Saturday, July 29, 2023

သိပ္ပံနှင့်နည်းပညာဆိုင်ရာ မူပိုင်ခွင့်အသိပညာပြန့်ပွားရေးဟောပြောပွဲ ကျင်းပ

 

နေပြည်တော် ဇူလိုင် ၂၈

သိပ္ပံနှင့်နည်းပညာဆိုင်ရာ မူပိုင်ခွင့်အသိပညာ ပြန့်ပွားရေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှင်းလင်းဟောပြော

ဟောပြောပွဲတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်က အဖွင့်အမှာစကားပြောကြားပြီး မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က နိုင်ငံ၏လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေး အထောက်အပံ့ပြုနိုင်ရန် သုတေသနဌာနများ၊ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံနှင့် ကျောင်းများတွင် သုတေသနနှင့်ဆန်းသစ်တီထွင်မှုများ ပိုမိုတိုးမြှင့် ဆောင်ရွက်ရန်ကိစ္စရပ်များ၊ နည်းပညာဆိုင်ရာ တီထွင်မှု မူပိုင်ခွင့်များကို ပိုင်ဆိုင်မှုများရရှိစေရန် မူပိုင်ခွင့်ဆိုင်ရာ စီမံချက်များကို ချမှတ်ဆောင်ရွက်ရန် ကိစ္စရပ်များ၊ စက်မှုဒီဇိုင်း၊ ကုန်အမှတ်တံဆိပ်၊ တီထွင်မှုနှင့် စာပေနှင့် အနုပညာမူပိုင်ခွင့်ဥပဒေများနှင့် သက်ဆိုင် သည့် သိကောင်းစရာများနှင့် အကျိုးကျေးဇူးများ၊ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံနှင့် ကျောင်း၊ သုတေသန ဌာနများက တီထွင်ဖန်တီးထားသည့် သုတေသနများ ကို MSME နှင့် လုပ်ငန်းခွင်များတွင် ထိရောက်စွာ အသုံးပြုနိုင်ရန်အတွက် မူပိုင်ခွင့်ဆိုင်ရာအကာအကွယ် ပေးမှုများကို အကျိုးရှိစွာ အသုံးပြုရေး၊ သုတေသနနှင့် တီထွင်ဖန်တီးမှုများကို မူပိုင်ခွင့် အကာအကွယ်ပေးခြင်းဖြင့် ကိုယ်ပိုင်တီထွင် ဖန်တီးလိုစိတ်များ မြှင့်တင်ပေးရေး၊ အသိဉာဏ်ပစ္စည်းမူပိုင်ခွင့် အခွင့်အရေးများ ရရှိစေရေး၊ တီထွင်ဖန်တီးသူများနှင့် တက္ကသိုလ်များ အတွက် ဝင်ငွေရရှိစေရေး၊ နည်းပညာနှင့် ဈေးကွက်ဖွံ့ဖြိုးရေးအတွက် ရင်းနှီးမြှုပ်နှံမှုများ ရရှိရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းဟောပြောသည်။

ဟောပြောပွဲသို့ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံနှင့်ကျောင်းများမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများနှင့် သုတေသန နှင့် နည်းပညာဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်သူများ တက်ရောက်ကြ၍ သိရှိလိုသည်များကို အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment