နေပြည်တော် ဇူလိုင် ၂၈
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဝန်ထမ်းစွမ်းဆောင် ရည်မြှင့်တင်ရန်ရည်ရွယ်သည့် Knowledge Sharing Programme (KSP) သောကြာနေ့စကားဝိုင်း (Friday Talk) ၏ အမှတ်စဉ် (၂၃) ဆွေးနွေးပွဲအဖြစ် “လူမွဲခံယူခြင်းဆိုင်ရာဥပဒေ၏ မှတ်ပုံတင်အရာရှိအဖြစ် ဆောင်ရွက်ရသည့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) ၏ အခန်းကဏ္ဍ” ခေါင်းစဉ်ဖြင့် ယနေ့မွန်းလွဲပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနရုံးအမှတ်(၁)၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် တက်ရောက်အမှာစကားပြောကြားသည်။
စနစ်တကျလေ့လာမှတ်သား
ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ယနေ့ဆွေးနွေးမျှဝေသော အကြောင်းအရာဖြစ်သည့် “လူမွဲခံယူခြင်းဆိုင်ရာဥပဒေ” ကို ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် (၁) ဖြင့် ၂၀၂၀ပြည့်နှစ်၊ ဖေဖော်ဝါရီလတွင်ပြဋ္ဌာန်း၍ မတ်လတွင် ဥပဒေစတင်အာဏာတည်ခဲ့ပြီး ဧပြီလတွင် နည်းဥပဒေ ထုတ်ပြန်ခဲ့ပါကြောင်း၊ အဆိုပါဥပဒေအရ လူမွဲခံယူ ခြင်းဆိုင်ရာ ကျွမ်းကျင်သူများကြီးကြပ်ရေး ကောင်စီကို ဖွဲ့စည်းထားရှိပြီး ကြီးကြပ်ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ လူမွဲခံယူခြင်းဆိုင်ရာ ဥပဒေပါ မှတ်ပုံတင် အရာရှိ၏ လုပ်ငန်းတာဝန်များကို မိမိတို့ဝန်ကြီးဌာနအောက်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက အဓိကတာဝန်ယူဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါဥပဒေသည် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ (၂၀၁၇) တွင် ဖော်ပြပါရှိသည့် ကုမ္ပဏီများ ဖျက်သိမ်းခြင်းနှင့် စပ်လျဉ်း၍ အစားထိုးကျင့်သုံးရမည့် ဥပဒေဖြစ်ကြောင်း၊ ဝန်ကြီးဌာန၏ အရာထမ်း/အမှုထမ်းများအနေဖြင့် ယနေ့ဆွေးနွေးမျှဝေသော အကြောင်းအရာများကို စနစ်တကျ လေ့လာမှတ်သားစေလိုပါကြောင်း တိုက်တွန်းပြောကြားသည်။
ဆွေးနွေးပွဲအခမ်းအနားတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူး ဒေါ်သီတာအောင်က “လူမွဲခံယူခြင်းဆိုင်ရာ ဥပဒေ(၂၀၂၀)အရ မှတ်ပုံတင်အရာရှိဖြစ်သော ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏အခန်းကဏ္ဍ” ခေါင်းစဉ်ဖြင့် အသေးစိတ် ရှင်းလင်း ဆွေးနွေးပြီး တက်ရောက်လာကြသူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခြင်း၊ ဖြည့်စွက်ဆွေးနွေးခြင်းများ ပြုလုပ်ကြသည်။
အခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံခြား စီးပွားဆက်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေး မှူးချုပ်များ၊ အရာထမ်း/ အမှုထမ်းများ၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ရုံးချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးရုံးများမှ အွန်လိုင်းဖြင့် တက်ရောက်သူများအပါအဝင် စုစုပေါင်းဝန်ထမ်း အင်အား ၁၂၀ ကျော် တက်ရောက်ကြသည်။
သတင်းစဉ်
No comments:
Post a Comment