Saturday, July 29, 2023

ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ ကော်မတီဝန်ကြီးအဆင့် ပဉ္စမအကြိမ် အစည်းအဝေးသို့ တက်ရောက်ပြီး မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ

 

နေပြည်တော် ဇူလိုင် ၂၈

အာရပ်စော်ဘွားများ ပြည်ထောင်စု(ယူအေအီး)နိုင်ငံ အဘူဒါဘီမြို့၌ ရောက်ရှိနေသော လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ သည် ဇူလိုင် ၂၅ ရက်တွင် Ground Mounted Solar တပ်ဆင်အင်အား (၁၀) မဂ္ဂါဝပ်နှင့် Roof Top Solar () မဂ္ဂါဝပ်တပ်ဆင်ထားရှိသော Masdar City Project တည်ဆောက်နေသည့် လုပ်ငန်းခွင်သို့ သွားရောက် လေ့လာကြသည်။

ရှင်းလင်းပြောကြား

Masdar City Project စီမံကိန်းရုံးသို့ရောက်ရှိစဉ် စီမံကိန်းတာဝန်ရှိသူများက ရှင်းလင်းဆောင်တွင် စီမံကိန်းဆောင်ရွက်ရသည့် ရည်ရွယ်ချက်နှင့် ဆောင်ရွက်မှုအခြေအနေတို့ကို ရှင်းလင်းပြောကြား ကြပြီး စီမံကိန်းဆောင်ရွက်ထားရှိမှုများကို ပြသ သည်။

Masdar City သည် ပိုမိုစိမ်းလန်းပြီး ရေရှည်တည်တံ့သော မြို့ပြလူနေမှုဘဝကို သိရှိနားလည်ရန်၊ ဆန်းသစ်တီထွင်မှုများကို ဦးဆောင်နိုင်ရန်၊ ရေရှည်တည်တံ့ခိုင်မြဲမှုနှင့် သုတေသနဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရန် တို့အတွက် အဓိကဆောင်ရွက်ချက်ဖြစ်ကြောင်း၊ လျင်မြန်စွာဖွံ့ဖြိုးလာသည့် သန့်ရှင်းသော နည်းပညာများ ပေါင်းစပ်မှု၊ စီးပွားရေးကင်းမဲ့ဇုန်၊ စားသောက် ဆိုင်များ၊ ဈေးဆိုင်များ၊ ပြည်သူများအတွက် စိမ်းလန်းသောနေရာများပါရှိသည့် မြို့တော်၏ စံပြလူနေရပ်ကွက်တစ်ခုကို တည်ဆောက်နေသော စီမံကိန်းဖြစ်ပြီး ပထမဆုံး စူးစမ်းလေ့လာချက်အဖြစ် အဆောက်အအုံများ၏ ပြုပြင်ထိန်းသိမ်းခြင်းနှင့် စွမ်းအင်သုံးစွဲမှုကို လျှော့ချရန်အတွက် စွမ်းအင်သုံးစွဲမှုပုံစံ ပြောင်းလဲခြင်း နည်းပညာများကို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုထားကြောင်း၊ Masdar City စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ခြင်းကြောင့် ၂၀၂၃-ခုနှစ် နှစ်ကုန်ပိုင်းတွင်ကျင်းပမည့် Parties of Conference-28 (COP-28) ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် အခွင့်အလမ်းရရှိခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဇူလိုင် ၂၆ ရက်တွင် အာရှနှင့်ပစိဖိတ်ဆိုင်ရာ ကော်မတီဝန်ကြီး အဆင့် ပဉ္စမအကြိမ်အစည်းအဝေး ဒုတိယနေ့နှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်သည်။

အစည်းအဝေး ပထမပိုင်းတွင် ISA Programmes and Green Grid Initiative - One Sun One World One Grid - GGI-OSOWOG) နေတစ်စင်း၊ ကမ္ဘာတစ်ခု ဓာတ်အားကွန်ရက်တစ်ခုအတွက် အစိမ်းရောင် ဓာတ်အားလိုင်း မိတ်ဆက်ခြင်းခေါင်းစဉ်ဖြင့် ဆွေးနွေးကြပြီး မြန်မာနိုင်ငံအနေဖြင့် နေရောင်ခြည်စွမ်းအင် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ထားရှိမှုများ၊ နိုင်ငံဖြတ်ကျော်ဓာတ်အားလိုင်းများ ဆောင်ရွက်ရန် အိမ်နီးချင်းနိုင်ငံများနှင့် ဆောင်ရွက်နေမှုများ၊ ASEAN BEMSTEC အဖွဲ့ဝင်နိုင်ငံဖြစ်ပြီး ပူးပေါင်း ဆောင်ရွက်မှုများကို ဆွေးနွေးခဲ့သည်။

အစည်းအဝေး ဒုတိယပိုင်းတွင် Solar Storage ခေါင်းစဉ်ဖြင့်ဆွေးနွေးကြပြီး အရှေ့အလယ်ပိုင်းနှင့် အာဖရိကမြောက်ပိုင်းဒေသ (Middle East and North Africa-MENA) တွင် သုတေသနပြုလုပ်ထား သည့် ၂၀၃၀ ပြည့်နှစ်အထိ Energy Storage System (ESS) လိုအပ်ချက်နှင့် စီမံဆောင်ရွက်ထားရှိမှုများ၊ Long Duration Energy Storage ကို အသုံးပြု၍ ပြန်ပြည့်မြဲစွမ်းအင်မှ ဓာတ်အားဖြန့်ဖြူးနိုင်သည့် လေ့လာချက်များ၊ Pump Storage Hydropower အသုံးပြုခြင်းဖြင့် ရရှိနိုင်သောအကျိုးကျေးဇူးများ၊ ကာဗွန်အသားတင်ထုတ်လွှတ်မှုမျှခြေရှိစေရေး ရည်မှန်းချက်အောင်မြင်ရန် လမ်းပြမြေပုံတို့ကို ဆွေးနွေးကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် နေရောင်ခြည်စွမ်းအင်သုံး မြင်းကောင်ရေတစ်ကောင်မှ ၁၀၀ အင်အားရှိ (1 HP မှ 100 HP) Solar Pumps များ ခင်းကျင်းပြသမှုကိုလေ့လာကြသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဇူလိုင် ၂၇ ရက်တွင် အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး)နိုင်ငံ အဘူဒါဘီမြို့မှ ပြန်လည်ထွက်ခွာကြရာ ယနေ့ညနေပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment