှု အပြောင်းအလဲမြန်ဆန်မှု၊ ပူလိုက်အေးလိုက်ဖြစ်ပေါ်မှု၊
အချို့ဒေသများ၌ မိုးခေါင်မှု၊ လေပြင်းတိုက်ခတ်မှု စသည့် မူမမှန်သောဖြစ်စဉ်များဖြစ်ပေါ်နေသည်။
မြန်မာနိုင်ငံအနေဖြင့်
အယ်လ်နီညိုဖြစ်စဉ် အားအနည်းငယ်ဟုဆိုသော်လည်း အားကောင်းသည့် ဖြစ်စဉ်မျိုး ကမ္ဘာတစ်ဝန်းဖြစ်ပေါ်နေသည်။
ဥရောပနိုင်ငံများနှင့် ဂျပန်နိုင်ငံတွင် အပူချိန်ပြင်းထန်မှုကို ဆိုးဆိုးရွားရွား ကြုံတွေ့နေသည်။
ဥရောပနိုင်ငံ အချို့နှင့်ဂျပန်နိုင်ငံတို့တွင် အသက်အန္တရာယ် ခြိမ်းခြောက်နိုင်သည်အထိ
အပူချိန် မြင့်တက်နေပြီး ဂျပန်နိုင်ငံ၌ ဇွန်လတွင် အပူလျှပ်လူနာပေါင်း ၁၅၉၆၉ ဦးဖြင့်
အများဆုံး မှတ်တမ်းတင်ထားသည်။ ဖိလစ်ပိုင်နှင့်အခြားနိုင်ငံများ၌ မုန်တိုင်းနှင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်နေပြီး
အသက်သေဆုံးမှုများရှိနေသည်။ အဆိုပါနိုင်ငံများ၌ ရာသီဥတု ပြောင်းလဲမှုဒဏ်ကိုခံနိုင်ရေးအတွက်
အလျင်အမြန် ဆောင်ရွက်နေကြသည်။
အယ်လ်နီညိုဖြစ်စဉ်ကြောင့်
၁၉၉၇-၁၉၉၈ ခုနှစ်တွင် မြန်မာနိုင်ငံရှိ မြို့ကြီး ၁၈ မြို့၌ အပူချိန်အမြင့်ဆုံး စံချိန်တင်ခဲ့သည်။
မြို့ကြီး ၁၅ မြို့တွင် မိုးရေချိန် အနည်းဆုံးစံချိန်သစ်တင်ခဲ့သည်။ ၂၀၁၅-၂၀၁၆ ခုနှစ်တွင်
ဖြစ်ပေါ်ခဲ့သော အားကောင်းသည့် အယ်လ်နီညိုဖြစ်စဉ်ကြောင့် စံချိန်တင်ပူပြင်းခြောက်သွေ့မှုများ
ဖြစ်ပေါ်ခဲ့ပြီး အရေးကြီးကိစ္စတစ်ရပ်အဖြစ် နိုင်ငံတော်က ဆောင်ရွက်ခဲ့ရသည်။ ၂၀၁၆ ခုနှစ်တွင်
စံချိန်တင် မီးလောင်ကျွမ်းမှုများ၊ ပူပြင်းခြောက်သွေ့မှုနှင့် တိုက်ရိုက်သက်ဆိုင်သော
ရောဂါဘယဖြစ်မှုများ၊ သောက်သုံးရေရှားပါးမှုများနှင့် ကြုံတွေ့ခဲ့ရသည်။ လက်ရှိတွင် မိုးသည်းထန်စွာရွာသွန်းခြင်း၊
မုန်တိုင်း တိုက်ခတ်ခြင်းများနှင့်ကြုံတွေ့ရပြီး အယ်လ်နီညိုဖြစ်စဉ်အရ ရာသီဥတုပြောင်းလဲခြင်း၏
သက်ရောက်မှုများကို ဆက်လက်ခံစား ကြရဦးမည် ဖြစ်သည်။
ကမ္ဘာကြီး၏
ရာသီဥတုအခြေအနေသည် သက်ရှိများ မျှတစွာရှင်သန်ရပ်တည်နိုင်ရန် ပုံမှန် သဟဇာတ ရှိသည့်အခြေအနေများ
ဖန်တီးပေးထားသည့် အကောင်းဆုံး အခြေအနေဖြစ်သည်။ သို့သော် လူသားများ အလိုဆန္ဒကြီးမားမှုနှင့်
တိုးတက်မှု ရှာဖွေလိုသည့် ကြိုးစားအားထုတ်မှုများကို ဦးစားပေးကြသောကြောင့် သဘာဝပတ်ဝန်းကျင်ကို
မျက်ကွယ်ပြုကာနေခဲ့ကြသည်။ ထို့ကြောင့် ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်များ ပေါ်ပေါက်လာပြီး
သက်ရှိလူသားများ ကြုံတွေ့ခံစားကြရသည်။ ယခုအခါ ရာသီဥတုပြောင်းလဲမှု၏ စိုးရိမ်ဖွယ်ရာအခြေအနေများကို
နိုင်ငံများက သိရှိလာကြ သောကြောင့် ပိုမိုကောင်းမွန်သည့်ကမ္ဘာကြီး ပြန်လည်ဖြစ်တည်လာစေရန်အတွက်
သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများကို မဟာဗျူဟာ စီမံချက်များရေးဆွဲပြီး လက်တွေ့
အကောင်အထည်ဖော်နေကြသည်။ အထူးသဖြင့် အစိုးရအပိုင်းက ဦးဆောင်အကောင်အထည်ဖော် နေကြပြီး
ပြည်သူများအပိုင်းက အားလုံး ပါဝင်လုပ်ဆောင်လာရန် လိုအပ်နေသေးသည်။
သို့ဖြစ်ရာ
ရာသီဥတုနှင့်ဂေဟစနစ်ကြီးတစ်ခုလုံး သမမျှတစွာရှိနေရန်အတွက် ရာသီဥတုနှင့် သဘာဝ ပတ်ဝန်းကျင်ကို
ထိခိုက်ပျက်စီးစေနိုင်သော ဆောင်ရွက်မှု မှန်သမျှကို ထိန်းသိမ်းလျှော့ချ ဆောင်ရွက် ကြရမည်ဖြစ်သည်။
ယခုဖြစ်ပေါ်နေသော အစွန်းရောက်ရာသီဥတုဖြစ်စဉ် အယ်လ်နီညိုကြောင့် ပူပြင်း ခြောက်သွေ့မှုများ၊
ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုဖြစ်စဉ်များ ဆက်လက်ဖြစ်ပေါ်နေမည် ဖြစ်ရာ အကျိုးဆက် အနေဖြင့်
စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ တည်ဆောက်ရေး
စသည့်ကဏ္ဍစုံတွင် ထိခိုက်မှုများရှိလာနိုင်သဖြင့် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်ကို သတိပြုပြီး
သဘာဝပတ်ဝန်းကျင်ကို ကမ္ဘာ့လူသားအားလုံး ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ကြရမည် ဖြစ်ပါကြောင်း။ ။
No comments:
Post a Comment