Thursday, July 13, 2023

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေးကော်မတီ၏ ပင်မအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

 

နေပြည်တော် ဇူလိုင် ၁၂

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေး ကော်မတီ၏ ပင်မအဖွဲ့ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများညှိနှိုင်းပေါင်းစပ်ရေးကော်မတီဥက္ကဋ္ဌ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဥက္ကဋ္ဌများဖြစ်သည့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင်နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ကော်မတီဝင်ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဒုတိယဥက္ကဋ္ဌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးတို့က Zoom Application Online System ဖြင့် တက်ရောက်ကြသည်။

ဦးစွာ ညှိနှိုင်းပေါင်းစပ်ရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်က ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအနက် ၎င်းတို့၏ဆန္ဒအလျောက် ပြန်လာ လိုသူများကို နှစ်ဖက်ညှိနှိုင်း၍ စိစစ်လက်ခံမှုများ အမြန်စတင်ဆောင်ရွက်နိုင်ရေးနှင့် ပြန်လည်နေရာချထားရေးအတွက် လုပ်ငန်းကော်မတီများအလိုက် ဆောင်ရွက်ရမည့်ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးပြောကြားပြီး လုပ်ငန်းကော်မတီများမှ တာဝန်ရှိသူများနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးတို့က ဆောင်ရွက်ထားရှိမှု အခြေ အနေများ၊ လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြသည်။

တင်ပြချက်များအပေါ် ညှိနှိုင်းပေါင်းစပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများက လိုအပ်သည်များ ဖြည့်စွက်မှာကြား၍ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

သတင်းစဉ်


No comments:

Post a Comment