ဒေါက်တာမြတ်မိုး
ကျေးဇူးရှင်ဗုဒ္ဓမြတ်စွာဘုရားက လမ်းညွှန်ပြသခဲ့သည်မှာ မိမိတို့လူသားများ၏ မွေးသည်မှ သေသည် အထိ ဖြစ်ခြင်း၊ ပျက်ခြင်းအားလုံးသည် ဒုက္ခချည်းပဲဖြစ်သည်ဟူ၍။ ဘ၀တစ်ခုဖြစ်လာသည်မှစ၍ ဒုက္ခဟူသော ဆင်းရဲခြင်းတွေသာရှိသည်။ အမှန်တကယ်ကိုရှိသည်။ ထိုဒုက္ခဟူသော ဆင်းရဲခြင်း သည်လည်း မည်သည့်အတွက်ကြောင့် ဖြစ်ရသည်ဆိုလျှင် သမုဒယကြောင့်ဖြစ်ရသည်၊ တဏှာကြောင့်ဖြစ်ရသည်။ ဒါလည်း အမှန်တရားတစ်ခုဖြစ်သည်။
ဒုက္ခဆိုတာ
ဆင်းရဲခြင်းဆိုတော့ ထိုဆင်းရဲခြင်း ဒုက္ခကို ဘာကြောင့်လိုချင်ကြသလဲ၊ ဒုက္ခကို ဒုက္ခ
မှန်းမသိလို့ လိုချင်နေကြတာ၊၊ ထိုမလိုချင်သော ဒုက္ခဆင်းရဲခြင်းမရှိရာသည် နိဗ္ဗာန်ဖြစ်ပါသည်တဲ့။
ထိုနိဗ္ဗာန်သည်လည်း အမှန်ရှိသည်။ သို့ဆိုလျှင် ထိုဆင်းရဲခြင်းကင်းရာ နိဗ္ဗာန်ကိုအရောက်
ချီတက် မည့်နည်းလမ်းသည်လည်း ရှိရမှာပဲ၊ ထိုနည်းလမ်း သည်လည်း အမှန်ရှိရာသည်ဟု ဟောကြားပြသ
တော်မူခဲ့သည်။
ဒုက္ခကို
ဒုက္ခမှန်းသိမှ ဒုက္ခသစ္စာ၊ ဒုက္ခဖြစ်ကြောင်း တရားကိုသိမှ သမုဒယသစ္စာ၊ ဒုက္ခကင်းရာ
ချုပ်ငြိမ်းရာ နိဗ္ဗာန်ကိုသိတော့ နိရောဓသစ္စာ၊ ထိုဆင်းရဲခြင်း ကင်းရာသို့ အရောက်သွားမည့်
လမ်းကြောင်းနှင့် နည်းလမ်းကိုသိမှ မဂ္ဂသစ္စာ၊ ထိုသစ္စာလေးပါးတရား အမြဲမှန်သောတရားကို
လောကမှလွတ်မြောက်ရာအရိယာသစ္စာအဖြစ် သိမှတ်ကြသည်။
ဘဝဖြစ်လာကတည်းက
ဆင်းရဲဒုက္ခချည်းသာ ဆိုသည်ကို
မည်သည့်အတွက်
ထိုဒုက္ခဆင်းရဲခြင်းသစ္စာကို အမြဲမှန်ကန်သည်လို့ ဆိုရမှာပါလဲ၊ မွေးလာ ကတည်းကိုက အိုမင်းရင့်ရော်လာသည်ဖြစ်၍
အိုဖို့၊ တစ်ခုမဟုတ်တစ်ခု ရောဂါဘယဖြစ်လာ၍ နာဖို့၊ နောက်ဆုံးမှာတော့ သေကျေပျက်စီးခြင်းသို့
ရောက်ရသည်သာ မဟုတ်ပါလား။ နောက်တစ်ဘဝမျှော် ဆုတောင်းမိ၍ မွေးဖွားလာခဲ့သည်။ မိခင်ဝမ်းထဲမှာ
ဆင်းဆင်းရဲရဲဖြစ်လာကတည်းကိုက ဒုက္ခနှင့်သာ၊ ကံကောင်းလို့ငရဲမရောက် ပြိတ္တာမဖြစ်၊ တိရစ္ဆာန်မဖြစ်၊
လူလာဖြစ်တော့လည်း ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ ရုန်းကန်ရတာပါပဲ။ သေသည်အထိ ဒါနဲ့ပဲပြီးသွားတာ၊
ဘာပဲဖြစ်လာဖြစ်လာ ရုပ်နဲ့ နာမ်ခန္ဓာချည်းဆိုတာလည်း သိထားမှဆိုတော့ တရားများများနာယူ၊
ကိုယ့်ခန္ဓာအကြောင်း ကိုယ်ကိုယ်တိုင် သင်မှတ်လေ့ကျက်ထားလေမှ၊၊
မွေးလာကတည်းက
ဤခန္ဓာသည် ဖြစ်ပြီးပျက်၊ ဖြစ်ပျက်ချည်း။ ဒါကိုသိရန်လည်း ဝိပဿနာဆိုသော ဘာဝနာကမ္မဋ္ဌာန်း
ရှုမှတ်ဆင်ခြင်နိုင်မှ၊၊ ဆိုလိုတာကတော့ ဘဝတစ်လျှောက်မှာ ကြုံသမျှ၊ ဆုံသမျှ အားလုံးသည်
ဒုက္ခချည်းပဲဆိုသည့် တရားသဘောကို များများဆင်ခြင်ပေးနိုင်မှဟု နာယူမှတ်သား ပြီးသည့်အခါ
မိမိတို့အားလုံး မိမိအဇ္ဈတ္တ၊ ဗဟိဒ္ဓ တတ်နိုင်သမျှ အမြဲသတိထားဆင်ခြင် သုံးသပ် နေမှသာရမည်ဟု
သတိပြုမိသည်။
ကိုယ်ကိုယ်တိုင်ရော
ကိုယ်ချစ်ခင်နှစ်သက်သူနှင့် အမြဲနေရဖို့ အာမခံချက်ရှိပါ့မလား၊ ကြုံခဲ့ဆုံခဲ့ သမျှမှာ
ကွေကွင်းမှုလည်း ရှိခဲ့ကြမှာ၊ မချစ်မနှစ် သက်သူနှင့်လည်း တွဲခဲ့ရမှာ၊ မခွဲချင်လို့မရ
တစ်ချိန် မဟုတ်တစ်ချိန် ခွဲရမှာ၊ မချစ်ချင်လို့လည်းမရ
ချစ်နေရမှာ၊ ဒါလည်းဒုက္ခဟု ဆင်ခြင်နေရမှာပါ။ လိုအင်ဆန္ဒပြည့်တဲ့အချိန်ရှိမည်၊ မပြည့်တဲ့အခါလည်း
ရှိမည်၊ လိုချင်တာမရသဖြင့် စိတ်မချမ်းသာ ဒေါသ၊ စိတ်နှလုံးသာယာသည့်အခါရှိမည် မသာယာသည့်
အခါလည်းရှိမည်၊ ချမ်းမြေ့လိုက် မချမ်းမြေ့လိုက်၊ မိမိဝမ်းစာပြည့်ပြီးလည်းမကြာဘူး၊ ထပ်ပြီးထပ်ပြီး
ဖြည့်ချင်၊ မပြည့်သည့်အချိန် လာဦးမှာ၊၊ ဘယ်အရာမျှ တည်ကြည်ခိုင်မြဲခြင်း မရှိပါဘူးဆိုတဲ့သဘော။
အများအားဖြင့် ကိုယ့်ကိစ္စကြောင့်ရော သူများကိစ္စ ကြောင့်ရော စိုးရိမ်မှု၊ ပူပန်မှုသောကနှင့်
ကင်းသည်ဟုလည်း မရှိပြန်ဘူး။ ကိုယ့်မှာမရှိတော့လည်း တောင့်တခြင်း မရှိဒုက္ခ၊ ရှိလာပြန်တော့လည်း
သဘာဝဘေး၊ သူများလုမှာ၊ ခိုးမှာ၊ ပျောက်မှာ ပူပန်နေရသည့် ရှိဒုက္ခ၊ မရှိတောင့်တ ရှိကြောင့်ကြ။
