Thursday, July 13, 2023

ရေရှည်တည်တံ့ခိုင်မြဲသည့်နိုင်ငံအဖြစ် တက်ညီလက်ညီတည်ဆောက်


 

ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) တိုက်ခတ်မှုနှင့်ပတ်သက်၍ နိုင်ငံတော်အစိုးရအနေဖြင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများကို စနစ်တကျဆောင်ရွက်နိုင်ခဲ့သဖြင့် အထိအခိုက်အနည်းဆုံးဖြတ်ကျော်နိုင်မှုများမှာ သင်ခန်းစာယူစရာဖြစ်သည်။ ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်သောကြောင့် ထိခိုက်သေဆုံးသူ ၁၄၈ ဦးရှိခဲ့သော်လည်း နာဂစ်မုန်တိုင်းဖြစ်ပေါ်ပြီးနောက်ပိုင်းတွင် အခြေခံအဆောက်အအုံများ ထိခိုက်ပျက်စီးမှုအများဆုံးဖြစ်ခဲ့ကြောင်းကို သတိပြုရမည်ဖြစ်သည်။

ထို့ကြောင့် အသစ်တည်ဆောက်ရသည့်အဆောက်အအုံများကို ရေရှည်တည်တံ့ ခိုင်မြဲအောင် ပြန်လည်တည်ဆောက်ရမည်ဖြစ်သကဲ့သို့ ကျန်ရှိသည့်အဆောက်အအုံ များကိုလည်း ရေရှည်တည်တံ့ခိုင်မြဲစေရေး၊ သဘာဝဘေးဒဏ်ခံနိုင်ရေးအတွက် မွမ်းမံခြင်းများကို ဆောင်ရွက်သွားရန် နိုင်ငံတော်အကြီးအကဲက လမ်းညွှန်မှာကြားထားသည်။ သဘာဝဘေးအန္တရာယ်သည် မည်သည့်အချိန်တွင် ဖြစ်ပေါ်နိုင်မည်ကို ကြိုတင်သိရှိနိုင်ရန်ခက်ခဲပြီး မဖြစ်ပွားမီ ရက်သတ္တပတ်အနည်းငယ်အလိုရောက်မှ မည်သို့ဖြစ်လာနိုင်သည်ကို ခန့်မှန်းနိုင်ပါသည်။ ထို့ကြောင့် ဖြစ်ပေါ်လာမှဆောင်ရွက် ကြခြင်းထက် မဖြစ်မီက စနစ်တကျအခြေခိုင်မာစွာ ဆောင်ရွက်ထားရန်လိုအပ် ပါသည်။

မြန်မာနိုင်ငံသည် သဘာဝဘေးဒဏ်ကို ကြုံတွေ့ရလေ့ရှိသည့် နိုင်ငံများတွင် ပါဝင်ပါသည်။ ကြုံတွေ့လာနိုင်သည့် သဘာဝဘေးအန္တရာယ်များကို ကျော်လွှားနိုင်ရန်အတွက် နိုင်ငံတော်အကြီးအကဲ လမ်းညွှန်မှာကြားထားသည့် အဆောက်အအုံများ ရေရှည်တည်တံ့ခိုင်မြဲရေး၊ သဘာဝပတ်ဝန်းကျင် ပိုမိုကောင်းမွန်ရေးကို စနစ်တကျ ဆောင်ရွက်ထားကြရမည်ဖြစ်သည်။ ရခိုင်ပြည်နယ်အပါအဝင် မြစ်ဝကျွန်းပေါ် ဒေသများသည် ကမ်းရိုးတန်းဒေသများဖြစ်သဖြင့် မုန်တိုင်းဖြစ်ပေါ်ခြင်း၊ ရေကြီးရေလျှံခြင်းများကို မလွဲမသွေကြုံတွေ့ရမည်ဖြစ်သည်။ ထို့ကြောင့် သဘာဝဘေးဒဏ်ကို ခံနိုင်ရည်ရှိသည့် လိုအပ်သည့်ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများကို မဖြစ်မနေဆောင်ရွက်ကြရမည်ဖြစ်သည်။

မိုးသည်းထန်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်းနှင့် ရာသီဥတုပြောင်းလဲဖောက်ပြန် မှုကြောင့် ဖြစ်ပေါ်လာနိုင်သည့်သဘာဝဘေးအန္တရာယ်များကို ကာကွယ်နိုင်ရန်အစီအမံများ ဆောင်ရွက်ထားရမည်ဖြစ်သည် ။ သဘာဝဘေးအကာအကွယ်သည် သစ်ပင်သစ်တောများဖြစ်၍ သစ်ပင်သစ်တောစိုက်ပျိုးခြင်းများကို အမျိုးသားရေးအသွင်ဖြင့် ဆောင်ရွက်ကြရမည်ဖြစ်သည်။ ရခိုင်ပြည်နယ်တွင် ရခိုင်ရိုးမနှင့်ဆက်နွှယ်နေသည့် တောင်တန်းဒေသများ၌သာ သစ်ပင်သစ်တောများတွေ့ရှိရပြီး ကျန်ဒေသများတွင် ကွင်းပြင်အများအပြားဖြစ်နေသည်ကို တွေ့ရမည်ဖြစ်သည်။ ကျန်ဒေသများတွင်လည်း အလားတူဖြစ်သည်။

