အင်္ဂလိပ်နယ်ချဲ့လက်အောက် မကျရောက်မီက မြန်မာနိုင်ငံသည် ပဒေသရာဇ်ပြည်ထောင်စုနိုင်ငံတစ်နိုင်ငံဖြစ်သည်။ နိုင်ငံ၏အုပ်ချုပ်ရေးဗဟိုသည် စိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်ရေး၊ ကူးသန်းရောင်းဝယ်ရေးနှင့် နိုင်ငံခြားဆက်သွယ်ရေးတို့၏ အချက်အချာဖြစ်သော နိုင်ငံအလယ်ပိုင်းရှိ မြေပြန့်မြစ်ဝှမ်းဒေသတွင် အခြေစိုက်ထားပြီး ပဒေသရာဇ်များက ဒေသအလိုက် စီမံခန့်ခွဲအုပ်ချုပ်ခဲ့ကြသည်။ ပုဂံ၊ ပင်းယ၊ အင်းဝ၊ တောင်ငူ၊ ကုန်းဘောင်စသည့် မင်းအဆက်ဆက်တို့သည်လည်းကောင်း၊ မှူးမတ်စသည့် နန်တော်တွင်းအုပ်ချုပ်ရေးအရာရှိများ၊ အဝေးဒေသမှအုပ်ချုပ်ရေးအရာရှိများမှာ ဗမာလူမျိုးတစ်မျိုးတည်းသာမဟုတ်ဘဲ ရှမ်း၊ မွန်၊ ရခိုင်လူမျိုးနှင့်အဆက်အနွှယ်များပါ ပါဝင်ခဲ့ကြသည်။ ပြည်ပကျူးကျော်ရန်ကို ကာကွယ်ရာတွင်လည်းကောင်း၊ နိုင်ငံ၏ဩဇာအာဏာကို ချဲ့ထွင်ရာတွင်လည်းကောင်း တစ်စည်းတစ်လုံးတည်း ဆောင်ရွက်ခဲ့ကြခြင်းဖြင့် အရှေ့တောင်အာရှ၏ ပင်မကုန်းမြေနိုင်ငံများတွင် အကြီးဆုံးသောနိုင်ငံကို တည်ထောင်နိုင်ခဲ့ ခြင်းဖြစ်သည်။
မြန်မာနိုင်ငံကို
အင်္ဂလိပ်တို့ကအုပ်ချုပ်ရာတွင် ခွဲခြားအုပ်ချုပ်ခြင်းဖြင့် သွေးကွဲစေခဲ့သည်။ မြေပြန့်နှင့်
ကမ်းရိုးတန်းတို့ကို တိုက်ရိုက်အုပ်ချုပ်ခဲ့ပြီး တောင်တန်းဒေသများကိုမူ ဖွံ့ဖြိုးတိုးတက်မှုမရှိသေး၊
ယဉ်ကျေးမှုနိမ့်ကျနေသေးသည်စသည့် အကြောင်းပြချက်များဖြင့် ပဒေသရာဇ်အုပ်ချုပ်ရေးစနစ်အတွင်း
ဆက်လက်ထားရှိကာ သွယ်ဝိုက်အုပ်ချုပ်ခဲ့သည်။ ပဒေသရာဇ်လူတန်းစားအထက်တန်းလွှာများကို အနောက်တိုင်းယဉ်ကျေးမှု၊
အနောက်တိုင်းပညာရေးတို့နှင့် ထိတွေ့ရင်းနှီးစေကာ တစ်ချိန်က အဆိုပါပဒေသရာဇ်တို့ စံထားခဲ့ကြသည့်
မြန်မာ့ယဉ်ကျေးမှုမှ ခွဲထုတ်ခဲ့ကြသည်။ တောင်တန်းဒေသများတွင် ပဒေသရာဇ် အုပ်ချုပ်ရေးစနစ်
ဆက်လက်တည်ရှိနေခဲ့ခြင်း၊ ပြည်မနှင့်လည်း နိုင်ငံရေးအရ အဆက်အသွယ် ဖြတ်ထားခဲ့ခြင်းတို့ကြောင့်
နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုတွင် နောက်ကျခဲ့ရသည်။ ဗိုလ်ချုပ် အောင်ဆန်းနှင့်တကွ ပြည်မမှ
နိုင်ငံရေးသမားများ၊ တောင်တန်း ဒေသမှ တိုးတက်သောလူငယ်များက မြန်မာနိုင်ငံ လုံးဝလွတ်လပ်
ရေးအတွက် ကြိုးပမ်းချိန်တွင် နယ်ချဲ့အရာရှိတို့က တောင်တန်းပဒေသရာဇ်တို့အကြား သွေးကွဲစေရန်နှင့်
သံသယစိတ်များဖြစ်ပေါ်စေရန် အစွမ်းကုန်အားထုတ်ခဲ့ကြသည်။ အဆိုပါသံသယများကြောင့်ပင် လွတ်လပ်ရေးရပြီးကာလ
လက်နက်ကိုင်ပဋိပက္ခများ ပေါ်ပေါက်ခဲ့ရခြင်းဖြစ်သည်။
ယခုအခါ
မိမိတို့နိုင်ငံ လွတ်လပ်ရေးရရှိခဲ့သည်မှာ စိန်ရတုကာလကိုပင် ကျော်လွန်လာခဲ့ပြီဖြစ်သော်လည်း
လက်နက်ကိုင်ပဋိပက္ခသံသရာက မဆုံးနိုင်သေး။ စင်စစ်အရှေ့တောင်အာရှ နိုင်ငံများတွင် လက်နက်ကိုင်ပဋိပက္ခ
မကင်းသောနိုင်ငံမှာ မိမိတို့ တစ်နိုင်ငံတည်းသာမဟုတ်။ သို့ရာတွင် အဆိုပါနိုင်ငံတို့မှာ
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ထိခိုက်လောက်အောင် မဖြစ်သောကြောင့် ဖွံ့ဖြိုးတိုးတက်လာကြသည်။
မည်သည့်နိုင်ငံမှ လူမျိုးတစ်မျိုး တည်း နေထိုင်ခြင်း မဟုတ်သော်လည်း မိမိတို့နိုင်ငံမှာကဲ့သို့
ပဋိပက္ခများဖြစ်မနေ။ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းတစ်ခုတွင် “တခြားနိုင်ငံများကို
ကြည့်လိုက်ရင် မြန်မာပြည်မှာလို တိုင်းရင်းသားလူမျိုး အများရှိတာကိုတွေ့နိုင်ပါတယ်။
တရုတ်ပြည်၊ ဂျပန်ပြည်နဲ့ ရုရှားပြည်တို့မှာလည်း သည်အတိုင်းပဲ။ အမေရိကန်ပြည်မှာလည်း
အင်္ဂလိပ်စကားကို ပြောကြသော်လည်း အင်္ဂလိပ်၊ အီတလီစတဲ့ လူအမျိုးမျိုးတို့စုပေါင်းပြီး
လူမျိုးတစ်မျိုးဖြစ်အောင် ထူထောင်ပြီး၊ သူတို့ကိုယ်ကို အမေရိကန်လို့ဆိုကြတာပဲ။ ဒါကြောင့်
လူမျိုးရေးအားဖြင့်ကြည့်ရင် လူမျိုးတစ်မျိုးတည်းကို လိပ်ခဲတည်းလည်းစွဲပြီးယူဆလို့မဖြစ်နိုင်ဘူး” ဟူ၍
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးတရား မိန့်ကြားခဲ့ဖူးသည်။
မျက်မှောက်ကာလတွင်
မိမိတို့နိုင်ငံသူနိုင်ငံသား၊ တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးက နိုင်ငံတစ်ဝန်းလုံး
ညီညွတ်ရေး၊ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်ရယူလိုကြသည်။ နိုင်ငံတွင်
ဖြစ်ပေါ်နေသည့် ကွဲပြားခြားနားမှုများ၊ ပဋိပက္ခများ၊ မတည်ငြိမ်မှု၊ မငြိမ်းချမ်းမှုများကို
ငြီးငွေ့စိတ်ကုန်နေကြသလို လက်နက်ကိုင်ပဋိပက္ခများ၏ ဘေးဒဏ်၊ ဓားစာခံများလည်း မဖြစ်လိုကြတော့ပြီဖြစ်ရာ
နိုင်ငံအတွင်း တိုက်ခိုက်သတ်ဖြတ်မှု များ ဖြစ်ပေါ်အောင် သွေးထိုးမှု၊ လှုံ့ဆော်မှုများ၊
ကူညီမှု၊ ထောက်ပံ့ မှုများနှင့် လက်နက်ကိုင်ပဋိပက္ခ ဖော်ဆောင်သူ လိုလားသူ အပေါင်းတို့အား
ပြည်သူတစ်ရပ်လုံး၏ စွမ်းအားဖြင့် စုပေါင်း ဆန့်ကျင်ကြရပါမည့်အကြောင်း။ ။
No comments:
Post a Comment