ကိုယ်မရှိတော့လျှင်လည်း ကျန်ရစ်မည့်သူ ကျန်ခဲ့မည့်ပစ္စည်းဥစ္စာများအတွက် ပူပင်ရသည့်ဒုက္ခ၊
တစ်ခါတစ်ရံ ကိုယ့်ကြောင့်လည်းပဲ ငိုကြွေးရတာရှိသလို သူများကြောင့်လည်း ငိုကြွေးရတာရှိမည်၊
နံနက်မိုးလင်း ညမိုးချုပ်အထိလည်း မိမိခန္ဓာမိမိ အမြဲပြုပြင်နေရတာချည်း၊ စားဖို့၊ ဝတ်ဖို့၊
နေဖို့၊ သွားဖို့၊ လာဖို့၊ ဤသို့ပြုပြင်ရင်းနှင့်သာ အချိန်ကုန်နေရသည်။ စိတ်အလိုမကျ
ပျက်စီးဆုံးရှုံးမှုနှင့် ကြုံရပြန်တော့လည်း စိတ်ဆင်းရဲ အမျက်ဒေါသဖြစ်ရသည်၊ ကိုယ့်ကိစ္စရော
မိမိ မိသားစုအပါအဝင် သူများကိစ္စရော ပင်ပန်းလှသည်၊
နောက်ဆုံးတော့ အားလုံး ဒုက္ခတရားသာချည်းဆိုတာ ဆင်ခြင်ကြည့်နိုင်ဖို့ရာပါ။
ဒုက္ခ၏အစသည်
သမုဒယ
သမုဒယဆိုသည့်
သဘောတရားကတော့ တဏှာသဘော၊ လောဘသဘောတွေပါပဲ။ အထက်က ဆိုခဲ့သည့် ဒုက္ခဆင်းရဲခြင်းကိုဖြစ်စေသည့်
အကြောင်းတရားပါပဲ။ သမုဒယတဏှာဖုံးနေတော့ ယနေ့ခံစားနေရသည့်ဒုက္ခကို ဒုက္ခဟုမမြင်။ ဒုက္ခကို
သုခ၊ အသုဘကို သုဘဟုသာ မြင်နေသည်။ မပျော်လည်းခဏ၊ ပျော်လည်းခဏတာ၊ ဘဝက အတက်အကျနှင့် ဘာမှတာရှည်မခံဆိုသည့်
အချက်ကို သိသော်လည်း နှလုံးမသွင်းမိ၊ ဒုက္ခကတော့ ထင်ရှားသည့်အတွက် ဒုက္ခကို ဒုက္ခမှန်းသိ၍
ဆင်ခြင်မိတတ်သည်။
ပျော်စရာဝမ်းသာစရာသုခနှင့်ကြုံတော့
မိုးမမြင် လေမမြင်ပျော်မိတတ်ပြီး ဝမ်းနည်းမှု၊ စိတ်ညစ်မှု တစ်ဖန်ပြန်လာနိုင်တာကို မေ့လျော့နေကြပြန်သည်။
တဏှာ၊ ဥပါဒါန်၊ ကံ၊ ဘဝဆိုပြီး အကြောင်းတရားတွေ ညီညွတ်ပေါင်းဆုံဆက်စပ်မိ၍သာ ဘဝဆိုသည့်
ဒုက္ခ၊ ဇာတိ၊ ဇရာစသည်ဖြင့် ဖြစ်လာရတာပါ။ ထို့ကြောင့် တဏှာဆိုသောသမုဒယသည် ဒုက္ခအစိုင်အခဲတို့
မွေးဖွားရာအစပင် ဖြစ်တော့သည်။ မသိမှုမောဟကြောင့် လိုချင်မှုလောဘတွေတက်၊ လိုတာမရတော့
ဒေါသဖြစ်၊ အကုသိုလ်အဆက်ဆက် ဒုက္ခဖြစ်ကြောင်း သမုဒယဟုဆိုသော်လည်း ထိုအကုသိုလ်တို့မှ
ကြွင်းသော အလောဘ၊ အဒေါသ၊ အမောဟ ကုသလတရားများကိုလည်း
သမုဒယသစ္စာတရားတွင် ထည့်သွင်း ထားသည်ဟု ဆိုထားပါသည်။
အသုံးချတတ်လျှင်
ဆေးဖြစ်၍ အသုံးမချတတ်လျှင် ဘေးဖြစ်မည်သာ၊၊ အလိုကြီးလွန်းတော့ မရောင့်ရဲမှုတွေများလာသည်။
လောဘ၊ ဒေါသတွေသည် မီးနှင့်တူသည်။ ပတ်ဝန်းကျင် မြင်ရသည့်မီးက ခဏတာဆိုပေမင့် အတွင်းမှာလောင်မြိုက်သည့်
မီးကတော့ သံသရာတစ်လျှောက် ကူးစက်တတ်သည့်သဘောကို ဆင်ခြင်ရန်လိုနေသည်။ လောဘက စလိုက်သည့်မီးသည်
မိမိစိတ်ကို ပူလောင်ဆင်းရဲ စေသည်။ ကိုယ်လိုတာမရတော့ အမျက်ထွက်ရုံတင်မက ရန်ငြိုးပါဖွဲ့လာကြသည်။
မနာလိုဝန်တိုမှုတွေ များလာသည်။ ကျေးဇူးတရား မသိတတ်တော့ဘဲ တုပြိုင်မှုတွေများလာသည်။
အဆိုးဆုံးကား ရှိခဲ့ဖူးသောကျေးဇူးကိုပင် ချေဖျက်လာကြခြင်းဖြစ်သည်။ ထိုတရားသဘောများကား
မိမိကိုယ်တိုင်ရော လက်တွေ့နယ်ပယ်မှာ မမြင်ချင်မှအဆုံး။
ဒုက္ခဆင်းရဲချုပ်ရာ
နိရောဓဆိုသည့် အမှန်တရားသဘော
အထက်ပါဒုက္ခဆင်းရဲခြင်းတွေကိုမြင်မှ
ဆင်ခြင်နိုင်မှသာလျှင် ယခုဘဝ၊ နောင်ဘဝဆိုတာကြီးကို ငြီးငွေ့မှာ၊ မလိုချင်တော့မှာဖြစ်သည်။
ထိုတရားတွေသည် ကိလေသာဝဋ်၊ ကိလေသာတရားများပင် ဖြစ်တော့သည်။ အဖန်ဖန်အထပ်ထပ်ဖြစ်နေသည့်
ဝဋ်တွေပါပဲလား။ ကိလေသဝဋ်၊ ကမ္မဝဋ်၊ ဝိပါက ဝဋ်တွေလေ။ အပြီးကျွတ် အပြီးလွတ်သည့် အမြဲမှန်သည့်သစ္စာတရားတစ်ခုရှိသေးသည်လို့
ကျေးဇူး ရှင် မြတ်စွာဘုရားက ဟောထားပြန်သည်။ လမ်းညွှန်ထားပြီးဖြစ်သည်။
ယခုဘဝမှာ ဒုစရိုက်အမှုတွေ မပြုဖြစ်တော့သည့်အခါ၊ ဒုစရိုက်အမှုတွေရဲ့ အနှောင့်အယှက်လုံးဝမရှိတော့သည့်အခါ
အပယ်မှ လည်းလွတ်မည့် ပန်းတိုင်ကားရှိပြီးဖြစ်သည်။
ဘဝဆိုတာမလိုချင်တော့လျှင် ဒုက္ခဆင်းရဲလည်း ချုပ်ငြိမ်းမည်။ အကြောင်းတရားတို့ ပေါင်းစုံညီညွတ်
ခြင်းမရှိတော့လျှင် အကျိုးတရားလည်း ဖြစ်လာ တော့မည်မဟုတ်ပါ။ ဤနေရာတွင် အကြောင်းတရားကိုသာ
ရှာဖွေနိုင်စွမ်းရှိရန်လိုသည်။ အကြောင်း တရားရှာနိုင်လျှင် ပြဿနာအသစ်ဖြစ်တော့မှာ မဟုတ်။
အကြောင်းတရားမရှိတော့၍ အကျိုးတရား ချုပ်ငြိမ်းခြင်းသည်ပင် နိရောဓ၏ အဓိပ္ပာယ်မဟုတ်ပါလား။
အကြောင်းတရားဆိုသည်မှာ
ကိလေသာတရားများပင် ဖြစ်တော့သည်။ ထို့ကြောင့် အကျိုးကိုပယ်ရ မည်မဟုတ်၊ အဓိကအကြောင်း
ကိလေသာကိုသာ ပယ်သတ်နေရမည်ဟု ဆိုလိုသည်။ နောက်ဆုံး ကိလေသာကို မဖယ်နိုင်သေးလျှင်တောင်၊
ကိလေသာ ကြိုးဆွဲရာက မရုန်းနိုင်သေးလျှင်တောင်မှ ကိလေသာ ဖြစ်စေသော အာရုံများမှ ဖယ်ခွာနိုင်အောင်
ထိုထို အာရုံတွေနှင့် မနီးကပ်သွားအောင် တတ်နိုင်သမျှ ကြိုးစားကြည့်ကြပါစို့လား။ တစ်နည်းအားဖြင့်
တဏှာလောဘမရှိလျှင်ပင် ဆင်းရဲငြိမ်းသည်ဟု ဆိုထား၍ အကြောင်းတဏှာလောဘ နည်းသည်ထက် နည်းလာအောင်နှင့်
အကျိုး ဒုက္ခဆင်းရဲ နည်းသည်ထက်နည်းအောင် ကြိုးစားကြရအောင်ဟု နှိုးဆော်ချင်ပါသည်။
လောကီမဂ္ဂင်လမ်းအတိုင်းသာ
သို့ပါလျှင်
မိမိတို့က ဆင်းရဲခြင်းအကြောင်းတရားသည် လောဘတဏှာဖြစ်၍ ဆာလောင် တပ်မက်လိုချင်မှုကို လျော့နိုင်သမျှလျော့အောင်
ကြိုးစားလျှော့ချ၍ နောက်ဆုံးကင်းအောင်လုပ်နိုင် မည်ဆိုလျှင် ဆင်းရဲဒုက္ခလည်းလျော့၍
ချုပ်ငြိမ်းခြင်းသို့ ရောက်ရှိမည်ဟု ဆိုလိုသည်။
ထို့ကြောင့် လည်း ဆင်းရဲဒုက္ခငြိမ်းရာလမ်းကြောင်းကို လိုက်ရမည် ရှာရမည်ဟု ဆိုခြင်းဖြစ်ပါသည်။
ထိုသို့ ရောက်သော အကျင့်လမ်းကား မဂ္ဂင်လမ်းရှစ်ပါးဆိုတာပဲဖြစ်သည်။
ဒုက္ခကို
ဒုက္ခမှန်းသိဖို့၊ ဒုက္ခဖြစ်တာက လောဘ သမုဒယကြောင့်ဆိုတာသိဖို့၊ အကြောင်းသမုဒယ ချုပ်လျှင်
အကျိုးဒုက္ခလည်းငြိမ်းတယ်ဆိုတာ သိဖို့ မြင်ဖို့က မဂ္ဂင်ရှစ်ပါးပွားမှရမည်။ မှန်သောအမြင်၊
မှန်သောကြံစည်မှု၊ ကုသိုလ်ရေးနှင့် သူတစ်ပါးအကျိုး၊ ကိုယ့်ထက်အားနည်းသူကို ဘယ်လို ညှာတာ
ထောက်ထားရမလဲ၊ ဤအကြံအစည်မျိုးတွေက ကောင်းသောအကြံအစည်များသာဖြစ်သည်။ မုသားမပါ၊ မသိမ်ဖျင်း၊
မယုတ်ညံ့၊ မသိမ်ဖျင်းသော စကားကို ပြောနိုင်မှသာ မှန်ကန်သော အပြောအဆို ဖြစ်မည်။ ဤနှုတ်မှုစရိုက်များကို
ရှောင်ကြဉ်၊ သူ့အသက်မသတ်၊ သူ့ဥစ္စာမခိုး၊ ဝတ္ထုကာမဂုဏ်တို့၌ မှားမှားယွင်းယွင်းမကျင့်၊
ထို့အမှုများသည်လည်း ကောင်းသောအကျင့်များ ဖြစ်သည်။ မဖြစ်သေးသော အကုသိုလ်တွေမဖြစ်အောင်၊
ပြုပြီးသော ကုသိုလ်တွေ ဆက်ဖြစ်နေအောင်၊ ဖြစ်ပြီးသော အကုသိုလ်တွေဆက်မဖြစ်အောင်၊ မလုပ်ရသေးသော
ကုသိုလ်တွေ အစဉ်မပြတ် လုပ်ဖြစ်နေအောင်က ဝီရိယလိုသည်။ နောက်ဆုံးမှာတော့ မှန်ကန်သော သတိဖြင့်
မိမိစိတ်အစဉ် ရုပ်နာမ်ခန္ဓာကို သတိကပ်၊ သတိနှင့်နေနေသမျှ မိမိခန္ဓာမှာလည်း ကြည်လင်
အေးချမ်းနူးညံ့နေပါသည်။ သတိ၊ ဝီရိယက သမာဓိကို ရှေ့ဆောင်၍ တည်ငြိမ်သော သမာဓိ၊ ရှစ်ပါးသော
အကျင့်မြတ်ဖြင့် တတ်နိုင်သမျှ ကြိုးစားကျင့်ကြခြင်းဖြင့် ခံစားနေရသော ဒုက္ခဆင်းရဲခြင်းများ
ချုပ်ငြိမ်းနိုင်မည်ဟု ယုံကြည်ပါသည်။
လောကီနယ်ပယ်မှာ
ပုထုဇဉ်တွေအတွက် ဤသစ္စာလေးပါးတရားသဘော ခြုံငုံမိရုံမျှနှင့်ပင် အတော်ကို ကျေးဇူးများနေပါပြီ။
မိမိတို့အားလုံး လောဘ၊ ဒေါသ ၊ မောဟလွှမ်းသည့် အကုသိုလ်ကံတွေ မလုပ်မိအောင်၊ လျော့သည်ထက်
လျော့လာအောင်ပဲ ဆက်လက်ကြိုးစား ကြရအောင်ပါ။ အကြောင်းကို ပယ်ရမှာလား၊ အကျိုးကိုပယ်ရမှာလား
သိပြီးသကာလ ပျော်ရွှင်မှု၊ မပျော်ရွှင်မှု တဖက်စောင်းနင်း ကြီးမဖြစ်ရင်ပဲ တော်လှပါပြီ။
လောဘလှိုင်း၊ ဒေါသရိုင်း၊ မောဟမှိုင်းများကြားမှာ ဆင်းရဲမှုသဘောသိပြီး ကိုယ့်စိတ်ကိုယ်ငြိမ်းချမ်းအောင်
နေနိုင်မည့်လမ်းစ သိရလျှင်ပဲ တော်နေပါပြီ။
လောကီနယ်ပယ်ဖြစ်၍
လောကီမဂ္ဂင်လမ်းနှင့်ပဲ ချွတ်ခြုံကျနေသည့် စိတ်ဓာတ်တွေနေရာမှာ ချမ်းသာသည့်စိတ်လေးနှင့်
ကြိုးစားအစားထိုးကြည့်ဖို့သင့်ပြီဆိုတာ ရိပ်စားမိလောက်ပါရဲ့။ ကိုယ့်ဝန်းကျင် အတွင်းအပြင်
အိပ်ရာမဝင် ဘဝင်စိတ်မဖြစ်သမျှ အာရုံခြောက်ပါး ဘယ်အာရုံပဲ လာလာ၊ နှလုံးသွင်း မှန်ပါစေ။