သစ်ပင်များကို စိုက်ပျိုးခြင်းထက် ခုတ်ယူသုံးစွဲသည်က ပိုများသည်ကိုတွေ့ရသည်။ ကျေးလက်ဒေသများ၌ ထင်းအဖြစ်သုံးစွဲခြင်းနှင့် အဆောက်အအုံများ ဆောက်လုပ်ရန်အတွက် ခုတ်ယူကြသည်ကိုတွေ့ရသည်။ သဘာဝပေါက်ရောက် လျက်ရှိသော သစ်ပင်သစ်တောများပြုန်းတီးမှုရှိလာသောကြောင့် ရာသီဥတုပြောင်းလဲဖောက်ပြန်ခြင်းများ ဖြစ်ပေါ်လာသဖြင့် အကျိုးဆက်ကို ပြည်သူများပင် လက်တွေ့ကြုံတွေ့နေရသည်။ ထို့ကြောင့် နိုင်ငံတော်အနေဖြင့် ယခုကဲ့သို့မိုးရာသီတွင် သစ်ပင်စိုက်ပျိုးပွဲများကို နိုင်ငံတစ်ဝန်းဆောင်ရွက်လျက်ရှိသည်။ သစ်ပင်များကို ကျေးရွာအလိုက်၊ ရပ်ကွက်အလိုက်၊ မြို့နယ်အလိုက် စိုက်ပျိုးသွားရန်လိုအပ်သည်။ သစ်ပင်ကို ချစ်ခင်တတ်သည့်စိတ်၊ စိုက်ပျိုးတတ်သည့်အလေ့များ တိုးပွားလာအောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။

သဘာဝဘေးအန္တရာယ်ကို ကြိုတင်ကာကွယ်သည့်အနေဖြင့် သစ်ပင်သစ်တော များကို ပြန်လည်စိုက်ပျိုးကြရန်လိုအပ်သည်။ သက်ဆိုင်ရာအဖွဲ့အစည်းများက ဒေသခံပြည်သူလူထုနှင့်ပူးပေါင်းလက်တွဲ၍ သစ်ပင်စိုက်ပျိုးခြင်းကို မဖြစ်မနေ ဆောင်ရွက်ကြခြင်းဖြင့် ဒေသတွင်း၌သစ်ပင်သစ်တောများ ပေါများလာမည်ဖြစ်သည်။ နောင်အနာဂတ်ကာလတွင် မိမိတို့ဒေသ၊ မိမိတို့နိုင်ငံတွင် ရာသီဥတုမျှတ ကောင်းမွန်စေရေး၊ သဘာဝဘေးအန္တရာယ်များကို အထိုက်အလျောက်ကာကွယ် နိုင်ရေးအတွက် ယခုပစ္စုပ္ပန်တွင်ရှိနေကြသည့် ပြည်သူများကသစ်ပင်သစ်တော များစိုက်ပျိုးခြင်းကို အလေးထားဆောင်ရွက်ကြရမည်ဖြစ်သည်။

သဘာဝဘေးဒဏ်ခံနိုင်ရေးအတွက် အဆောက်အအုံများသာမက သစ်ပင်သစ်တောများကိုပါ စနစ်တကျခိုင်မာအောင် တည်ဆောက်ထားကြရမည်ဖြစ်သည်။ အခြေခံအဆောက်အအုံများကို ခိုင်မြဲအောင်တည်ဆောက်ထားခြင်းမရှိပါက အန္တရာယ်အမျိုးမျိုးကျရောက်လာသည့်အခါ အလွယ်တကူပြိုလဲသွားနိုင်သည်ကို သင်ခန်းစာများယူကြရမည်ဖြစ်သည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံသည် သဘာဝဘေးအန္တရာယ်ကဲ့သို့ အန္တရာယ်အမျိုးမျိုး မကြာခဏကြုံတွေ့ရတတ်သည့်နိုင်ငံဖြစ်သည်ကို သမိုင်းကြောင်းတစ်လျှောက်တွင် တွေ့မြင်ခဲ့ကြရပြီးဖြစ်သည်။ မည်သည့်အန္တရာယ်၊ မည်သည့်အနှောင့်အယှက်များ ကြုံတွေ့လာရသည်ဖြစ်စေ အားလုံးတက်ညီလက်ညီဖြင့် အခြေခံအဆောက်အအုံ များကို ရှေရှည်တည်တံ့ခိုင်မြဲအောင် တည်ဆောက်ထားကြမည်ဆိုပါက ရေရှည်တည်တံ့ခိုင်မြဲပြီး ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံအဖြစ် ခိုင်မာစွာရပ်တည်နိုင်မည်ဖြစ်ပါကြောင်း။                    

No comments:

Post a Comment