နှလုံးသွင်းမှန်တယ်ဆိုတာက ကိုယ်ကြုံရသည့် အနိဋ္ဌာရုံကို ဣဋ္ဌာရုံဖြစ်နေအောင်၊ ဣဋ္ဌာရုံနှင့်
တွေ့ရလည်း အနိဋ္ဌာသဘောပဲလို့မြင်အောင် ဆင်ခြင်နိုင်စွမ်းကို
ဆိုလိုသည်။ ကုသိုလ်စိတ်ဖြစ်အောင် နေလိုက်ပြီဆိုလျှင် ကြုံတွေ့ရသည့်အာရုံအပေါ်မှာ အကောင်းမြင်စိတ်လေး
ဖြစ်သွားတတ်ပါသည်၊၊ အကောင်းမြင်သဘောကို ဤသို့လေ့ကျင့်၍ ရပါသည်၊၊ အကောင်းမြင်တော့ သူ့မှာရှိနေသည့်
ကောင်းတာလေးတွေ၊ အားသာချက်လေးတွေကို ကောင်းသည့်ဘက်ကပဲ တွေးတာများလာသည်၊ ထိုအခါ ကိုယ်နှင့်
ဆက်ဆံရသူအပေါ်မှာ အဆိုးမြင်စိတ်လေး နည်းသွားတတ်သည်ကို သတိထားမိသည်။
သစ္စာတရား၏တန်ဖိုးကား
ကြီးမားလှသည်၊ အဖိုးလည်းထိုက်တန်လှသည်၊၊ ထို့ကြောင့်လည်း ဤဆောင်းပါးကို ဝါတွင်းကာလအထူးပြု၍
ရေးသားပူဇော်ခြင်းဖြစ်ပါသည်။ ကျေးဇူးရှင် မြတ်စွာဘုရား၏ အဆုံးအမများကို မိမိကိုယ်တိုင်ရော
ဗုဒ္ဓဘာသာဝင် သူတော်စင်အပေါင်းပါ အစဉ်အမြဲ သတိရဆင်ခြင်ဖြစ်နေရန် ဖြစ်ပါသည်၊၊ ဘယ်လောက်ပဲ
နှစ်သက် နှစ်သက်၊ လိုချင်တိုင်းလည်းမရ၊ မလိုချင်လည်း ရချင်ရနေတာ၊ လိုတာထက်လည်း
မလွန်သွားအောင်၊ မျှမျှတတဖြင့် စားရေး၊ ဝတ်ရေး၊ နေရေးမှအစ မျှတနေအောင်၊ အဆုံးမှာ အားလုံးကွေကွင်းရမှာပဲ။
နောက်ဆုံး ကိလေသာ၏အပြစ်ကို မြင်အောင်ကြည့်တတ်ပြီး၊ တကယ်လည်း တရားရှုမှတ်လို့ မြင်အောင်ကြည့်တတ်လာသည့်အခါ။
မိမိခန္ဓာသည်လည်း
အချိန်တိုင်းမှာ အပျက်သဘောချည်းပါပဲ။ ကိုယ်ရထားတာမှန်သမျှ ပျက်ရ မှာချည်း၊ အဖြစ်ရှိရင်
အပျက်လည်းရှိမှာပါ။ အိုလာမည်၊ နာလာမည်၊ သေရမည်၊ မရဏသဘော၊ ဤသဘောတရားကို ထပ်ကာထပ်ကာဆင်ခြင်ကြပြီး
မိမိပြုခဲ့သည့် ကုသိုလ်တရားများကိုသာ အဖန် တလဲလဲ ပွားများကြခြင်းဖြင့် မကောင်းသည့်
ကိလေသာများကို တွန်းလှန်ခွင့်ရထားသည့် ယခု ဘဝလေးကို အကျိုးရှိရှိအသုံးချကြရအောင်ပါ။
။
No comments:
Post a Comment